Thursday, August 27, 2009

လှိုင်းဂယက်ကျကွဲသံများ - တာရာမင်းဝေ


(၁)
ဝေါ... ဝေါ
ရေတွေတက်လာပြီ ပြေးကြဟေ့... ပြေးကြ
တစ်ခါက မြစ်ကမ်းနံဘေးက ရွာတစ်ရွာဟာ ရေလွှမ်းမိုးမှု ခံရတယ်။ ရွာသူရွာသားတွေက နီးစပ်ရာပစ္စည်းတွေကို ဆွဲယူပြီး ကသောကမျော ထွက်ပြေးကြရတယ်။ ရေလွှမ်းမိုးအားကလည်း ကောင်းလွန်းလှချည်ရဲ့။ ရက်အတော်ကြာတဲ့အထိ ရေပြန်မကျဘူး။
အဲဒီလိုနဲ့ ပြည့်မောက်နေတဲ့ မြစ်ရေထဲမှာ ရွှေအိုးတစ်အိုးဟာ ရေစီးအတိုင်း မျောပါနေရတော့တယ်။
အင်း... ငါတော့ ဘယ်သောင်ဘယ်ကမ်း ဆိုက်မလဲ မသိဘူး
တွေးရင်း၊ ငေးရင်း၊ ပင့်သက်ရှိုက်ရင်း သူ့တစ်ကိုယ်တော် စီးမျောနေတုန်း...

(၂)
ဦးရွှေအိုး... ဦးရွှေအိုး... ကျွန်တော့်ကို စောင့်ပါဦး
အသံကြားရလို့ လှည့်ကြည့်တော့မှ သူ့နောက် မလှမ်းမကမ်းကနေ မျောပါလာတဲ့ ငွေအိုးတစ်အိုးကို တွေ့ရတယ်။ ကိုယ်ကို ဖော့ထိန်းလို့ ငွေအိုးကိုစောင့်ရင်း စကားပြောဖော်ရပြီဆိုတဲ့ အတွေးနဲ့ ရွှေအိုး ပျော်သွားတယ်။
သူတို့ချင်း ရှေ့ဆင့်နောက်ဆင့် နီးကပ်သွားတော့ ငွေအိုးက စ မေးတယ်။
ဦးရွှေအိုး ဘယ်သွားမှာလဲဗျ
ဘယ်သွားရမလဲ မသိပါဘူး ဦးငွေအိုးရယ်၊ ဒီအတိုင်း မျောနေတာပါပဲ
အေးဗျာ... ကျွန်တော်လည်း အဲဒီလိုပဲ၊ မထူးပါဘူးဗျာ။ ကျွန်တော် ဦးရွှေအိုးနောက်က လိုက်ခဲ့မယ်
ကောင်းပါတယ်ဗျာ၊ ကျွန်တော်တို့က တစ်ရေထဲစီး တစ်ခရီးထဲသွားတွေပဲဟာ
ငွေအိုးဟာ ရွှေအိုးရဲ့နောက်က ပါသွားတော့တယ်။ တစ်နေရာ ရောက်တော့...

(၃)
ဦးရွှေအိုး... ဟိုနောက်မှာလည်း အိုးနှစ်လုံး မျောလာတယ်ဗျ။ ခဏစောင့်လိုက်ရင် ကောင်းမလား
ဟုတ်လား ဦးငွေအိုး၊ ကောင်းတာပေါ့၊ စောင့်လိုက်မယ်လေ
အိုးနှစ်လုံးက သူတို့အနားကို ရောက်လာတယ်။ မြေအိုးတွေပါ။ တစ်အိုးက ကြီးပြီး တစ်အိုးက ငယ်တယ်။ ငယ်တဲ့အိုးက နှုတ်ခမ်းပဲ့နေတယ်။ အိုးအကြီးကောင်က သူတို့ကိုယ်သူတို့ မိတ်ဆက်တယ်။။
ကျွန်တော်က ထမင်းအိုးပါ။ သူက ငါးပိအိုးပါ။ ဦးရွှေအိုး၊ ဦးငွေအိုးတို့နဲ့အတူ လိုက်ခဲ့ပါရစေ

(၄)
ဦးရွှေအိုးက ခဏ စဉ်းစားပြီး...
အေးလေ လိုက်ခဲ့ပေါ့။ ဘာပဲပြောပြော ငါတို့အင်အား တောင့်သွားတာပေါ့
သူတို့ အိုးလေးလုံးဟာ တန်းစီပြီး စီးမျောသွားကြတယ်။ တစ်ချို့ ရေစီးကြမ်းတဲ့ နေရာတွေမှာ ခေါင်းဆောင်ဖြစ်သူ ရွှေအိုးက အကြောက်အလန့် နည်းပါးစေမယ့် အားမာန်သံချပ်ကို တိုင်တယ်။ ကျန်တဲ့အိုးတွေက ပြန်အော်တယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
ဒီမြစ်ကို ဘယ်လို ကူးမယ်
ဒီလို ကူးမယ်
ဒီလိုနဲ့ သူတို့တွေ ခရီးဆက်လာကြရင်း မြစ်ကွေ့တစ်ခုအရောက်မှာတော့...

