Friday, September 25, 2009

ကျွန်တော်ကြိုက်တဲ့ ဇာတိပုည ဂုဏ်မာန - စိုးမြင့်သိန်း


နိဒါန်းငယ်
ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်ဖြစ်သော အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေသားနှင့် လက်နက်ကိုင်ခွင့်/မကိုင်ခွင့်၊ အမေရိကန်ပြန်တစ်ဦးနှင့် မှာ ပါဝင်ခဲ့သော ဖဆပလလူကြီး၏သား ကျွန်တော့်သူငယ်ချင်းအကြောင်း ရေးဖို့ ကြုံလာပြန်ပါပြီ။ ကောင်းတဲ့ အကွက်ကလေးတွေမို့ပါ။ အကွက်ကနှစ်ကွက်၊ နှစ်ကွက်လုံး လှသည်။

(၁)
ကျွန်တော့်သူငယ်ချင်းက သေနတ်ပစ်ကျွမ်းကျင်သလို ဂေါက်ရိုက်လည်းကျွမ်းသည်။ သူ့အိမ်မှာ ဂေါက်တံတွေ စိုက်ထိုးစီရီ အင်မတော်လေးရှင်း ပါဖောမင့်လုပ်ထားရာ အင်မတန်လှပသားနားသည်။ သူ ဂျပန်ကုမ္ပဏီကြီးတစ်ခုမှာ ဒု-အကြီးအကဲလုပ်သည်။ သူ့အပေါ်မှာ ဂျပန်အရာရှိ(လူငယ်)ပဲ ရှိသည်။ မနက်မနက် ဂေါက်ကွင်းမှာ ဂျပန်တွေနှင့် ဂေါက်အတူရိုက်ကြသည်။ အဲဒီမှာ ဂျပန်တွေက သူ့ဂေါက်တံကို တကြည့်ထဲ ကြည့်ကြည့်နေကြသည်။ သူက သိသည်။ သို့သော် မသိဟန်ပြုနေသည်။ သို့နှင့် မနေနိုင်လောက်အောင် ဖြစ်လာဟန်တူသော ဂျပန်နှစ်ယောက်က "မစ္စတာ… ခင်ဗျားဂေါက်တံက သုံးသောင်းလောက်တန်တာပဲ (၁၉၈၀ ပတ်ဝန်းကျင်က)၊ ကျွန်တော်တို့ကိုင်တဲ့ ဂေါက်တံတွေက ၈၀၀၀ (ရှစ်ထောင်)လောက်ပဲတန်တာ"
အဲဒီမှာ ကျွန်တော့်သူငယ်ချင်းက ဂျပန်တွေကို ဘယ်လိုပြောလိုက်တယ်မှတ်သလဲ။

"ဒီမှာ မင်းတို့ကုမ္ပဏီမှာလုပ်လို့ ငါချမ်းသာလာတယ် ထင်လို့လား။ ငါက တစ်သက်လုံး ချမ်းသာတဲ့ကောင်ကွ။ ငါ့မိဘနဲ့ ငါ့မှာ ဆန်စက် ဆီစက် သစ်စက်တွေ လယ်တွေယာတွေ အများကြီးရှိတယ်။ ဒီထက်ကောင်းတဲ့ ဂေါက်တံတောင် ငါဝယ်ကိုင်ဦးမယ်" လို့ အသံအောင်မာစွာ ပြတ်ပြတ်သားသား ခြားခြားနားနားကြီး တုံ့ပြန်လိုက်ပါသတဲ့။ အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကို ကျွန်တော်က ကြိုက်သည်။

