Wednesday, September 30, 2009

စကားပြောသောဓာတ်ပုံများ


obamawatchmyanmarthway.jpg

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ အင်မတန် နာမည်ကြီးသွားခဲ့တဲ့ ဓာတ်ပုံပါ။ အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ တစ်ထောင့်တစ်နေရာက တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အသက်(၁၇)နှစ်အရွယ် ဘရာဇီးလ်နိုင်ငံသူလှပျိုဖြူလေး မာရာယာရိုဒရီဂွက်စ်တာမာရက်စ် ရဲ့ နောက်ပိုင်းကို ငေးကြည့်နေတယ်လို့ ဖွခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ဘယ်လောက်ထိ တာသွားသလဲဆိုရင် You Tube မှာ အဲဒီအစည်းအဝေးမှတ်တမ်း ဗီဒီယိုတက်ပြီးတဲ့အထိ ဘရာဇီးလ်လှပျိုဖြူရဲ့ နောက်ပိုင်းကို အိုဘားမား ကြည့်ခဲ့သလား၊ မကြည့်ခဲ့ဘူးလားဆိုပြီး ခေါင်းစဉ်တပ် ငြင်းခုံခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော ဓာတ်ပုံထဲမှာကတော့ အမေရိကန်သမ္မတကြီး အိုဘားမားဟာ ဘရာဇီးလ်အချောအလှလေးကို အသေအချာကို ငေးနေတယ်လို့ ထင်မြင်စေတာတော့ အမှန်ပါပဲ။ အိုဘားမားဘေးမှာ မေးစေ့ကြီးပွတ်ပြီး ပြုံးပြုံးကြီးရှိနေတာကတော့ ပြင်သစ်သမ္မတ ဆာကိုဇီပါ။

 

clitonkimjonilmyanmarth.jpg

၁၉၉၄ ခုနှစ်က အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ မြောက်ကိုရီးယားကို ကြိုတင်ကြေညာထားခြင်း မရှိဘဲ သွားရောက်ခဲ့ပါတယ်။ အကြောင်းကတော့ မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းထောက်နှစ်ယောက်ကို ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ပါ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ပြီး သတင်းထောက်နှစ်ယောက်ကိုလည်း မြောက်ကိုရီးယားက လွှတ်ပေးခဲ့ပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံကတော့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံဖြစ်ပါတယ်။

 

obamasdaughtersarshamya.jpg

ဒီဓာတ်ပုံကလည်း အမေရိကန်သမ္မတကြီး ဘာရက်အိုဘားမားနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံပါပဲ။ ဒါပေမယ့် အပေါ်ကပုံလို မဟုတ်ဘဲ ကြည်နူးစရာဓာတ်ပုံလို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတရုံးခန်းရဲ့ ရုံးစားပွဲမှာ စာဖတ်နေတဲ့ အိုဘားမားဆီကို သူ့ရဲ့ အသက်(၈)နှစ်အရွယ် သမီးငယ်လေး ဆာရှာက တိတ်တဆိတ်ချဉ်းကပ်လာနေတဲ့ပုံ ဖြစ်နေလို့ပါပဲ။ ဘာရက်အိုဘားမားဆိုတာ တစ်ကမ္ဘာလုံးက အလေးထားရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဆာရှာအတွက်ကတော့ အိုဘားမားဆိုတာဟာ သူနဲ့အတူ ဆော့ကစားရမယ့်၊ သူ့ကိုပုံပြင်တွေပြောပြမယ့် ဖခင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဖြူသက်သက်ဖြစ်တဲ့အတွက် သူ့ဖခင်အမေရိကန်သမ္မတကြီး အလုပ်တွေရှုပ်နေသလား၊ ဘာတွေအရေးတကြီး ဆုံးဖြတ်နေသလဲဆိုတာကို ဆာရှာလေး စဉ်းစားမှာမဟုတ်ပါဘူး။ ဆာရှာအတွက်ကတော့ အိုဘားမားဟာ အမေရိကန်သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်ထက်အများကြီး ပိုပြီးကြီးကျယ်၊ အဓိပ္ပါယ်ရှိတဲ့ ဖခင်တစ်ဦးဆိုတာပဲ ဖြစ်ပါတယ်။