(၅)
ဟိုနားမှာ ကြေးအိုးတစ်အိုး ဒီဘက်ကို လာနေတယ်
နှုတ်ခမ်းပဲ့ ငါးပိအိုးလေးက လှမ်းပြောတာပါ။ ရွှေအိုးနဲ့ ငွေအိုးက ရှေ့ကို အာရုံစိုက်နေရလို့ လှည့်မကြည့်အားဘူး။ ဒါပေမယ့် ၀မ်းသာသွားတယ်။
အေး... ရွှေအိုး ငွေအိုး ရှိပြီးဆိုမှတော့ ကြေးအိုးရှိရတော့မှာပေါ့။ သူလိုက်ချင် လိုက်လာပလေ့စေ။ ငါတို့နှစ်ယောက်ရဲ့ နောက်မှာ နေရာပေးလိုက်။ မောင်ထမင်းအိုးနဲ့ မောင်ငါးပိအိုးက နည်းနည်းနောက်ဆုတ်ပေးလိုက်။ သူ့ကို ငါတို့ကြားထဲ ၀င်ပစေ ဟုတ်လား
ဟုတ်ကဲ့
မျောပါလာတဲ့ ကြေးအိုးဟာ သူတို့ကြားထဲမှာ နေရာပေးခြင်း ခံရတယ်။ (ရွှေ+ငွေ+ကြေး+ထမင်း+ငါးပိ) ပေါ့လေ။
ခုလို မျိုးတူနွယ်တူ မိတ်ဆွေကောင်းတွေနဲ့ ကြုံရတာ မင်္ဂလာပါပဲဗျာ
ကြေးအိုးက အာလုတ်သံကြီးနဲ့ ကျေးဇူးတင်စကားဆိုတယ်။ ရွှေအိုးကလည်း သူ့ကို အားပေးစကား ပြန်ပြောမလို့ပါပဲ။ ဒါပေမယ့် မျက်နှာချင်းဆိုင်အရပ်က ပျံသန်းလာတဲ့ ငှက်ကလေးတစ်ကောင်ကြောင့် အာရုံပြောင်းသွားတယ်။ ငှက်ကလေးက...

(၆)
ဟာ... ခင်ဗျားတို့တွေ လိုက်လာကြတာကိုး။ ဟိုရှေ့နားက မြစ်ကျဉ်းကုန်းမြင့်မှာ ခင်ဗျားတို့ရွာကလူတွေ စခန်းချနေတယ်။ ခင်ဗျားတို့ ရောက်လာမှန်းသိရင် သူတို့ သိပ်ပျော်သွားကြမှာပဲ
ဒါဆို ငှက်ကလေးရယ်၊ တို့လာနေတဲ့အကြောင်း အပန်းမကြီးရင် သူတို့ကို သွားပြန်ပြောပေးပါလား
အင်း... ဒါမျိုးက ကူညီကောင်းပါတယ်။ သွားပြန်ပြောပေးမယ်လေ
ငှက်ကလေး ပြန်လှည့်ထွက်သွားချိန်မှာ ရွှေအိုးက အားတက်ပြီး သံချပ်တိုင်တယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
ဒီမြစ်ကို ဘယ်လို ကူးမယ်
ဒီလို ကူးမယ်
ကြေးအိုးရဲ့ အသံက သြသြကြီးမို့ နားထောင်မကောင်းဘူး။ အဲဒီအချိန်မှာပဲ နောက်ထပ်ပြဿနာက ၀င်လာတယ်။

(၇)
နှာခေါင်းထဲမှာ အနံ့အသက် မကောင်းသလိုပဲ
ရွှေအိုးက အဲဒီလိုပြောတော့ ငွေအိုးကလည်း...
ဟုတ်တယ်၊ ကျွန်တော့်နှာခေါင်းထဲမှာလည်း အနံ့ဆိုးကြီးရနေတယ်။
ထမင်းအိုးက နောက်ကနေ လှမ်းပြောတယ်။
ငါးပိအိုးက နှုတ်ခမ်းပဲ့နေလို့ စကားမပီတာ။ ကြေးအိုး မဟုတ်ဘူး။ သူက ချေးအိုးလို့ ပြောတာ။ ခု... ကျွန်တော်တို့ကြားထဲ ရောက်နေတာ မိလ္လာအိုးကြီး
ဟေ
မယုံနိုင်လောက်အောင်ဖြစ်ပြီး ရွှေအိုး ဒေါသူပုန်ထပါတော့တယ်။

