Tuesday, July 28, 2009

Letter to the Editor (The Voice Journal)


ဒီအပတ်ထုတ် The Voice Weekly ဂျာနယ် အတွဲ(၅) အမှတ်(၃၈) Letter to the Editor ကဏ္ဍတွင်ဖော်ပြထားသော ပေးစာတစ်စောင်ကို အခြားသူများလည်း ပြန်လည်ဖတ်ရှုစေချင်သည့်အတွက် ပို့စ်အဖြစ် တင်ပေးလိုက်ပါသည်။ အောက်တွင်ဖော်ပြထားသည်များအားလုံးသည် အဆိုပါဂျာနယ်တွင် ဖော်ပြထားသည့်အတိုင်း ၏ သည် မရွေး ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

 

အယ်ဒီတာခင်ဗျား

မကြာမီ အသစ်ဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးပြောင်းလဲမှုတွင်ရော နောင် နိုင်ငံရေးခရီးတစ်လျှောက်တွင်ပါ မီဒီယာ၊ ပြည်သူ၊ နိုင်ငံရေးပါတီဟူသော လူ့အဖွဲ့အစည်းများသည် အရေးအကြီးဆုံး အခန်းကဏ္ဍများမှ ပါဝင်နေကြမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါ လူ့အဖွဲ့အစည်းသုံးရပ်နှင့် ပတ်သက်၍ လက်ရှိအခြေအနေအပေါ် စာရေးသူအမြင်ကို တင်ပြချင်ပါသည်။

မီဒီယာ

ယနေ့မီဒီယာကဏ္ဍ (အထူးသဖြင့် ပုံနှိပ်မီဒီယာ) များသည် မကြာမီဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးသစ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အစွဲကင်းကင်းနှင့် တတ်အားသမျှ ရေးသားတင်ပြလျက် ရှိကြသည်။ ဤသည်မှာ မီဒီယာသမားများအနေဖြင့် ဆောင်ရွက်နိုင်သမျှ အမြင့်ဆုံးစွမ်းဆောင်နေခြင်းဖြစ်သည်ဟု မြင်ပါသည်။ ထိုဆောင်ရွက်မှုများသည် အခြားလူ့အဖွဲ့အစည်းနှစ်ရပ်အတွင်း မည်သည့်အတိုင်းအတာအထိ အကျိုးသက်ရောက်သည်ကို ပြောဆိုရန် ခက်ခဲသော်လည်း မီဒီယာများဘက်မှတော့ မိမိတို့၏ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသည်ဟု အသေအချာပြောနိုင်ပါသည်။ သို့သော် ယခုအတိုင်းပင် မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်ရန်တော့ သတိချပ်ကြရလိမ့်မည် ထင်ပါသည်။

ပြည်သူ

၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲ ကျင်းပစဉ်က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း အထက်ရှိသည်ဟု သိရသည်။ ယခု ထိုအရေအတွက်ထက် ပိုမိုလာဖွယ်ရှိပါသည်။ သို့ဖြစ်၍ စာရေးသူအနေဖြင့် ထိုအရေအတွက်ကို ကိုယ်စားပြု၍ မည်သည့်အထောက်အထား၊ မည်သည့်စစ်တမ်းမှမရှိဘဲ မှတ်ချက်ပြု ပြောဆိုရန်တော့ ဖြစ်နိုင်မည်မဟုတ်ပါ။ သို့သော် စာရေးသူ ထိတွေ့ဆက်ဆံမိသမျှ လူမှုပတ်ဝန်းကျင်အပေါ် တည်မှီသုံးသပ်၍ ပြောရပါမူ အများစုသည် နေ့စဉ်ပြုနေကျ လူမှုဘ၀များထဲတွင်သာ အမှုမဲ့စီးမျောလျက်ရှိနေကြသည်။ ထိုနိစ္စဓူဝဘ၀များထဲတွင် နိုင်ငံရေး ဟူသော ခေါင်းစဉ်တစ်ခု မပါသေးသည်ကတော့ အသေအချာပြောနိုင်မည်ထင်ပါသည်။ အမှန်တော့ သဘာဝကျပါသည်။ သူတို့ကိုယ်သူတို့ ငါတို့သည် နိုင်ငံရေးသတ္တ၀ါများဖြစ်ကြသည်၊ နိုင်ငံရေးသည် ငါတို့နှင့်လည်း သက်ဆိုင်သည် ဟူသော အသိကို ကာလကြာမြင့်စွာ သူတို့အသိအိမ်ထဲမှ ထုတ်ပယ်ထားခဲ့ကြသည် မဟုတ်ပါလား။ ထို့ပြင် နိုင်ငံရေးဆိုသည်မှာ မစားကောင်းသောအသီး၊ မတို့ထိကောင်းသောအရာဟူ၍လည်း စွဲစွဲမြဲမြဲ မှတ်ယူထားခဲ့ကြသည် မဟုတ်ပါလား။

သို့ဖြစ်၍ ပြည်သူများ၏ နိုင်ငံရေးအသိပညာရေချိန်ကို မြှင့်တင်ရန်မှာ ဦးဆုံး ထိုအမြင် ထိုအစွဲများကို ပြောင်းလဲပစ်ကြရပေလိမ့်မည်။ လောလောဆယ်တော့ ဘောလုံးစာမျက်နှာများပေါ်တွင်သာ ပျော်မွေ့နေကြပါလိမ့်ဦးမည်။ သတင်းများနှင့်သာ နစ်မြောသာယာနေကြပါလိမ့်ဦးမည်။ သို့သော် သိပ်ကြာမြင့်လှမည်မထင်ပါ။ သူတို့ကိုယ်သူတို့

- နိုင်ငံရေးတွင် သူတို့အမှန်တကယ် ပါဝင်လာရပြီပဲဟု သိမြင်လာသောအခါ...

- နိုင်ငံရေးသည် ယခင်ကာလများကကဲ့သို့ မစားကောင်းသောအသီး၊ မတို့ထိကောင်းသောအရာမဟုတ်ဟု ယုံကြည်စိတ်ချစွာ လက်ခံလာကြသောအခါ...

- သူတို့အဆုံးအဖြတ်၏ အကောင်း၊ အဆိုး၊ အကျိုးရလဒ်များကို သိရှိခံယူလာရသောအခါ...

ယခင်က စိတ်ဝင်စားဖွယ်မကောင်းဟုဆိုကာ ချန်လှပ်ထားခဲ့သော စာမျက်နှာများ၊ ဆောင်းပါးရှည်ကြီးများကို စိတ်လိုလက်ရ ပြန်လည်ဖတ်ရှုလာကြပါလိမ့်မည်။ စာမဖတ်နိုင်လျှင်သော်မှ အနည်းဆုံး ထိုအကြောင်းအရာများ ဆွေးနွေးနေသည့် စကားဝိုင်းများဆီသို့ စိတ်ဝင်တစား ချဉ်းကပ်လာကြတော့မည်ဖြစ်သည်။ အမှန်တော့ အဲသည်တော့မှပင် Capacity Building အစပျိုးခြင်းဖြစ်သည်ဟု ပြောနိုင်မည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများ

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်နှင့် တစ်ခုထက်ပိုသော နိုင်ငံရေးပါတီများ မလွဲမသွေပါဝင်လာမည်ဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင် တရားဝင်နိုင်ငံရေးပါတီများ ရှိနေသကဲ့သို့ မကြာမီနိုင်ငံရေးပါတီသစ်များကလည်း ပေါ်ထွက်လာဖွယ်ရှိပါသည်။ ထိုထိုသော နိုင်ငံရေးပါတီများသည် ၂၀၁၀ ပြည့်နှစ်ထဲတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ကြပါလိမ့်မည်။ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်း မသေချာသော နိုင်ငံရေးပါတီများလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးပါတီများအနေဖြင့် ယခုအချိန်သည်

- ပြည်သူများက အတည်ပြုပြဌာန်းထားပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် တွေဝေနေရမည့်၊ အငြင်းပွား နေကြရမည့် အချိန်မဟုတ်

