မနေ့က ညီငယ်တစ်ယောက်က ပို့စကတ်လေးတစ်ခု လုပ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဆိုင်တွေမှာ ဒီဇိုင်းအမျိုးမျိုး၊ အရောင်အသွေးအစုံစုံနဲ့ ပို့စကတ်အမျိုးမျိုးကို အလွယ်တကူဝယ်လို့ရပေမယ့် ကိုယ်တိုင်လက်နဲ့လုပ်ပေးတဲ့ ပို့စကတ်ကို ပေးချင်တဲ့ သူ့ရဲ့ခံစားချက်ကို သေသေချာချာကို ကိုယ်ချင်းစာနားလည်တဲ့အတွက် ကူညီမယ့်အကြောင်း ပြောလိုက်ပါတယ်။ ကိုယ်လည်း အဲဒီညီငယ်အရွယ်တုန်းက ခံစားချက်တွေနဲ့ ရူးသွပ်ခဲ့ဖူးတာကိုး။ အဲဒါတွေက အလကားပါကွာ ဘာညာသွားပြောလို့ဘယ်ဖြစ်လိမ့်မလဲ။ သူလည်း ကျွန်တော့်အရွယ်ရောက်လာရင် အလိုလို နားလည်လာလိမ့်မယ်ဆိုတာ သိနေတာကိုး။ ကျွန်တော့်လိုအရွယ်ရောက်လာပြီဆိုတာနဲ့ အဲဒီလို ခံစားချက်နဲ့ ရူးသွပ်တာတွေ အလိုလိုပျောက်သွားပါလိမ့်မယ်။ အခုအချိန်မှာတော့ အချစ်ဆိုတာ သူ့အတွက်ကိုးကွယ်ရာပါ။ အဲဒါကြောင့် ကူညီမယ်လို့ ပြောလိုက်တာပါ။
ခံစားချက်ကို ဦးစားပေးခဲ့တဲ့အရွယ်တုန်းက ကျွန်တော်လည်း အတော်လေးကို ရူးသွပ်ခဲ့တဲ့အထဲမှာ ပါပါတယ်။ ပို့စကတ်လုပ်ပေးတာတွေ၊ လက်ဆောင်ဆန်းဆန်းလေးတွေ ပို့ပေးတတ်တာတွေ၊ ထူးထူးဆန်းဆန်းလေးတွေ ဖန်တီးပေးတတ်တာတွေ စသည်ဖြင့် အများကြီးပါပဲ။ နောက်ပြီးတော့ ငယ်ငယ်လေးကတည်းက စာရူးပေရူးဆိုတော့ သူငယ်ချင်းတွေက မြှောက်ပေးတတ်ကြပါတယ်။ အဲဒီလိုမြှောက်ပေးတာကို သိသိကြီးနဲ့ ကျေနပ်ခဲ့တဲ့အတွက် ရလာတဲ့ ရလဒ်ကတော့ သူငယ်ချင်းတွေအတွက် ခံစားချက်အငှားနဲ့ ရည်စားစာတွေ ရေးပေးရတာပါပဲ။ ကဗျာလိုလို၊ စာလိုလို၊ စာညွန့်လိုလိုတွေနဲ့ စကားလုံးအနုအရွလေးတွေရေးပြီး သူငယ်ချင်းတွေကို အကျိုးဆောင်ပေးခဲ့တာ နည်းတာမှ မဟုတ်တာ။ ကျွန်တော့်ရဲ့ ကူညီမှုကြောင့် ဒုက္ခရောက်သွားတဲ့ သူငယ်ချင်းတွေလည်း ဘယ်နည်းလိမ့်မလဲဗျာ။ ပြန်တွေးရင် ပျော်စရာကောင်းသလို၊ လွမ်းစရာလည်းကောင်းပါတယ်။ အထက်တန်းကျောင်းကတည်းက ကူညီခဲ့ရတဲ့ ကျွန်တော်ဟာ တက္ကသိုလ်တက်တဲ့အထိလည်း အဲဒီဝဋ်တွေက ဘယ်လွတ်လိမ့်မလဲဗျာ။
ထားပါတော့။ အတိတ်ကို ပြန်သတိရမိတဲ့အတွက် ဒါတွေကို နည်းနည်းလေးပြန်ပြီး နောက်ကြောင်းပြန်မိတာပါ။ ဆိုလိုရင်းကို ဆက်ပါမယ်။ ပို့စကတ်လုပ်ပေးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ရတော့တာပေါ့။ အဲဒီလိုဝယ်တဲ့နေရာမှာ အားလုံးအဆင်ပြေပြေဖြစ်ခဲ့ရင် ဒီပို့စ်လည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အခုတော့ ကျွန်တော်ကြုံခဲ့ရတဲ့ ရှတတလေးကို ပြန်လည်ဝေမျှလိုက်ကြောင်းပါ။ မထူးပါဘူး၊ မဆန်းပါဘူး။ သို့သော် ကျွန်တော့်ရဲ့ ရှတတ အတွေ့အကြုံတွေကို ရင်ထဲမှာခံစားနေရတာထက် ရင်ဖွင့်လိုက်ရင် သက်သာစေပါတော့ဆိုပြီး ရေးလိုက်ရခြင်း ဖြစ်ကြောင်းပါ။
ကျန်တဲ့ပစ္စည်းတွေကို ၀ယ်ရတာအဆင်ပြေပေမယ့် ကတ်ကြေးဝယ်တဲ့အခါမှာ အခက်အခဲဖြစ်ရပါတယ်။ ကျွန်တော်ဝယ်တဲ့ ကတ်ကြေးက ပို့စကတ်တွေဘာတွေလုပ်တဲ့အခါမှာ သုံးတဲ့ အတွန့်ပါတဲ့ကတ်ကြေးပါ။ အဲဒီကတ်ကြေးနဲ့ အနားတွေကို ညှပ်လိုက်ရင် အတွန့်လေးတွေနဲ့ ဖြစ်သွားစေတဲ့ပစ္စည်းလေးပါ။ ပထမဆုံး ကျွန်တော်တို့ဝယ်နေကျဆိုင်မှာ ၀င်မေးတဲ့အခါ ရွေးစရာမရှိတဲ့ တစ်လက်တည်းသော တရုတ်လုပ်ကတ်ကြေးတစ်လက်ကို ပြပါတယ်။ အတွန့်က အကျဲကြီးဖြစ်တဲ့အပြင် ရွေးစရာမရှိတဲ့အတွက် မ၀ယ်ဖြစ်ခဲ့ပါဘူး။ နောက်ထပ်ဆိုင်တွေထပ်မေးတော့လည်း အဲဒီလိုကတ်ကြေးကို မတင်ကြပါဘူး။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ အများအားဖြင့်က ပုံမှန်ကတ်ကြေးကိုပဲ တင်ကြတာပေါ့။ အတွန့်ပါတဲ့ကတ်ကြေး ဆိုတာမျိုးက တစ်လလုံးနေလို့မှ တစ်လက်ရောင်းရတာမှ မဟုတ်တာပဲ။ ကျွန်တော်တို့တောင် အခုမှ အသုံးလိုလို့ လိုက်ရှာကြတာကိုး။ သုံးဆိုင်လောက် ရှာပြီးတဲ့အခါမှာ ဒီလောက်တောင်ရှားရသလားဆိုပြီး အတော်လေး စိတ်တိုသွားပါတယ်။ ရအောင်လိုက်ရှာမယ်လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ မြို့မှာရှိသမျှ စတိုးဆိုင်တွေကို တစ်ဆိုင်ချင်းကို လိုက်မေးပါတယ်။ အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ။