(၈)
ကြေးအိုးမဟုတ်တဲ့ ချေးအိုး (ခေါ်) မိလ္လာအိုးကို လှည့်ပြောပါတော့တယ်။
မင်းက ဘာသဘောနဲ့ ဒီလို လုပ်ရတာလဲ။ ဘာဖြစ်လို့ ငါတို့ကြား ၀င်ရောရတာလဲ
မိလ္လာအိုးက အသံသြသြကြီးနဲ့ ပြန်ဖြေတယ်။
ကျုပ်လည်း အိုးပဲလေဗျာ
ဟာ... ငါတို့က ရွှေအိုး ငွေအိုး ကွ
ဒီက ထမင်းအိုး၊ ငါးပိအိုးကျတော့ကော
ငါတို့လို ရွှေအိုး၊ ငွေအိုးရှိရင် ထမင်းအိုး၊ ငါးပိအိုးလည်း ရှိလာမှာပေါ့ကွ။ ဘာထူးလဲ
အဲဒါဆို ကျုပ်လည်း ရှိလာမှာပေါ့ဗျ
မင်း... မင်း...

(၉)
အဲဒီအချိန်မှာပဲ ငှက်ကလေး ပြန်ရောက်လာပြီး...
ကျွန်တော် ပြောပြလိုက်ပြီ၊ သူတို့အကုန်လုံး ၀မ်းသာအားရ ထခုန်ကြတယ်။ ခင်ဗျားတို့ကို မြစ်ကမ်းစပ်မှာ အားလုံးက စောင့်ကြိုနေကြပြီ။ မြန်မြန်သွား...
ငှက်ကလေး သူ့ခရီး သူဆက်သွားချိန်မှာ (ဖြစ်နေတဲ့ ပြဿာနာကို ခဏမေ့သွားပြီး) ရွှေအိုးက လက်ခမောင်းခတ် ကြုံးဝါးတယ်။
ဒီ... လှိုင်းကို ဘယ်လို ဖြတ်မယ်
ဒီလို ဖြတ်မယ်
မိလ္လာအိုးရဲ့ အောက်ကလိအာ အသံကြီးက ပါ... ပါလာလို့ ရွှေအိုးက စိတ်ဆိုးမာန်ဆိုး လှည့်ပြောတယ်။
ဟေ့ကောင် မိလ္လာအိုး၊ ကျန်တဲ့သူတွေပဲ အော်ပစေ၊ မင်း ၀င် မအော်နဲ့ကွ
ဘာဖြစ်လို့လဲဗျ
အို... မင်းက ရောသောဘောသော လုပ်မနေနဲ့။ ငါတိုင်တာကို မင်းဝင်ဖောက်စရာ မလိုဘူး။ ရှုပ်ပါတယ်ကွာ။ သွား.. သွား... မင်း ငါတို့ကြားကနေ ခုချက်ချင်း ထွက်သွား
ဘယ်လိုလုပ် သွားမလဲဗျ။ ရေစီးကြောင်းက ဒီအတိုင်းကြီး သင့်နေတဲ့ဟာကို
ဟုတ်ပါတယ်။ ရေစီးကြောင်းက သူတို့ အိုးငါးလုံးကို လက်ရှိ အစီအစဉ်အတိုင်းပဲ ဒရွတ်တိုက် ဆွဲခေါ်သွားပါပြီ။

(၁၀)
ရွာသူရွာသားတွေက မြစ်ကမ်းစပ်မှာ သူတို့ကို စောင့်ကြိုနေကြပြီ။ သူတို့ကိုမြင်တော့ လက်သီးလက်မောင်တန်းပြီး ၀မ်းပန်းတသာ ဟစ်ကြွေးကြတယ်။
ဟေး.....
မိလ္လာအိုးကလည်း အသံသြသြကြီးနဲ့ ၀မ်းသာအားရ ပြန်အော်တယ်။
ဟေး......
ကျန်တဲ့အိုးတွေကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေကြလေရဲ့။ (ဘာသံမှကို မထွက်နိုင်ဘူး) ရွှေအိုး ငွေအိုးနောက်က မိလ္လာအိုးကြီး ပါလာတာလည်း မကောင်းဘူး။ ထမင်းအိုး၊ ငါးပိအိုးရှေ့မှာ မိလ္လာအိုးကြီး ရှိနေတာလည်း မကောင်းဘူး။ ပြည်တော်ဝင် မျက်နှာပန်း လှရမလား အောက်မေ့ပါရဲ့။ အခုတော့ အမြင်မတင့်လိုက်တာ။ အောက် လိုက်တာ။
သူတို့ဆီ အပြေးအလွှားလာကြတဲ့ ရွာသူရွာသားတွေရဲ့ မျက်နှာကို မြင်ရတော့။
အင်း... ခက်ပါပေါ့။ အံမယ်မင်း... ခက်လှပါပေါ့။

( ရွှေအတောင်ပံမှာ ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့တစ်နေ့ စာအုပ်မှ )

No comments:

Post a Comment

 
Web Statistics