Monday, November 30, 2009

တွေးပေးကြပါဦး - ကိုဉာဏ် (ပန်းလောင်မြေ)


တွေးမိတာလေးတွေဆိုပြီး ကျွန်တော်တွေးမိသမျှကို ရေးသားခဲ့တာ အတော်လေးများလာတာ တွေ့ရပါတယ်။ အချို့လည်း သဘောကျတဲ့အကြောင်း ပြောပြကြတဲ့အတွက် ၀မ်းသာရပါတယ်။ အမှန်ကတော့ ကျွန်တော်တွေးမိတွေက အထူးအဆန်းတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး သူလိုကိုယ်လို လူတိုင်းလောက် တွေးမိတာတွေချည်းပဲဖြစ်ပါတယ်။ တချို့က အတွေးတော့ရှိတယ်။ ဒါပေမယ့် စကားလုံးတွေအဖြစ် အပြင်ကို ထွက်မလာတာမျိုးဖြစ်မယ်၊ တချို့ကျပြန်တော့ တွေးမိတယ်၊ ဒါပေမယ့် ရေးဖို့အချိန်ကမပေးနိုင်ဘူး။ အဲဒီလိုအချိန်မှာ ကျွန်တော်က တွေးမိတာလေးတွေဆိုပြီး ရေးလိုက်တဲ့အခါ သူတို့စိတ်ထဲမှာရှိနှင့်နေပြီးသား အတွေးလေးတွေနဲ့ ထပ်တူကျသွားတဲ့အခါ သဘောကျသွား၊ ကျေနပ်သွားကြတာလို့ နားလည်ပါတယ်။ ဘာဖြစ်လို့ ဒါကိုပြောပြနေရသလဲဆိုတော့ ကျွန်တော်ရေးတဲ့ဟာလေးတွေကို ကြိုက်တဲ့လူတွေဆိုတာ သူတို့ရင်ထဲက အတွေးအခံလေးတွေနဲ့ တူညီသွားတဲ့အတွက်သာဖြစ်ကြောင်း ကျွန်တော်နားလည်ခံယူထားတယ်ဆိုတာ သိစေချင်လို့ပါ။ တော်တော်ကြာ အချို့များက ကျွန်တော့်ကို ပြောချင်ပါဘိသနဲ့။

အခုလည်း မြှောက်ပေးရင် တက်အောင်ကတတ်တဲ့ ကျွန်တော်ဟာ ဘလော့ဂ်ဖတ်သူတွေရဲ့ အားပေးမှုကြောင့် တွေးမိသမျှ သောင်းပြောင်းထွေလာကို ရေးချလိုက်မိပြန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်အတွေးများသက်သက် မဟုတ်တော့ဘူးဆိုတာ ကြိုတင်ပြောလိုပါတယ်။ ကျွန်တော်ကချည်းပဲ တွေးမိသမျှကို ပြောနေတော့ တချို့တွေက မြင်ပြင်းကတ်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်အတွေးကို အခြေခံပြီး စာဖတ်သူလည်း ဘယ်လိုတွေးမိသလဲဆိုတာကို မေးခွန်းလေးတွေ ထုတ်ထားပါတယ်နော်။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့ပုံမှန်စာဖတ်သူတွေရဲ့ အချက်အလက်အရတော့ မြန်မာပြည်က ဖတ်သူဦးရေက ပိုများပါတယ်။ အဲဒါကြောင့် ကွန်းမန့်ပေးရတာ အဆင်မပြေမှန်း သိပါတယ်။ စီဘောက်မှာ အော်ဖို့ကျတော့လည်း တစ်မျိုးဖြစ်နေတဲ့လူတွေလည်း ရှိမှာပါပဲ။ အဲဒီအတွက် စာဖတ်သူရဲ့ အတွေးကို ကွန်းမန့်မှာ ရေးချင်လည်းရေးပါ။ သို့မဟုတ် စီဘောက်မှာ အော်ချင်လည်းအော်ပါ။ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပြီး ပြောချင်သပဆိုလည်း အဆင်ပြေပါတယ်ဗျာ။ အဲဒါတွေလုပ်ဖို့ စိတ်မပါဘူးဆိုရင်တော့ ကိုယ့်အတွေးထဲမှာကိုယ်ပဲ သိမ်းထားလိုက်ပါ။ ဒါပေမယ့် အနည်းဆုံးအနေနဲ့ တွေးတော့တွေးကြည့်ပေးပါနော်။