(၂)
အဲဒီ ကျွန်တော့်သူငယ်ချင်းဟာ သူ့အထက်က ဂျပန်အရာရှိကိုလည်း ကြည့်မရဘူး။ အဲဒီ ဂျပန်အရာရှိက ကုမ္ပဏီရုံးထဲက မြန်မာ (၁၀)ယောက်လောက်ကို နာမည်မခေါ်ဘဲ ဟေ့ဟေ့ ကျွတ်ကျွတ် ရှူးရှူး ဆိုပြီး ကြောင်တွေ ခွေးတွေကို ခေါ်သလိုမျိုး ခေါ်လေ့ရှိသတဲ့။ ကျွန်တော့်သူငယ်ချင်းကိုတော့ မစ္စတာလို့ ကောင်းကောင်းမွန်မွန် ခေါ်လေ့ရှိသည်တဲ့။ (မြန်မာ ၁၀ ယောက်ကလည်း M.A, M.Sc တွေချည်းပဲနော်၊ ပေါ့ပေါ့တော့ မဟုတ်)

ငါ့ကို ရှူးရှူးကျွတ်ကျွတ်လို့ ခေါ်တဲ့နေ့ အဲဒီဂျပန်တော့ ဒုက္ခကောင်းကောင်းရောက်ပြီမှတ် ဆိုပြီး ကျွန်တော့်သူငယ်ချင်းက "တေး"ထားသည်။

တစ်နေ့ အဲဒီဂျပန် အိမ်က ဘာဖြစ်လာတယ်မသိ။ ကျွန်တော့်သူငယ်ချင်းကို ဟေ့ဟေ့ ရှူးရှူးဟု ခေါ်လိုက်ပါသတဲ့။ အဲဒီမှာ ပွဲကြီးပွဲကောင်းက စတာပဲ။ ကျွန်တော့်သူငယ်ချင်းက ဂျပန်ရှိရာ ပြေးသွားပြီး ဂျပန်လိုရော အင်္ဂလိပ်လိုရော နှစ်ခေါက်နှစ်ခါတိတိ ခုလို ပြောချလိုက်သတဲ့။

"ဟေ့ကောင်… ငါတို့က မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေကွ၊ အရိုင်းအစိုင်းတွေ မဟုတ်ဘူး။ ငါတို့ လူမျိုးဓလေ့မှာ ဟေ့ဟေ့ကျွတ်ကျွတ်ရှူးရှူးလို့ခေါ်တာ ခွေးကိုခေါ်တာကွ။ မင်းနဲ့ငါနဲ့ လက်သီးချင်း ယှဉ်ထိုးချင်သလား… လာခဲ့" လို့ စိန်ခေါ်ပါတော့သည်။

အဲဒီမှာ ဘယ်မြန်မာတစ်ယောက်ကမှ ခုလိုမပေါက်ကွဲဘဲ ကျွန်တော့်သူငယ်ချင်းကသာ ပေါက်ကွဲတာကို ပါးစပ်အဟောင်းသားနဲ့ကြည့်ပြီး ဂျပန်လိုရော အင်္ဂလိပ်လိုပါ အကြီးအကျယ် တောင်းပန်ပြောဆိုပါသတဲ့။
မရဘူး။ ကျွန်တော့်သူငယ်ချင်းက -
"မင်းကို ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး။ ဂျပန်က ကုမ္ပဏီ HEAD အကြီးဆုံးကို စာရေးပြီးတိုင်မယ်" လို့ ပြောလိုက်တော့ ဟိုဂျပန်လည်း ကျွန်တော့်သူငယ်ချင်းကို ဒူးထောက် ဖက်ယက်ပြီး ငိုကြီးချက်မကို တောင်းပန်ဝန်ချပါသတဲ့။ သူအလုပ်ပြုတ်သွားမှာကိုး…။
အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကို ကျွန်တော်က ကြိုက်သည်။

ဇာတ်ကွက်အမှတ်သုံး လာပါဦးမည်။ အမှတ်သုံးကတော့ ဖဆပလလူကြီးသား ကျွန်တော့်သူငယ်ချင်း မဟုတ်တော့ပါ။
L.LB ဥပဒေနှင့်အောင်ပြီး သင်္ဘောလိုက်တဲ့ သင်္ဘောသားတစ်ယောက်အကြောင်း ဖြစ်ပါသည်။ သူ့တိုက်ပွဲက ပိုပြင်းသည်။

