Monday, June 22, 2009

မန္တလေးသို့ ရောက်ခဲ့သည်


တစ်နေ့က အလုပ်ကိစ္စတစ်ခုနဲ့ မန္တလေးသွားခဲ့ပါတယ်။ ပူလိုက်တာဗျာ။ နေစရာမရှိဘူး။ ချွေးစေးတွေထွက်၊ ဖုန်တွေကပ်နဲ့ အတော်ကို နေရထိုင်ရတာ ကသိကအောက်ကြီးပါ။ ခေတ္တတည်းခိုတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အင်တာနက်ကဖေးကိုရောက်တော့မှ နည်းနည်းသက်သာသွားတယ်။ လေအေးပေးစက်ကလေးနဲ့ ငြိမ့်တာကိုး။ အင်တာနက်ကဖေးက နည်းနည်းလေးကျယ်တော့ လေအေးပေးစက်ကလေး (၃)လုံးက မနိုင်ရှာပါဘူး။ ပန်ကာတွေပါ ဖွင့်ထားရတာကို တွေ့ရတယ်။ ကဖေးမှာတော့ လူအတော်လေးများတာ တွေ့ရတယ်။ လူငယ်၊ လူလတ်၊ လူကြီးအစုံပါပဲ။ လူကြီးပိုင်းပိုများတယ်လို့ပြောရမယ်။ တိုးရစ်တွေလည်း အင်တာနက်သုံးနေတာ တွေ့ရတယ်။ အင်တာနက်သုံးခ ဘယ်လိုယူလဲမေးကြည့်တော့ တစ်နာရီကို မြန်မာငွေ ၆၀၀ ကျပ်တဲ့။ ကျွန်တော် နည်းနည်းဖြုံသွားတယ်။ မန္တလေးမှာ အင်တာနက်သုံးခ အဲဒီလောက်ပေးရမယ်လို့ မထင်ဘူးလေ။ ရန်ကုန်မှာ အခုဆိုရင် တစ်နာရီ ၂၅၀ ကျပ်ဆိုတဲ့ ဆိုင်တွေတောင် ရှိနေကြပြီ။ အဲဒါနဲ့ မိတ်ဆွေကိုမေးကြည့်တော့ သူတို့လည်း ဈေးလျှော့ဖို့ စဉ်းစားနေပါတယ်တဲ့။ သူတို့နဲ့ တစ်လမ်းကျော်မှာလည်း အင်တာနက်ဆိုင်တွေရှိပါတယ်တဲ့။ အဲဒီမှာဆိုရင် တစ်နာရီကို ၄၀၀ ကျပ်ပဲ ပေးရပါသတဲ့။ ဒါပေမယ့် အေးအေးဆေးဆေး သုံးချင်တဲ့လူတွေကတော့ ဒီဆိုင်ကို လာကြတာပါပဲတဲ့။ အများအားဖြင့် တရုတ်တွေ၊ စာလာရှာတဲ့ ကျောင်းသားတွေ၊ တိုးရစ်တွေ၊ ပြည်ပကို ဖုန်းခေါ်ချင်တဲ့ လူကြီးပိုင်းတွေ လာသုံးကြပါတယ်တဲ့။
နောက်သူပြောတာတစ်ခုက စိတ်ဝင်စားစရာကောင်းသလို၊ ရယ်စရာလည်းကောင်းပါတယ်။ သူတို့ ဈေးမလျှော့ရတဲ့အကြောင်းတစ်ခုလည်း ရှိပါသေးတယ်တဲ့။ တစ်ချို့က အင်တာနက်မသုံးဘဲ ဆိုင်မှာလာအိပ်နေတာတွေ ရှိလို့တဲ့။ ဘာကြောင့်လဲဆိုတော့ အပြင်မှာပူလို့ အင်တာနက်ကဖေးမှာ အဲယားကွန်းလေးနဲ့ အေးအေးဆေးဆေးလာအိပ်တာပါတဲ့။ မှတ်သားစရာပါလားလို့ စိတ်ထဲမှာ တမိပါတယ်။
ဒါနဲ့ ညနေမြန်မြန်ရောက်ပါစေဆုတောင်းပြီး တစ်နေကုန် သည်းခံနေရပါတယ်။ ညနေခင်းနေစောင်းတော့ အပူရှိန်က ကျသွားပါတယ်။ ဒါပေမယ့် မီးကမလာတော့ ဆိုင်ပိတ်ချိန်မှာ မီးစက်လေးပိတ်သွားတဲ့အတွက် အဲယားကွန်းတွေ အလုပ်မလုပ်တော့ပါဘူး။ စိုးလိုက်တဲ့ ခံစားမှုဗျာ။ အပူခန်းအောင်းနေရသလိုပါပဲ။ အခန်းထဲမှာ ပူလောင်အိုက်စက်ပြီး အပြင်ထွက်မှပဲ အေးတော့တယ်။ လမ်းပေါ်မှာက လေအေးလေးတွေတိုက် အတော်လေးကို နေလို့ထိုင်လို့ကောင်းပါတယ်။ မန္တလေးကလူတွေရဲ့ ဒုက္ခမလွယ်ပါလားလို့ တစ်ရက်တည်းနဲ့ သိလိုက်ပါတယ်။ အဲဒီလိုမလွယ်တဲ့ကြားထဲမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ မန်းသူမန်းသားတွေကိုလည်း ချီးကျူးမိပါတယ်။
လမ်းလျှောက်ရင်း လက်ဘက်ရည်ဆိုင်သွားကြပါတယ်။ လက်ဘက်ရည်သောက်ရင်း စိတ်ဝင်စားစရာ ဆိုင်းဘုတ်တစ်ခုကိုတွေ့ပါတယ်။ လက်ဘက်ရည်ဆိုင်မှာ ရေးထားတာပါ။
၂၁.၆.၂၀၀၉ ရက်နေ့မှစ၍ ပါဆယ်လာဝယ်သောသူများ
ထည့်စရာ ဂျိုင့်၊ ခွက်များ
ယူဆောင်လာကြပါရန် တဲ့။
ပလတ်စတစ်ကင်းစင်သော မန္တလေးမြို့တော်ဖြစ်ရေး စီမံချက်အရ မဖြစ်မနေတင်လိုက်ကြရတဲ့ ဆိုင်းဘုတ်ဖြစ်ပုံ ရပါတယ်။ ကျွန်တော်နည်းနည်းတော့ စဉ်းစားမိပါတယ်။ ပလတ်စတစ်ဟာ ပတ်ဝန်းကျင်ကို ဒုက္ခပေးတာ မှန်ပါတယ်။ လူကို အန္တရာယ်ဖြစ်စေတာလည်း မှန်ပါတယ်။ ဒါပေမယ့် အဲဒီအမိန့်ရဲ့ နောက်ကွယ်မှာ လိုက်ပါဆောင်ရွက်မှု ရှိမရှိနဲ့ မလိုက်နာသေးတဲ့လူတွေကို ဘယ်လိုစည်းရုံးရမလဲ၊ ဘယ်လိုပညာပေးရမလဲ နောက်ဆုံး ဘယ်လိုအရေးယူရမလဲဆိုတဲ့ စီမံချက်ရှိရပါမယ်။ အခု ကျွန်တော်မြင်တာတော့ အဲဒီဆိုင်းဘုတ်ဟာ ဖတ်မိတဲ့လူတိုင်းကို ပြုံးစေရုံကလွဲပြီး ဘာမှ ထူးခြားမှုမရှိဘူးလို့ မြင်ပါတယ်။ လာဝယ်တဲ့လူကလည်း လက်ဘက်ရည်ပါဆယ် ဘယ်နှခွက်၊ ဘာမုန့်ဘယ်နှခု မှာလိုက်တယ်။ ဆိုင်ကလည်း မှာတဲ့ဟာကို ပလတ်စတစ်နဲ့ ထည့်ပေးလိုက်တယ်။ အေးဆေးပါပဲ။ ရောင်းသူဝယ်သူ ဘာပြဿနာမှ မရှိပါဘူး။ သေချာတာကတော့ အဲဒီ ၀ယ်သူရော၊ ဆိုင်ရှင်ရောဟာ ပလတ်စတစ်ရဲ့ အန္တရာယ်၊ ပလတ်စတစ်ရဲ့ ဆိုးကျိုးကို သေသေချာချာ မသိနားမလည်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေကလေ တိုးတက်ပြီးသား သူများနိုင်ငံတွေဆိုရင် သိပ်ပြီး အားကျကြတာပဲ။ ဒါပေမယ့် သူတို့လူမျိုးတွေ ဘယ်လိုစရိုက်ကောင်းတွေရှိတယ်၊ ဘယ်လိုစည်းစနစ်ရှိတယ်ဆိုတာကိုကျ အတုယူရကောင်းမှန်း အတုခိုးရကောင်းမှန်း မသိကြပါဘူး။ မြန်မာတွေကို နှိမ်တာမဟုတ်ပါဘူး။ ကျွန်တော်လည်း မြန်မာပါပဲ။ ကောင်းစေချင်တဲ့ ကရုဏာဒေါသောပါ။ အခုလည်း သူများနိုင်ငံတွေမှာ ပလတ်စတစ်ဆန့်ကျင်ရေး လုပ်နေတာ အတော်တောင် အရှိန်ရနေပြီ။ ကျွန်တော်တို့ဆီက ပလတ်စတစ်ရဲ့ ဆိုးကျိုးကို သေချာကို မသိသေးတာပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာကို အဲဒီအကြောင်းအရာကို သေချာနားမလည်တာတွေ ရှိနေသေးတယ်။ ကြုံကြိုက်ရင် ကျွန်တော်ကတော့ ဆရာမ ဂျူးရဲ့ စောင့်နေမယ်လို့ မပြောလိုက်ရဘူး ၀တ္ထုကို ဖတ်ခိုင်းလိုက်ပါတယ်။ အဲဒီအထဲမှာ ပလတ်စတစ်ဆန့်ကျင်တဲ့ ဇာတ်ကောင်တစ်ယောက် ပါလို့ပါ။ ၀တ္ထုကလည်း အတော်လေးကောင်းပါတယ်။ လူငယ်တွေ ဖတ်သင့်တဲ့ဝတ္ထုလေးပါ။ ထွက်တာတောင် အတော်ကြာသွားပါပြီ။ တစ်နှစ်ခွဲလောက်များ ရှိပြီလား မပြောတတ်ပါ။ ဒါက လက်ဘက်ရည်ဆိုင် ထိုင်နေရင်း ကျွန်တော်တွေးမိတာတွေပါ။ အတွေးကရှည်တဲ့အတွက် စာကရှည်သွားပါတယ်။ ခွင့်လွှတ်ပါ။
ညပိုင်းအိပ်ယာဝင်တော့လည်း အဆင်မပြေပါဘူး။ ဆိုင်ကလူတွေက ခြင်ထောင်ထုတ်ပေးမယ်ဆိုတာကို အားနာလွန်ပြီး ရပါတယ်လုပ်လိုက်တာ။ တစ်ညလုံး ကောင်းကောင်းမအိပ်လိုက်ရပါဘူး။ လူကပူအိုက်၊ ခြင်က တ၀ီဝီနဲ့။ မနက်မိုးမြန်မြန်လင်းပါစေဆုတောင်းလိုက်ရတာ ပြောမနေပါနဲ့တော့။ နိုးလိုက် မှောင်သေးတာနဲ့ အိပ်လိုက်လုပ်လိုက်တာ တစ်ညတည်းတင်ကို ၅ ခါလောက် နိုးဖြစ်ပါတယ်။ အိပ်ယာဝင်ပြီဆိုတာနဲ့ တစ်ရေးမှ မနိုးတတ်တဲ့ ကျွန်တော်ဟာ တကယ့်ကို စံချိန်တင် ခဏခဏ ထထိုင်ရတာပါပဲ။ တကယ့်ကို အမှတ်တရပါ။
မနက် ၅ နာရီခွဲတော့ မိုးစင်စင်လင်းနေပြီ။ ဘယ်လိုမှ အိပ်လို့မရဘူး။ အိပ်ယာထပြီး ရေချိုးပစ်လိုက်ပါတယ်။ ကောင်းလိုက်တဲ့အရသာဗျာ။ ရေချိုးပြီးလို့ အင်္ကျီပြန်ဝတ်တဲ့အချိန်ကျမှ ပြဿနာတက်တယ်။ အခုပဲ ရေချိုးပြီး ပြန်ထွက်လာတယ်။ အခုချက်ချင်းကို ပြန်အိုက်တော့တာပဲဗျို့။ ဟူး............ မလွယ်ပါဘူးဗျာ။ တော်သေးတာပေါ့ မန္တလေးမှာ တာဝန်မကျလို့။ အဲဒီက ရာသီဥတုနဲ့သာ နေရရင် မလွယ်လောက်ဘူး။ လမ်းထိပ်ထွက် မနက်စာစားပါတယ်။ ဘာစားမလဲဆိုတော့ မစားရတာကြာပြီဖြစ်တဲ့ နန်းကြီးသုတ် မှာလိုက်ပါတယ်။ ဆီချေးစော်လား၊ ဖွဲနုဆီနံ့လားမသိတဲ့ အနံ့ပါတဲ့ နန်းကြီးသုတ်ကိုစားပြီး ကျွန်တော် အတော်စိတ်ညစ်သွားတယ်။ လက်ဘက်ရည်ကတော့ ကောင်းလို့တော်ပါသေးတယ်။
နေလေးနည်းနည်းမြင့်လာတော့ ဈေးချိုမှာ ဈေးဝယ်ပါတယ်။ ဟိုဝယ်ဒီဝယ်ပေါ့ဗျာ။ ဈေးဝယ်တာထက် လျှောက်ကြည့်တာဆို ပိုမှန်ပါမယ်။ လူတွေအတော်များတာပဲဗျာ။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ကျွန်တော် ကျောင်းတက်ခဲ့စဉ်တုန်းကနဲ့ လုံးလုံးမတူတော့တဲ့ ဈေးချိုကို တွေ့ရပါတယ်။ စာလေးသွားမှာစိုးတဲ့အတွက် ဘာတွေမတူလဲဆိုတာ နောက်မှ သီးသန့်ရေးတော့မယ်။ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ ဈေးချိုထောင့်က ယာဉ်ထိန်းရဲတွေရှေ့မှာ ဆိုင်ကယ်ဦးထုပ်လေးတွေ ဆောင်းပြီး အရီးတောင်းဘက်သွားတဲ့ လမ်းလောက်လည်းရောက်ရော ဦးထုပ်လေးတွေ ချွတ်လိုက်တာ တွေ့လိုက်ရပါတယ်။ အိုဘယ့်.........မြန်မာတွေ လို့သာ တလိုက်မိပါတော့တယ်ဗျာ။

No comments:

Post a Comment

 
Web Statistics