ကျွန်တော်တို့ရောက်သွားတဲ့ဆိုင်က Uni-Mart ဆိုတဲ့ ဆိုင်ကိုပါ။ ပစ္စည်းတွေတင်ထားတာ အတော်လေးကို စုံလင်ပါတယ်။ ဆိုင်ထဲကိုဝင်သွားတဲ့အခါမှာ ၀ယ်သူရှင်းနေတာတွေ့ရပါတယ်။ ရောင်းတဲ့လူတွေကို မမြင်တဲ့အတွက် နည်းနည်းလေး မျက်စိကစားလိုက်တဲ့အခါ အရုပ်လေးတွေထားတဲ့စင်နားမှာ အရောင်းစာရေးမတွေ စုပြီးစကားပြောနေကြတာ တွေ့ပါတယ်။ ကျွန်တော်တို့ဝင်လာတာကို သူတို့မြင်ပါတယ်။ ဘယ်သူကမှ အရေးတယူလုပ်ပြီး ဘာပစ္စည်းရှာတာလဲ၊ ဘာဝယ်ချင်လို့လဲ စသည်ဖြင့် မေးမြန်းကြိုဆိုတာ မရှိကြပါဘူး။ ကျွန်တော်တို့လည်း လိုချင်တဲ့ပစ္စည်းကိုရှာ တွေ့ရင်လှမ်းခေါ်တဲ့အခါ ရောင်းမယ်ဆိုတဲ့ စိတ်မွေးထားပုံရပါတယ်။ စကားပြောမပျက်ပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း လှမ်းမေးရပါတယ်။ ကတ်ကြေးရှိလားပေါ့။ သူတို့က ရှိပါတယ်တဲ့။ ကျွန်တော်က နောက်ဆက်တွဲအနေနဲ့ ကျွန်တော်လိုချင်တာက အတွန့်ပါတဲ့ကတ်ကြေးပါလို့ ပြောလိုက်တဲ့အခါ အရောင်းစာရေးမလေးတွေအားလုံး ပြုံးပါတယ်။ ကျွန်တော်ကြောင်သွားပါတယ်။ ထပ်ပြီးရှင်းပြပါတယ်။ ညှပ်လိုက်ရင် စာရွက်ကို အတွန့်လေးတွေဖြစ်အောင် လုပ်လို့ရတဲ့ဟာဖြစ်ကြောင်း ရှင်းပြပါတယ်။ အဲဒီမှာ ပိုဆိုးသွားပါတယ်။ သူတို့တစ်သက်တာမှာ တစ်ခါမှ မမြင်ဘူးတဲ့ လူထူးလူဆန်းကို အခုမှမြင်ဖူးတဲ့ပုံစံမျိုး ကျွန်တော့်ကို ကြည့်ပါတယ်။ ပြီးတော့ ကတ်ကြေးမှာ အတွန့်ပါတယ်ဆိုတာကို အခုမှ ပထမဆုံးကြားဖူးတဲ့ပုံစံနဲ့ မျက်လုံးပြူးမျက်စံပြူးနဲ့ လုပ်ပြပါတယ်။ အဲဒီလိုပစ္စည်းဟာ ရှိရောရှိရဲ့လားဆိုတဲ့ပုံစံနဲ့ ကျွန်တော်ကပဲ မရှိတဲ့ပစ္စည်းကို လာမေးတဲ့ပုံစံနဲ့ ပြုံးစစလုပ်ကြပါတယ်။ စိတ်တိုချင်စိတ်မရှိတော့အောင်ကို ကျွန်တော် စိတ်ပျက်သွားပါတယ်။ ဒါနဲ့ ကျေးဇူးတင်ပါတယ် ပြောခဲ့ပြီး ညီငယ်ကို ခေါ်ပြီးအခြားဆိုင်တစ်ခုကို ထပ်မေးရတာပေါ့။