 

tevezpostermyanmarthway.jpg

မိတ်ဆွေဟာ ဘောလုံးဝါသနာရှင်တစ်ယောက်ဆိုရင်တော့ ဒီဓာတ်ပုံကိုမြင်လိုက်တာနဲ့ ဘယ်သူ့ဓာတ်ပုံ၊ ဘယ်နေရာမှာ ချိတ်ဆွဲပြသထားတယ်ဆိုတာလောက်တော့ အကြမ်းဖျင်းသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးတဲ့လူတွေအတွက်တော့ အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။ ဒီဓာတ်ပုံဟာ မန်ချက်စတာစီးတီး ဘောလုံးအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနားကစားသမား ကားလို့စ်တိဗက်ဇ်ရဲ့ပုံ ဖြစ်ပါတယ်။ ဒီပုံကို ချိတ်ဆွဲ ပြသထားတာကတော့ မန်ချက်စတာ မြို့လယ်မှာဖြစ်ပါတယ်။ ဘောလုံးသမားပုံကို ပြထားတာ ဘာများဆန်းသလဲလို့ ထင်စရာရှိပါတယ်။ ဟုတ်ကဲ့ အခြားပုံတွေဆိုရင်တော့ မဆန်းလှပါဘူး။ ဒီပုံကတော့ ဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားလို့တိဗက်ဇ်ရဲ့ပုံ ဖြစ်နေလို့ပါပဲ။ ကားလို့စ်တိဗက်ဇ်ဆိုတာက အခုနှစ်ရာသီမစမီလေးကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်မြို့တည်းမြို့ခံပြိုင်ဖက် မန်ချက်စတာ စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းဆိုတာက အစဉ်အလာ သမိုင်းကြောင်းနဲ့ချီပြီး ပြိုင်ဘက်ဖြစ်ခဲ့ကြသူတွေပါ။ အသင်းချင်းကလည်း မတည့်သလို အားပေးသူပရိသတ်တွေကလည်း တည့်ကြတာမဟုတ်ပါဘူး။ အောင်မြင်မှုတွေမှာ မန်ယူအသင်းက အပြတ်အသတ် အသာရပေမယ့် မန်စီးတီးအသင်းကလည်း သူတို့အသင်းသာ မန်ချက်စတာမြို့ရဲ့ ဂုဏ်ဆောင်အသင်းဖြစ်တယ်၊ မန်ယူလို မြို့အစွန်အဖျားမှာရှိတဲ့ တောဇနပုဒ်အသင်းမဟုတ်ဘူးဆိုပြီး လှောင်ပြောင်တတ်ကြပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီးအသင်းဟာ အသင်းပိုင်ရှင် ဆော်ဒီသူဌေးတွေရဲ့ အားကိုးနဲ့ ပိုက်ဆံတွေဖောဖောသီသီသုံးပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်တဲ့အထဲမှာ မန်ယူအသင်းမှာ စာချုပ်ပြည့်သွားပြီး ဆက်ပြီးစာချုပ်ဖို့ မတင်မကျဖြစ်နေတဲ့ တိဗက်ဇ်ကို အရခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ပြိုင်ဖက်အသင်းကို မရောင်းချင်ပေမယ့် တိဗက်ဇ်ကိုယ်တိုင်က မန်ယူအသင်းမှာ ဆက်မနေဘဲ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ပိုမိုတင်းမာမှုတွေ ဖြစ်လာခဲ့ရတာပါပဲ။ ပိုပြီး ဆိုးသွားစေတာကတော့ တစ်မြို့တည်းမြို့ခံပြိုင်ဘက်အသင်းကနေ ခြံခုန်လာတဲ့ တိဗက်ဇ်ပုံပိုစတာကို မန်ချက်စတာ မြို့လယ်လူမြင်ကွင်းကြီးမှာ အခုလို ချိတ်ဆွဲပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကဆိုရင် အဲဒီပုံဟာ အင်မတန်မှကို စိတ်ပျက်ဖွယ်ကောင်းတဲ့ပုံ၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ထင်ရာစိုင်းထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ဝေဖန်ပြောဆိုထားတဲ့ပုံ ဖြစ်ကြောင်းပါခင်ဗျား။