(၃)
သူ့နာမည်ကိုတော့ အရင်းတိုင်း ထည့်ရေးလိုက်တော့မည်။
မြင့်ဦး၊ ကိုမြင့်ဦး၊ ဦးမြင့်ဦး… တဲ့။ ကျွန်တော်က သူ့ကို မောင်မြင့်ဦးလို့ ခေါ်သည်။ သူဟာ L.LB ဥပဒေဘွဲ့ရပြီးတော့ ရှေ့နေမလုပ်၊ တရားရေးဝန်ထမ်းမလုပ်ဘဲ သင်္ဘောလိုက်သွားသည်။ အခြေခံမှစပြီး ၀င်သည်။ ငယ်ဂုဏ် မာဂုဏ် လှပသည့်ဂုဏ် ပညာဂုဏ်များနှင့် တင့်တယ်ပြီး ယောက်ျားပီသတဲ့ မြန်မာစစ်စစ် တစ်ယောက်ပါပဲ။ ရေကြောင်းပညာဆိုင်ရာ English စာအုပ်ကြီးတွေ ကျမ်းကြီးပေကြီးတွေကို သူ့အခန်းထဲမှာ အပြည့်ထားပြီး ခပ်ကုပ်ကုပ်ပဲ လေ့လာဆည်းပူးနေခဲ့သူ။ အဲဒီတုန်းက သူ့အလုပ်က သင်္ဘောမှာ ၀ါနုအခြေခံအဆင့်ပဲ။ သူလိုက်တဲ့ သင်္ဘောလိုင်းက တရုတ်(တိုင်ပေ) သင်္ဘောလိုင်း။

တစ်နေ့ သင်္ဘောဒုကပ္ပတိန် တရုတ်(တိုင်ပေ) ပုဂ္ဂိုလ်က မောင်မြင့်ဦးအခန်းကို လာကြည့်ပြီး အများရှေ့ရောက်တော့မှ…

"ဟေ့ကောင်… မင်းအခန်းထဲက စာအုပ်တွေက ဘာလုပ်တာလဲကွ"

"ငါဖတ်တာပေါ့ကွ၊ မင်းက ဘာလို့ မေးရတာလဲ"

"မင်းက ဖတ်တတ်လို့လား၊ ဟားဟားဟား"

အရှက်ခွဲချင်တဲ့သဘော၊ လှောင်ပြောင်နှိမ့်ချ ရန်စတဲ့သဘော လုပ်ပါတော့သည်။ အဲဒီမှာ မောင်မြင့်ဦးက မြန်မာ့သတ္တိပြပါတော့သည်။

"ဟေ့ကောင် မင်းနဲ့ငါနဲ့ အင်္ဂလိပ်စာ အပြော၊ အရေး၊ အဖတ် ပြိုင်မယ်၊ လက်သီးချင်းလည်း ယှဉ်ထိုးမယ်၊ မင်းကို ငါ စိန်ခေါ်တယ်" လို့ လုပ်ရာက တရုတ်(တိုင်ပေ)နဲ့ တရုတ်(တိုင်ပေ)ရဲ့ တပည့်လူမိုက်နှစ်ယောက်က ဓားမြှောင်တွေနဲ့၊ မောင်မြင့်ဦးတစ်ယောက်ထဲက တုတ်တစ်ချောင်းနဲ့။ ကျန်တဲ့ မြန်မာ ၁၂ ယောက်က လှုပ်တောင် မလှုပ်ဘူးဆိုပဲ။

သင်္ဘောဦးစီးမာလိန်မှူး ကပ္ပတိန်ကြီးက ၀င်ရောက်ဖျန်ဖြေပေးပြီး သူ့လူ ဒု-ကပ္ပတိန်ကိုသာ လွန်သူ၊ မှားသူ အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာကို ကြေးနန်းဖုန်းနဲ့ ဆက်သွယ်ပြီး တိုင်တောဖြေရှင်းစေတဲ့အတွက် အဲဒီရန်စတဲ့ တရုတ်(တိုင်ပေ)ငနဲကို ဟယ်လီကော့ပတာနဲ့ (ရဟတ်ယာဉ်နဲ့) လာခေါ်သွားပြီး သင်္ဘောပြောင်းပစ်လိုက်သည်။ မောင်မြင့်ဦးကို ဘယ်လိုမှ အရေးမယူပါဘူး။ မှန်တဲ့ဘက်က နေပေးတဲ့ မာလိန်မှူးကြီးကို ကျေးဇူးတင်ဖို့ကောင်းပ။

အဲဒီလိုမျိုး "ဇာတိပုည ဂုဏ်မာန"ကိုလည်း ကျွန်တော်က ကြိုက်သည်။

အဲဒီ မောင်မြင့်ဦးဟာ အခုအခါ သင်္ဘောအကြီးဆုံး မာလိန်မှူးကြီး ဖြစ်နေပြီး၊ ရေကြောင်းလိုင်းတွေထဲမှာ နာမည်ကောင်းရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီး မိသားစုနှင့်အတူ သုဝဏ္ဏမြို့သစ်မှာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိပါသည်။

နိဂုံး တိုရှင်းလိုရင်း
အင်းဝခေတ် ကဗျာစာဆို ရတုစာဆို ကျမ်းပညာရှင် ရဟန်းပညာရှိကြီးတွေကပင် ဇာတိပုည၊ ဂုဏ်မာန၊ သံပဟုံးစုံး ဟု ကြွေးကြော်ခဲ့ကြပါသည်။ ကုန်းဘောင်ခေတ် ဆီးဘန်းနီးဆရာတော်ကြီး၊ အချုပ်တန်းဆရာဖေတို့လို စာဆိုတွေကလည်း သေသော်မှတည့် သြော်ကောင်း၏ဟု ဇာတိပုည ဂုဏ်မာန ၀င့်ခဲ့ကြပါသည်။။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ ဆိုရှယ်လစ်ခေတ်များ၌လည်း ဇာတိပုည ဂုဏ်မာန လိုအပ်စွာ ၀င့်ထည်ခဲ့ကြပါသည်။

ယနေ့တိုင် ဇာတိပုည ဂုဏ်မာန လိုအပ်နေပါသေးသည်။ ကျွန်တော်တို့သည် တရုတ်၊ ကုလား(အိန္ဒိယ)၊ ယိုးဒယား၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဥရောပ ဘာညာသာရကာ နိုင်ငံ၊ လူမျိုးတွေနှင့် ရှောင်မရ ပုန်းမရ ရင်ဆိုင်တွေ့ဆုံပေါင်းသင်း ရောင်းဝယ်ရင်း သွားလာကူးသန်းရင်း အတူနေထိုင်ကြရပါသည်။ ဒါက သဘာဝပထ၀ီဘူမိနိုင်ငံရေးပါပဲ။ ဒီထဲမှာ ဇာတိပုညဂုဏ်မာနက လိုကိုလိုအပ်ပါသည်။

ထိုလိုအပ်ချက်အရ ကျွန်တော် ဇာတိပုည ဂုဏ်မာန စာဖွဲ့လိုက်ရပါသည်။

( ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် Northern Star ဂျာနယ် အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

1 comment:

  1. Anonymous3:24 AM

    ဆရာစိုးမြင့်သိန်းရဲ့ လိပ်စာပဲဖြစ်ဖြစ်

    ဖုန်းနံပါတ်ပဲဖြစ်ဖြစ်လိုချင်ပါတယ်

    ဆရာ့ကိုတွေ့ချင်ပါတယ်

    အထူးသဖြင့် ဆရာ့ရဲ့ကဗျာတွေကို

    တစ်စုစည်းတည်း ဘယ်လိုရနိုင်ပါသလဲ

    ကျေးဇူးပြု၍ ပြန်ကြားပေးပါဆရာ

    လေးစားစွာဖြင့်

    နေထွန်းအောင်(စမ်းချောင်း)

    09421137074

    ReplyDelete

 
Web Statistics