ဘယ်လောက်ရေးရေး မပြင်တဲ့ မြန်မာပြည်ရဲ့ အရောင်းစာရေးမ ပုံပြင်ကို ကျွန်တော်မပြောလိုတော့ပါဘူး။ ၀ယ်သူလာရင် ပြုံးပြရမှာ၊ ခရီးဦးကြိုပြုရမှာ၊ ဘာလိုချင်လဲဆိုတာကို ဂရုတစိုက်မေးမြန်းရမှာကို အရောင်းစာရေးတွေအနေနဲ့ အောက်ကျို့တယ်များ မှတ်နေလားမသိပါဘူး။ ထားပါတော့ဗျာ။ အခုဟာက ကိုယ်မသိတဲ့အရာတစ်ခုကို သူများက မေးတဲ့အခါ မရှိဘူးလို့ယူဆပြီး ထူးဆန်းသလိုလုပ်ပြတာကတော့ အတော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ ကောင်းပါတယ်။ အမှန်ဆိုရင် အဲဒီလိုပစ္စည်းမျိုးတော့ မရှိဘူးဘာညာဖြစ်ရမှာပါ။ ကိုယ်မသိရင်လည်း ၀ယ်သူပြန်သွားတဲ့အခါ မန်နေဂျာကိုဖြစ်စေ၊ ဆိုင်ရှင်ကိုဖြစ်စေ အဲဒီလို ပစ္စည်းမျိုးကိုတော့ ၀ယ်သူတစ်ယောက်က လာမေးသွားတယ်။ ကျွန်မတို့ဆိုင်မှာ မရှိလို့မရောင်းလိုက်ရဘူး။ ဆိုင်မှာ တင်ဖို့လိုအပ်ရင်တင်ပေးဖို့၊ အဲဒီပစ္စည်းဟာ ဘယ်လိုဟာလဲဆိုတာကို သိတဲ့လူကိုမေးမြန်းဖို့ ကြိုးစားသင့်တယ်လို့ ကျွန်တော်က မြင်ပါတယ်။
အခုတော့ သူတို့ရဲ့ အမှတ်တမဲ့မဆင်မခြင် အပြုအမူတစ်ခုကြောင့် ကျွန်တော့်စိတ်ထဲမှာ အဲဒီစဆိုးဆိုင်ကို အတော်လေးကို စိတ်ပျက်သွားပါတယ်။ ကြုံတဲ့အခါ အခြားလူတွေကို အဲဒီအကြောင်းပြောပြဖြစ်ဦးမှာ၊ တကယ်လို့ ပစ္စည်းဝယ်စရာ ရှိရင်တောင် အဲဒီဆိုင်ကိုမသွားဘဲ အခြားဆိုင်တွေကို ဦးစားပေးသွားရောက်မှာတွေကတော့ တကယ်ကို သေချာတာပေါ့ဗျာ။ အခုပဲ မိတ်ဆွေအနေနဲ့ အဲဒီဆိုင်အကြောင်းကို ဖတ်နေရပြီလေ။
သြော်ဒါနဲ့... ကျွန်တော်လိုချင်တဲ့ အတွန့်ပါတဲ့ကတ်ကြေးကို အခြားစတိုးဆိုင်တစ်ခုကနေ ၀ယ်ယူရရှိခဲ့ကြောင်းပါ။ တစ်လက်ကို ၆၀၀ ကျပ်ပဲ ပေးရပါတယ်။ အတွန့်ကလည်း ကျွန်တော်လိုချင်တဲ့ ခပ်စိတ်စိတ်လေးပါပဲ။

၂၀၀၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် Uni-Mart ၌ ဈေးဝယ်ခြင်းကို ရေးဖွဲ့ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၂၄ မိနစ်တွင် ပြီး၏။
၂၀၀၉ ခုနှစ် သြဂုတ်လ ၂၃ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၂၄ မိနစ်တွင် ပြီး၏။
No comments:
Post a Comment