- ပြည်သူများထက်ပို၍ အလေးဂရုပြုရမည့်အချိန်ဖြစ်သည်ဟု ထင်မြင်ပါသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ စာရေးသူ၏ အတွေ့အကြုံတစ်ခုကို သာဓကပြုတင်ပြလိုပါသည်။ စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် လက်ရှိတရားဝင်နိုင်ငံရေးပါတီတစ်ခုတွင် အလုပ်သမားထုအတွင်း စည်းရုံးရေးလုပ်ငန်း၌ မြို့နယ်အဆင့် တာဝန်အရှိဆုံးသူတစ်ဦး ဖြစ်ပါသည်။ ဘွဲ့ရပညာတတ် တစ်ဦးလည်းဖြစ်ပါသည်။ တစ်နေ့သူ့အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးကြည့်မိပါသည်။ အမှန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြို့နယ်များကို အခြေခံသည့် လွှတ်တော်များရှိပေရာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီတစ်ရပ်အနေဖြင့် ထိုအခြေခံဥပဒေအရ မည်သို့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ကို သိလို၍ ဖြစ်ပါသည်။ သို့သော် မိတ်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်းကောင်းလေ့လာထားပုံမရကြောင်း တွေ့ရှိလိုက်ရသည်။

နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံရေးဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုနိုင်ငံရေးပါတီတွင် ပါဝင်နေကြသူများသည်လည်း ပါတီနိုင်ငံရေးကို စိတ်ဝင်စားကြသည်ဖြစ်၍ ပါဝင်လာကြခြင်းဖြစ်သည်။ ထိုသို့ ပါဝင်လာကြပြီဆိုပါလျှင် (အထူးသဖြင့် ပါတီတာဝန်ကြီးကြီးယူထားကြသူများ) ပြည်သူများထက်တော့ နိုင်ငံရေးအသိအမြင် ကြွယ်ဝနေရန် အားထုတ်နေသင့်သည် ထင်ပါသည်။ အနည်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ကျေညက်အောင် အလေ့အလာရှိသင့်သည် ထင်ပါသည်။

အလျဉ်းသင့်၍ ၁၉၈၉ ခုနှစ်ခန့်က သုတေသီတစ်ဦး ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် အခြေခံဥပဒေကို လေ့လာသော အလေ့အထဟူ၍ နိုင်ငံရေးပါတီများတွင် မရှိခဲ့ကြချေ။ အကြင်သူတစ်ဦးသည် အခြေခံဥပဒေစကားလေး တစ်ခွန်း၊ နှစ်ခွန်းပြောမိလျှင်ပင် အရေခြုံနိုင်ငံရေးခေတ်တွင် အမြင်ကတ်ခံရမည်မှာ တကယ်သေချာခဲ့သည်။

အခြေခံဥပဒေကို မရိုသေခဲ့ကြခြင်း တစ်နည်းဖြင့်ဆိုလျှင် အခြေခံဥပဒေကို မလေ့လာခြင်းတို့မှာ ကျွန်တော်တို့၏ အပြစ်တစ်ခု ဖြစ်ခဲ့ပါသည် ဟု ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုစကားသည် ပါလီမန်ဒီမိုကရေစီခေတ်အခါက နိုင်ငံရေးနှင့် နိုင်ငံရေးပါတီများကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယခုဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးခေတ်သစ်သည် ထိုစဉ်ကကဲ့သို့ အရေခြုံနိုင်ငံရေးခေတ်မျိုးတော့ ဖြစ်လာလိမ့်မည်မဟုတ်ပါ။ အရေခြုံနိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားကောင်းများ ရှိကောင်းရှိနိုင်သော်လည်း ခေတ်သစ်နိုင်ငံရေးစင်မြင့်တွင် ရေရှည်ရပ်တည်နိုင်ကြလိမ့်မည် မထင်ပါ။

ထို့ပြင် အချို့နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပင် ကိုယ်တိုင်ပါဝင်ခဲ့ကြသည်ဖြစ်၍ အမြင်ကတ်ခံရမည်ကို စိုးရိမ်တွန့်ဆုတ်နေစရာလည်း မရှိပါ။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားကြရန်၊ လေ့လာကြရန်သာ လိုအပ်ကြမည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီတစ်ခုတွင်

- အပြုသဘောဆောင်၍ တိကျသော နိုင်ငံရေးလမ်းစဉ်ရှိရမည်၊

- ကိုယ်စားပြု လူတန်းစားရှိရမည်

- ပြတ်သားသည့် နိုင်ငံရေးသဘောထားခံယူချက် ရှိရမည်ဟူ၍ စာရေးသူ ဖတ်ခဲ့၊ မှတ်ခဲ့ဖူးသည်။ ထိုအချက်များကို အခြေခံ၍ စာရေးသူမိတ်ဆွေကို မေးကြည့်မိပြန်သည်။ သူတို့ မည်သည့်လူတန်းစားကို ကိုယ်စားပြုသည်ဟု ပြောနိုင်သည်မှလွဲ၍ အခြားအချက်များကို မပြောနိုင်ပါ။ စာရေးသူကတော့ မိမိသိထား၊ မှတ်သားထားသည်များမှာ များစွာ ခေတ်နောက်ကျကျန်ခဲ့ပြီဟု မှတ်ယူလိုက်ပါသည်။ တရားဝင်စည်းရုံးခွင့် ရရှိလာသည့်အချိန်တွင် သူတို့ကိုယ်စား ပြုသည် ဆိုသော ပြည်သူများကို ဘာပြောမည်လဲဆိုသည်ကိုမူ ဆက်၍ မမေးလိုက်တော့ပါ။

အထက်ပါ ပြောဆိုရေးသားချက်များသည် စာရေးသူ၏ မိတ်ဆွေတစ်ဦးတည်းကိုသာ သာဓကပြုတင်ပြခြင်း ဖြစ်ပါသည်။ အခြားတစ်ပါးသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီဝင်များကို ဤနည်းနှင်နှင်ရှိသည်ဟု ပြောဆိုခြင်းမဟုတ်ပါ။ သို့သော် ၂၀၁၀ ပြည့်နှစ်၏ ဟိုမှာဘက်တွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးဦးဆောင်မှုတွင် ပါဝင်လာကြတော့မည်ဖြစ်သကဲ့သို့ ပြည်သူများသည်လည်း နိုင်ငံရေးစနစ်အတွင်း အဓိကနေရာမှ မဖြစ်မနေပါဝင်လာကြရတော့မည်ဖြစ်သည်။ ယနေ့ပြည်သူများသည် ရှိစေချင်သည့် နိုင်ငံရေးအသိပညာများ မရှိသေးဟု ပြောနိုင်သော်လည်း ၁၉၉၀ ခုနှစ်များ မတိုင်မီကနှင့် မတူတော့သည်ကတော့ အသေအချာ ပြောနိုင်ပါသည်။ ပညာသိ (စာပေသိ)နှင့် မဟုတ်သည့်တိုင် အတွေ့အကြုံအသိများနှင့် ယှဉ်၍ အတိုင်းအတာတစ်ခုအထိ စဉ်းစားသုံးသပ်မှုတော့ ပြုနိုင်နေပြီဟု ပြောနိုင်မည်ထင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူများထက် နိုင်ငံရေးအသိပညာရေချိန် မြင့်မားအောင် ပို၍ပို၍ ကြိုးစားမြှင့်တင်နေကြသင့်သည် မဟုတ်ပါလား....။

အချုပ်ဆိုရပါမူ စာရေးသူသည် သာမန်နိုင်ငံရေး စိတ်ဝင်စားသူတစ်ဦးသာဖြစ်၍ စာရေးသူ၏ အမြင်များတွင် ချွတ်ချော်မှားယွင်းများစွာ ရှိနိုင်ပါသည်။ သို့အတွက် ဆရာသစ္စာနီပြောသကဲ့သို့ ဆင်ချေးတုံးလောက်မြင်ဖူးသူက ဆင်အကြောင်း ဆွေးနွေးသည် ဟု ပြောလိုကလည်း ပြောနိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာတော့မည့် နိုင်ငံရေးခရီးသစ်တွင် အစကောင်းစေလိုသော စေတနာ၊ ခရီးလမ်းတစ်လျှောက် အခက်အခဲနည်းနည်းနှင့် လျှောက်လှမ်းနိုင်ကြစေလိုသော စေတနာဖြင့် ရေးသားခြင်းဖြစ်ကြောင်းကိုတော့ဖြင့်...။    

ခင်မောင်ဆွေ (ပြည်မြို့) ၈-၇-၂၀၀၉

No comments:

Post a Comment

 
Web Statistics