 

tebetanmastiffdogmyanma.jpg

ဒီပုံကတော့ ထူးထွေသည့်အံ့ရာဆိုတဲ့ပုံဆိုပါတော့။ ခွေးတစ်ကောင်ကို မာစီးဒီးကား အစီး(၃၀)နဲ့ လာကြိုကြတယ်ဆိုတာကိုကြားရင် မိတ်ဆွေဘာများပြောမလဲ။ မဖြစ်နိုင်ပါဘူးလို့ ဆိုမလား၊ အဲဒါ အတော်ကြောင်တောင်တောင်နိုင်တဲ့ ကိစ္စလို့ပဲ ပြောမလား။ မယုံမရှိနဲ့ မိတ်ဆွေ။ မာစီးဒီးကားနက်ကြီး အစီး(၃၀)နဲ့ လာကြိုခြင်းခံရတာကတော့ ဓာတ်ပုံထဲမှာ မြင်ရတဲ့ တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ဖြစ်ပါသတဲ့။ တရုတ်ပြည် ရှန်စီးပြည်နယ်က "၀မ်" ဆိုတဲ့ သန်းကြွယ်သူဌေးမကြီးဟာ အဲဒီခွေးကို လိုချင်လွန်းတဲ့အတွက် တိဘက်လူမျိုးတွေနေထိုင်ကြတဲ့ တရုတ်ပြည်မြောက်ပိုင်းက "ကျင်ဟိုင်း" ပြည်နယ်အထိသွားပြီး ခက်ခက်ခဲခဲ ရှာဖွေကာ ယွမ်ငွေလေးသန်း (ဒေါ်လာ ၆၀၀၀၀၀) ပေးပြီး ၀ယ်ခဲ့တာပါတဲ့။ ကဲ အဲဒီလောက်ဆိုရင် အဲဒီတိဘက်မတ်စတစ်မျိုး ခွေးနက်ရဲ့ တန်ဖိုးကို သိလောက်ပါပြီနော်။ သြော်… နောက်ထပ် ပြောစရာဖြစ်သွားတာကတော့ သူဌေးမကြီး"၀မ်" ပြောခဲ့တဲ့ စကားတစ်ခွန်းပါပဲ။

"ရွှေကို တန်ဖိုးသတ်မှတ်လို့ရတယ်၊ ဒီတိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ်မရှိဘူး" ဆိုတဲ့ စကားပါပဲ။

 

အပေါ်ကဟာတွေကတော့ ဓာတ်ပုံတွေက ပြောတဲ့စကားလုံးတွေကို ကျွန်တော်ကြားသလို ပြန်ရေးပြခဲ့တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကြားပုံချင်းတော့ တူကြမယ်မဟုတ်ပါဘူး။ အဲဒီအတွက် အချို့နေရာတွေမှာ ကျွန်တော်က အကြားမှားနေခဲ့တာ၊ မကြားလိုက်ဘဲ လွတ်သွားတာတွေများ ရှိနေခဲ့ရင် စာဖတ်သူမိတ်ဆွေက ကိုယ့်ဘာသာဖြည့်စွက်နားလည်ပေးလိုက်ဖို့ တောင်းဆိုပါရစေ။ မိတ်ဆွေကြားတဲ့ စကားလုံးတွေကိုလည်း ပြန်ပြီးဖောက်သည်ချချင်သပဆိုရင် ကျွန်တော်က နားထောင်ဖို့အသင့်ရှိနေကြောင်းပါခင်ဗျား။

 

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်၊ အင်္ဂါနေ့။

နေ့လည် ၂ နာရီ ၁၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics