Sunday, June 28, 2009

ဗိုလ်လုမယ့် ပြိုင်ဘက်ကို စင်ပေါ်ကစောင့်နေတဲ့ ရတနာပုံ



ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့သည့် ရတနာပုံအသင်း
Okkthar United 0 : 2 Yadanarbon

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အမှတ်(၂၅)အဖြစ် ယနေ့ ၂၈-၆-၂၀၀၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့ကြသော ဥဿာယူနိုက်တက် နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် အများမျှော်လင့်ထားသည့်အတိုင်း ရတနာပုံအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိအောင် ခြေစွမ်းပြကစားကာ ဗိုလ်လုပွဲဖြင့် ထိုက်တန်ကြောင်း သက်သေပြသသွားခဲ့သည်။ ရတနာပုံအသင်းမှာ ဥဿာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သော မြန်မာနေရှင်နယ်လိဂ် ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုံးသော ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိသည့် အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ထို့ပြင် ယနေ့ပွဲတွင် နှစ်ဂိုးသွင်းယူသွားခဲ့သော ရတနာပုံ တိုက်စစ်မှူး ရန်ပိုင် သည်လည်း စုစုပေါင်းသွင်းဂိုး (၅)ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဆု ရရှိရန် အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်သည်။
ဥဿာယူနိုက်တက်အသင်းမှာ လူငယ်အများစုကို အခြေခံဖွဲ့စည်းထားသဖြင့် ကစားအား၊ သက်လုံ၊ ကြံ့ခိုင်မှု၊ လျင်မြန်မှု တို့တွင် ကောင်းမွန်သော်လည်း အတွေ့အကြုံနှင့် သမ္ဘာရင့်ကစားသမားများပါဝင်သော ရတနာပုံအသင်းကိုမူ ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ နိုင်ငံခြားသားကစားသမားများ အများဆုံးငှားရမ်းထားပြီး ပြိုင်ပွဲတွင်လည်း အများဆုံး ထည့်သွင်းအသုံးပြုသွားသည့် ရတနာပုံအသင်းသည် ပရော်ဖက်ရှယ်နယ်အသင်းတစ်သင်းပီသကြောင်း ခြေစွမ်းပြ ကစားသွားနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲစဉ်(၇)ပွဲလုံး ကစားပြီးသွားသည်အထိ ရှုံးပွဲလုံးဝမရှိအောင် နည်းပြပေးနိုင်ခဲ့သည့် ပြင်သစ်လူမျိုးနည်းပြ မစ္စတာ ရိုဟန် ကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။
ရတနာပုံအသင်းအနေဖြင့် ပွဲစဉ်တစ်လျှောက်တွင် ယခုကဲ့သို့ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်း အကြောင်းရင်းကို သုံးသပ်ရလျှင် ငှားရမ်းထားသည့် နိုင်ငံခြားကစားသမားများအားလုံး အသင်းနှင့် အံဝင်ဂွင်ကျ ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားအသင်းများတွင် နိုင်ငံခြားကစားသမားများအနေဖြင့် အသင်းများနှင့် အံမ၀င်မှုများ၊ ကြံ့ခိုင်မှုမပြည့်ဝခြင်းများ၊ ကျန်းမာရေးအခြေအနေကြောင့် အနားယူနေရခြင်းများ ရှိခဲ့သော်လည်း ရတနာပုံအသင်းမှ နိုင်ငံခြားကစားသမားများ အားလုံးအနေဖြင့် ပွဲစဉ်တိုင်းတွင် မိမိနေရာအလိုက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ရတနာပုံအသင်း ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်များတွင် ပွဲစဉ်အလိုက် အကောင်းဆုံးဆု ရရှိခဲ့သော နိုင်ငံခြားကစားသမားများမှာ- ဆောက်သင်းမြန်မာနှင့် ပွဲစဉ်တွင် အကောင်းဆုံးဆုကို ရတနာပုံအသင်းမှ ဂနိုစီရန် ကလည်းကောင်း၊ ကမ္ဘောဇနှင့် ပွဲစဉ်တွင် အကောင်းဆုံးဆုကို ရတနာပုံအသင်းမှ ဘာဘို ကလည်းကောင်း အသီးသီး ရရှိထားသည်ကို တွေ့ရသည်။
ယနေ့ပွဲတွင် ရတနာပုံအသင်း အနိုင်ရရှိသွားသဖြင့် ကမ္ဘောဇအသင်းမှာ ဗိုလ်လုပွဲတက်ခွင့် ဆုံးရှုံးသွားရပြီဖြစ်သည်။ ထိုသို့သော အခြေအနေသည် စိတ်ဝင်စားစရာပင်ဖြစ်သည်။ ပွဲကျန်အားလုံးကို အနိုင်ရရှိလျှင်ပင် ဗိုလ်လုပွဲသို့ တက်ရောက်ရန် မဖြစ်နိုင်တော့သည့် ကမ္ဘောဇအသင်းအနေဖြင့် သုံးရက်အတွင်း ပွဲစဉ်နှစ်ခု ယှဉ်ပြိုင်ကစားရမည့် အခြေအနေပေါ်တွင် မည်သို့စီစဉ်ဆောင်ရွက်သွားမည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် မကွေးအသင်းနှင့်ပွဲစဉ်သည် အသင်းသုံးသင်းအတွက် စိတ်ဝင်စားစရာ ကောင်းနေသောကြောင့်ဖြစ်သည်။ ထိုအသင်းများမှာ ဗိုလ်လုပွဲရောက် ရတနာပုံအသင်း၊ ဗိုလ်လုပွဲတက်ခွင့်ရမရကို မကွေးအသင်း၏ ရလဒ်အားစောင့်ကြည့်နေရသည့် ရန်ကုန်အသင်းနှင့် ဗိုလ်လုပွဲတက်ခွင့်အတွက် ဖောင်ဖျက်ရတော့မည့် မကွေးအသင်းတို့ဖြစ်သည်။
ရတနာပုံအသင်းအနေဖြင့် ဗိုလ်လုပွဲသို့ မကွေးအသင်းသာ တက်လာစေချင်မည်ဟု ထင်မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်အသင်းနှင့် ဗိုလ်လုရပါက အိမ်ကွင်းပရိသတ်အားအနေဖြင့် ရန်ကုန်အသင်းကို မည်သို့မျှ မီနိုင်မည်မဟုတ်ပါပေ။ ထို့အတွက် နယ်အသင်းချင်းဖြစ်သည့်အပြင် အုပ်စုပွဲစဉ်တွင် အနိုင်ရရှိထားခဲ့သော မကွေးအသင်းနှင့်သာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရန် ဆန္ဒရှိလိမ့်မည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ရန်ကုန်အသင်းကမူ မကွေးအသင်း ခြေချော်လက်ချော်ဖြစ်မည်လား၊ အနိုင်ရမည်လားဆိုသည်ထက် ထိုပွဲစဉ်တွင် မကွေးအသင်း (၃)ဂိုးနှင့်အထက် ဂိုးပြတ်ဖြင့် အနိုင်မရရန်သာ ဆုတောင်းနေမည်ထင်ပါသည်။ မကွေးအသင်း အနိုင်ရရှိခဲ့ပါက ရန်ကုန်အသင်းနှင့် အမှတ်တူဖြစ်သွားမည်ဖြစ်သော်လည်း ဂိုးကွာခြားချက်ဖြင့် ဗိုလ်လုပွဲတက်ခွင့်ကို ဆုံးဖြတ်ရမည့်အခြေအနေဖြစ်လာမည်ဖြစ်သည်။ အကယ်၍သာ မကွေးအသင်းက ကမ္ဘောဇအသင်းကို နှစ်ဂိုးပြတ်ဖြင့်သာ အနိုင်ရရှိခဲ့ပါက ဂိုးကွာခြားချက်တူသော်လည်း သွင်းဂိုးအရေအတွက် သာလွန်သည့် ရန်ကုန်အသင်း ဗိုလ်လုပွဲတက်ခွင့်ရရှိမည်ဖြစ်သည်။
မကွေးအသင်းအနေဖြင့် ပွဲပန်းနေပြီး ဒဏ်ရာရကစားသမား များပြားနေသော ကမ္ဘောဇအသင်းကို အနိုင်ရရှိရန် မခက်ခဲဟု မြင်မိသော်လည်း အနည်းဆုံး (၃)ဂိုးပြတ်ရန်မူ စဉ်းစားစရာဖြစ်နေပေသည်။ ကမ္ဘောဇအသင်းအနေဖြင့်လည်း အနိုင်မရလျှင်သော်မှ ထိုမျှလောက် ဂိုးပြတ်ရှုံးရန်မှာမူ မဖြစ်နိုင်ဟု မြင်မိပါသည်။ ထို့ကြောင့် မကွေးအသင်းနည်းပြ ဦးကြည်လွင်အနေဖြင့် မည်ကဲ့သို့ ဖောင်ဖျက်၍ တိုက်ပွဲဝင်မည်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။ မကွေးအသင်းအတွက် ထိုးနှက်ချက်တစ်ရပ်မှာ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားခဲ့သော တိုက်စစ်မှူး စည်သူဝင်းကို ဆုံးရှုံးရခြင်းဖြစ်ပါသည်။ ရတနာပုံအသင်းနှင့်ပွဲစဉ်တွင် ခြေသလုံးရိုးကျိုးသွားခဲ့သော စည်သူဝင်းအစား မည်သည့်တိုက်စစ်မှူးက အစားထိုး၍ မကွေးအသင်းကို ကယ်တင်မည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်ရတော့မည် ဖြစ်ပါသည်။
ပထမဆုံးသော မြန်မာနေရှင်နယ်လိဂ်ဖလားသည်................
နန်းရိပ်၊ နန်းဟန်၊ နန်းငွေ့များထုံလွှမ်းနေသည့် ရတနာပုံမန္တလေးသို့လိုက်ပါကာ ကျုံးရေသောက်၍ မန္တလေးတောင်ခြေရိပ်တွင် ခိုဝင်နားနေမည်လား..............
မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်မြေတွင်ပင် အင်းလျားရေသောက်၍ ပြည်သူ့ရင်ပြင်တွင် ခိုဝင်နားနေမည်လား...............
နေပူပူဖန်ခါးမြေ မကွေးဒေသသို့ လိုက်ပါကာ ဧရာဝတီမြစ်ရေကြည်ကိုသောက်စို့၍ မြသလွန်ခြေတော်ရင်းတွင် ခိုဝင်နားနေမည်လား.....................
ဆိုသည်ကတော့.................. မကြာမီ............ လာမည်.................. မျှော်............. ပေါ့ခင်ဗျာ...............

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဇွန်လ ၂၈ ရက်။

No comments:

Post a Comment

 
Web Statistics