(၁)
အခုနောက်ပိုင်း ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့အသံကတော့ ခေါင်းဆောင်မှုဆိုတဲ့ အခန်းကဏ္ဍပါပဲ။ အခြေအနေအကြောင်းကြောင်းတွေကြောင့် ဘယ်လုပ်ငန်းကိုပဲဖြစ်ဖြစ် အဆင်ပြေအောင် ကြံဖန်ဆောင်ရွက်ခဲ့ကြတာဟာ မြန်မာတွေရဲ့ အကျင့်တစ်ခုတောင် ဖြစ်နေပါပြီ။ အထက်ကလည်း ကိုယ်လိုချင်တဲ့ရလဒ်တစ်ခု ရဖို့အတွက်ပဲ အဓိကထားတယ်။ အောက်ကလူတွေကလည်း အထက်ကလူရဲ့ လိုလားချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကိုပဲ အလေးထားတယ်။ အဲဒါဆိုရင် ပြီးပြီပဲလေ။ လိုချင်တဲ့ရလဒ်ရတာပဲလို့ ပြောစရာရှိပါတယ်။ ဟုတ်ကဲ့… လိုချင်တဲ့ရလဒ်တော့ ရတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီရလဒ်တစ်ခုအတွက် လုပ်ဆောင်ခဲ့ရတာတွေမှာ နည်းမှန်၊ လမ်းမှန်မဟုတ်ဘဲ ဖြစ်ရင်ပြီးရောစိတ်နဲ့ လုပ်ခဲ့ရတာတွေ အများကြီးပါပါတယ်။ ရေတိုအတွက်တော့ လက်ငင်းပြဿနာ ပြေလည်သွားတယ်လို့ ထင်ရစရာရှိပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ထိတ်လန့်စရာကြီးပါ။ ကျွန်တော်မြင်သလောက် ဥပမာပေးရမယ်ဆိုရင် လူနေတိုက်ခန်းတွေဆောက်လုပ်တဲ့လုပ်ငန်းကို ပြချင်ပါတယ်။ အခုလောလောဆယ် သတ်မှတ်ထားတဲ့နေ့ရက်မှာ အချိန်မီအခန်းအပ်နိုင်ဖို့အတွက်ပဲ အာရုံထားဆောင်ရွက်ကြပါတယ်။ နောင်ဘယ်နှနှစ်သုံးလို့ရအောင် ဆိုတာထက် အခုလောလောဆယ် ဘယ်နေ့မှာအပြီးလုပ်ရမယ်ဆိုတာကိုသာ ဇောင်းပေးနေကြတာဟာ ဘယ်လောက်များ အန္တရာယ်ကြီးမားလိုက်သလဲဆိုတာကို စဉ်းစားကြည့်လို့တောင် ရပါတယ်။ အဲဒီလိုလုပ်ငန်းတွေအတွက် တာဝန်အရှိဆုံးလူက ဘယ်သူလဲဆိုတာတော့ စာဖတ်သူပဲ စဉ်းစားကြည့်စေချင်ပါတယ်….။

(၂)
ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ဘယ်လိုလူမျိုးက ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်ဆိုတာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမယ် စသည်ဖြင့် ဖွင့်ဆိုချက်တွေ အများကြီး ရှိပါတယ်။ အဲဒီအထဲက ကျွန်တော်မှတ်မှတ်ထင်ထင် ရှိနေတာလေးတွေကို ပြောပြရရင်....

(က) Follow Me
ငါ့နောက်ကလိုက် လို့ တိုက်ရိုက်ဘာသာပြန်ရမလား မသိပါဘူး။ အဲဒီစကားကို သူများတွေပြောတာ ကြားဖူးသလို ကိုယ်တိုင်လည်း မကြာခဏ သုံးနှုန်းဖူးပါတယ်။ ဒါပေမယ့် မြန်မာလိုဘယ်လိုပြောရမလဲဆိုတာ သေသေချာချာ မစဉ်းစားကြည့်မိဘူးတာ ၀န်ခံပါတယ်။ ကျွန်တော်တို့ပါးစပ်ထဲမှာ အင်္ဂလိပ်လို Follow Me ဆိုတဲ့အပြောကသာ စွဲနေပြီး "ငါ့နောက်ကလိုက်"၊ "ငါလုပ်သလိုလုပ်၊ ငါပြောသလိုလုပ်"၊ "ငါခိုင်းတာလုပ်" စတဲ့စကားတွေဆိုရင် နားလည်ရတာကို တစ်မျိုးကြီးဖြစ်နေသလားလို့ပါ။ Follow Me လို့ ပြောလိုက်တာနဲ့ ဦးဆောင်သူရဲ့နောက်ကနေ အလိုက်သင့်လေး သူခိုင်းတာ လိုက်လုပ်ရမယ်လို့ အလိုလိုနားလည်ပြီးသားလို့ မြင်မိပါတယ်။ (မှားနေရင် ပြင်ပေးကြပါနော်)

(ခ) Go Ahead (or) Carry On
ဒါကတော့ ရှေ့ကဦးဆောင်တာမဟုတ်ဘဲ နောက်ကွယ်ကနေ မောင်းနှင်တဲ့ ခေါင်းဆောင်မှုလို့ မြင်ပါတယ်။ Leading မလုပ်ဘဲ Driving လုပ်တဲ့ခေါင်းဆောင်မှုလို့ ထင်ပါတယ်။ ဒီလိုခေါင်းဆောင်မှုအတွက်ကတော့ အရည်အချင်းပြည့်ဝတဲ့ လက်အောက်ငယ်သားတွေက ပိုပြီးအခရာကျတယ်လို့ မြင်မိပါတယ်။ အဲဒီလိုဆိုရပေမယ့်လည်း စောစောကပြောတဲ့ လူတော်ငယ်သားတွေကို ရွေးချယ်နိုင်မှု၊ လေ့ကျင့်ပေးထားနိုင်မှုကလည်း ခေါင်းဆောင်ရဲ့ အရည်အချင်းတစ်ရပ်ပဲ ဖြစ်မှာပါ။

(ဂ) Let's Go
ပထမဆုံး ၀န်ခံလိုပါတယ်။ ဒီအချက်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ယူဆချက်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒီ Let's Go ဆိုတဲ့ အသုံးအနှုန်းမျိုးကို ဘယ်စာအုပ်မှာမှ မဖတ်ဖူးသေးပါ။ ဘယ်သူမှ မပြောဖူးသေးဘူး၊ ဘယ်သူမှမရေးဖူးသေးဘူးလို့ ကျွန်တော်မပြောဘူးနော်။ ကျွန်တော့်အနေနဲ့ မဖတ်ဖူး၊ မကြားဖူးသေးဘူးလို့ပဲ ဆိုလိုပါတယ်။ ဒါပေမယ့် ဆိုလိုတဲ့သဘောတရားကတော့ ရှိပြီးသားဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုတွေကို လေ့လာမိရာက တွေးမိတာမို့ပါ။ ဒီလိုပါ။ ရှေ့မှာပြောခဲ့တဲ့ ခေါင်းဆောင်မှုနှစ်မျိုးကိုတော့ ကျွန်တော်တို့အနေနဲ့ ဘာမှကို ထူးထူးဆန်းဆန်း မဖြစ်တော့ပါဘူး။ ကိုယ်တိုင်ခေါင်းဆောင်နေရတဲ့လူတွေ ရှိသလို၊ အခြားတစ်ယောက်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လုပ်ကိုင်နေရတဲ့ လူတွေလည်း ရှိကြမှာပါပဲ။ အခုကျွန်တော်စဉ်းစားမိတာက ဒီနေ့ခေတ်ကြီးရဲ့ တိုးတက်မှုအရှိန်ဟာ အရမ်းကို မြန်ဆန်လွန်းတဲ့အတွက် ကျော်တက်ဖို့နေနေသာသာ အမီလိုက်ဖို့တောင် ဒရောသောပါးနဲ့ ကြိုးပမ်းနေကြရတယ်ဆိုတာ အားလုံးအသိပါ။ အဲဒီလိုအချိန်မှာ အထက်ကပြောခဲ့သလို ဦးဆောင်သူတစ်ယောက်တည်းက ခေါင်းဆောင်ခေါ်တာကို လိုက်သွားတာမျိုး၊ ဦးဆောင်သူက နောက်ကွယ်ကနေ မောင်းနှင်ပေးတဲ့ ပုံစံမျိုးထက် အထက်အောက်အတူတကွ ပေါင်းစပ်ညှိနှိုင်းချီတက်တဲ့ပုံစံလို့ ဆိုချင်တာပါ။ အထက်ကအောက်၊ အောက်ကအထက်ဆိုတဲ့ ပုံစံတွေထက် အလျားလိုက်ပုံစံနဲ့သွားရင် ပိုပြီးများခရီးတွင်မလားလို့ တွေးမိလို့ပါ။

စာဖတ်သူကရော ဘယ်လိုပုံစံကိုကြိုက်သလဲ???
Follow Me လား?
Go Ahead လား?
Let's Go လား?

(၃)
ဗီဒီယိုတွေ၊ ရုပ်ရှင်တွေအကြည့်များလာတော့ ဘာတွေ့ရသလဲဆိုရင် အချို့ဇာတ်ကားတွေက ကြည့်လို့ကောင်းတယ်။ အချို့ကျတော့ ကြည့်ရင်းနဲ့ကို အိပ်ပျော်သွားလောက်တယ်။ ဒီမင်းသား၊ ဒီမင်းသမီးနဲ့ပဲ ရိုက်ထားချင်းအတူတူကို ဇာတ်ကားတစ်ခုကကောင်းပြီး၊ နောက်ဇာတ်ကားတစ်ခုက ညံ့နေပြန်ရော။ အဲဒါဆိုရင် သေချာတာကတော့ မင်းသား၊ မင်းသမီးတွေဟာ အရေးပါတယ်ဆိုပေမယ့် ဇာတ်လမ်းမကောင်းရင် သူတို့တွေ ဘယ်လောက်ပဲကောင်းကောင်း ကြည့်လို့မကောင်းနိုင်ဘူး ဆိုတာပါပဲ။

ကျွန်တော်မြင်တဲ့တစ်ချက်ကို ပြောကြည့်ပါမယ်။ အစွန်းရောက်တဲ့ဇာတ်လမ်းတွေဟာ ကြည့်လို့ကောင်းတယ် ဆိုတာပါပဲ။ အဲဒါကို သေသေချာချာ သုံးသပ်ပြီးမှ ကျွန်တော်ပြောတာပါ။ ၀တ္ထုတွေလည်း ဒီလိုပဲလို့ မြင်ပါတယ်။ ၀တ္ထုတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်ကောင်တွေဟာ အစွန်းရောက်တွေဆိုရင် ကြည့်လို့၊ ဖတ်လို့ ကောင်းတာ တွေ့ရပါတယ်။ မင်းသိင်္ခ၀တ္ထုတွေ၊ ရှင်မိုးရဲ့ဝတ္ထုတွေကို ပြန်သတိရမိတယ်။

အဲဒီအတွက် ကျွန်တော်စဉ်းစားမိတာက လူတွေဟာ အစွန်းနှစ်ဖက်ကိုပဲ စိတ်ဝင်စားကြတယ်ဆိုတာပါပဲ။ လက်တွေ့နယ်ပယ်ကို စဉ်းစားကြည့်မိတော့လည်း အဲဒီလိုဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုပဲ ဥပမာထားပြီး ပြောရမယ်ဆိုရင် ကျွန်တော်စာသင်နေတဲ့ တပည့်တွေထဲမှာ ဘယ်အချိန်ပဲတွေ့တွေ့ နာမည်ရော၊ လူရောတွဲပြီး မှတ်မိတဲ့ကျောင်းသားတွေဟာ လိမ္မာ(တော်)လွန်း၊ ဒါမှမဟုတ် ဆိုး(ညံ့)လွန်းတဲ့ တပည့်တွေ ဆိုတာပါပဲ။ သာမန်ပဲနေတတ်တဲ့ ကျောင်းသားတွေကို နာမည်နဲ့လူ တွဲပြီး မသိတာကို အခုမှပြန်ပြီး အံ့သြနေမိတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့သမိုင်းကို ပြန်ကြည့်တော့လည်း အစွန်းနှစ်ဖက်က လူတွေကိုပဲ သမိုင်းစာမျက်နှာထက် တင်ခဲ့ကြတာ အထင်အရှားတွေ့ရပါတယ်။ ဂန္ဒီကြီးကို မှတ်တမ်းတင်သလို ဟစ်တလာကိုလည်း နေရာပေးထားရတာပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်းကို ကမ္ဗည်းထိုးသလို ဦးစောကိုလည်း မှတ်တမ်းတင်ထားရပါတယ်။ မာသာထရီဇာကို အမှတ်ရနေကြသလို ကလီယိုပါထရာကိုလည်း တသသပြောနေကြတာပါပဲ။ အခုနောက်ဆုံးပြောရရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတဲ့ အယ်လ်ဂိုးထက် အယ်လ်ကိုင်းဒါးဖခင်ကြီး အိုစမာဘင်လာဒင်ကတောင် ပိုပြီး ထင်ပေါ်နေသလားလို့ပါ။

အဲဒီအတွက် ကျွန်တော်သိချင်တာက လူ့လောကကြီးမှာ နေထိုင်စဉ်ကာလအတွင်းမှာ သာမန်ပဲ နေထိုင်ရမှာလား။ သူများနဲ့မတူအောင် နေကြရမှာလားဆိုတာပါ။ ဖြေကြည့်ကြပါဦးနော်။

တွေးနေဆဲ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
ည ၉ နာရီ ၁၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics