Tuesday, August 11, 2009

ပင်ပန်းသူ၊ ရောင့်ရဲ့သူနှင့် စိတ်အားထက်သန်သူများ


တောင်တက်သမားတစ်စုသည် မြင့်မားသော တောင်တစ်ခုကို စတက်ကြပါသည်။ နာရီအနည်းငယ် တက်မိသောအခါ အားလုံးသည် တောင်အလယ်လောက်သို့ ရောက်ကြပါသည်။ ထိုနေရာအရောက်တွင် ခဏအနားယူပြီး အုပ်စု (၃)စု ခွဲလိုက်ကြပါသည်။
ပထမတစ်စုမှာ အလွန်ပင်ပန်းလှသော တောင်စောင်းကို ရွေးချယ်တက်မိလေခြင်းဆိုပြီး သူတို့လုပ်ခဲ့တာ မှားတာပဲလို့ စိတ်ထဲမှာ ဖြစ်ကြပါသည်။ တောင်တက်ရင်း စိတ်ပျော်ရွှင်ချမ်းမြေ့စရာ ခံစားရဖို့ မျှော်လင့်ထားတာနှင့် တွေ့ရတဲ့ဒုက္ခ မမျှလေခြင်းဆိုပြီး ၀မ်းနည်းနေကြပါသည်။ ဤအဖွဲ့သည် ပင်ပန်းစိတ်ပျက်လွန်းသဖြင့် ဆက်မတက်တော့ဘဲ ပြန်ဆင်းလာကြပါသည်။
ဒုတိယအဖွဲ့မှာ တောင်တက်ခရီး သာယာလှပသဖြင့် ပျော်ရွှင်ကြပါသည်။ လမ်းခရီးတွင် တောင်ပေါ်လေကောင်းလေသန့်ကို တစ်ဝရှူကြပါသည်။ သာယာသော နေရောင်အောက်တွင် သူတို့မှာ ပါလာသော ထိုင်စရာအခင်းများကို တောင်ပေါ်တွင် ပေါက်နေသော မြက်ခင်းပေါ်တွင်ခင်းပြီး ပါလာသော အစားအစာများကို တပျော်တပါး စားကြပါသည်။ တချို့က တေးသီချင်းများပင် အော်ဟစ်သီဆိုကြပါသည်။ တောင်ပေါ်တွင် လွတ်လပ်မှုအရသာကို အပြည့်အ၀ ခံစားကြပါသည်။ သူတို့ရောက်နေသည့် နေရာ၏ သာယာမှုကို ကျေနပ် ရောင့်ရဲသဖြင့် ထိုနေရာမှာပင် ရပ်နားပြီး ဆက်မတက်တော့ပါ။
တတိယအဖွဲ့မှာ တကယ့်တောင်တက်သမားအဖွဲ့ ဖြစ်ပါသည်။ မျှော်မှန်းထားသည့်အတိုင်း တောင်ထိပ်အထိ အရောက်တက်ခဲ့ကြပါသည်။ စ တက်စဉ်ကတည်းက တောင်ထိပ်အရောက် တက်မယ်ဆိုပြီး စိတ်ထဲမှာ တောင်ထိပ်ကို မျက်ခြည်မပြတ်ခဲ့ပါ။ တောင်ထိပ်ရောက်ဖို့သည် သူတို့၏ ရည်မှန်းချက် ဖြစ်ပါသည်။ ရည်မှန်းချက်ရဖို့အတွက် သူတို့မှာ ရှိသော စွမ်းအားများကို စုစည်းပြီး ရအောင်ကြိုးစားခဲ့ပါသည်။
ဘ၀တွင်လည်း ရည်မှန်းချက်ရအောင် ကြိုးစားတက်လှမ်းကြပါသည်။ တက်လှမ်းရင်း ကျွန်တော်တို့မှာ စိတ်နေစိတ်ထားတွေ အမျိုးမျိုး ဖြစ်ခဲ့ပါသည်။ တောင်တက်အဖွဲ့ (၃)ဖွဲ့တွင် ဖြစ်သော စိတ်နေစိတ်ထားမျိုး ကျွန်တော်တို့တွင်လည်း ဖြစ်တတ်ပါသည်။ ဘယ်အဖွဲ့စိတ်ထားမျိုး အဖြစ်များပါသလဲ။

Christopher Notes
( ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေးအတွေးစာစုများ-တတိယတွဲ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics