Sunday, November 22, 2009

ဝါရင့်ရှေးဟောင်း တိပ်ခွေထဲက အရေထူမှု - မောင်စူးစမ်း


အထာသစ်
လူမှုရေးသိပ္ပံပညာရှင်တို့က ယခုမျက်မှောက်ခေတ်တွင် အထာသစ်တစ်ပါး ပေါ်နေပြီဟု ထောက်ပြလာကြသည်။ ဤအထာသစ်မှာ "မမျှော်လင့်သောဖြစ်ရပ်တို့ကို မျှော်လင့်လော့" Expect the Unexpected တို့ဟူ၍ ဖြစ်သည်။ မမျှော်လင့်သောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာသည်။ ဖြစ်လိမ့်မည်ဟု မယူဆသော ဖြစ်ရပ်တွေ၊ မယုံကြည်နိုင်သောဖြစ်ရပ် Implausible တွေ တကယ်ဖြစ်ပျက်လာသည်။ အဓိကအထောက်အထားမှာ အမေရိကား၌ လူမည်းတစ်ဦးက သမ္မတဖြစ်လာခြင်းဖြစ်သည်။ အခြားအထောက်အထားတို့လည်း ရှိသည်။

ထို့ကြောင့် လူသားတို့အတွက် အထာသစ်ပေါ်လာသည်။ မမျှော်လင့်သောဖြစ်ရပ်တို့ကို ထည့်တွက်ရပြီ။ ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆသောဖြစ်ရပ်တို့ကို ထည့်တွက်ရပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီး အခြေအနေအား ဒီမိုကရေစီကို စပွန်ဆာပြုသူတို့က ရည်ရွယ်ထားသည့် လမ်းကြောင်းအတိုင်း ဖြစ်မြောက်ရန် လမ်းကြောထိန်းသိမ်းမည်။ သို့ရာတွင် ပေါ်လစီခွင်ထဲ၌ ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆထားသောဖြစ်ရပ် Implausible တို့ကိုလည်း ပယ်ထားလို့မဖြစ်ပေ။

၂၀၅၉ ခုနှစ်
စင်ကာပူပညာရှင်တို့က ကမ္ဘာ့အကျော်အမော် ပညာရှင်တို့အား မေးခွန်းတစ်ပုဒ်မေး၍ ဖြေခိုင်းထားသည်။ ၂၀၅၉ ခုနှစ်တွင် စင်ကာပူသည် မည်သို့အနေအထားမျိုး ရှိမည်နည်းဟု ပညာဉာဏ်ဖြင့် ခန့်မှန်းခိုင်းခြင်းဖြစ်သည်။ ပညာရှင်တစ်ဦးက ဖြစ်လိမ့်မည်ဟု မယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာသည့် ခေတ်အထာကိုညွှန်း၍ ၂၀၅၉ ခုနှစ်၌ ဖြစ်ထွန်းမည့် စင်ကာပူရုပ်ပုံလွှာကို ခေတ်အထာသစ်ဖြင့် မှန်းဆပြသည်။

စင်ကာပူအဖို့ မတည်ငြိမ်မှုသည် မဖြစ်နိုင်သောအရာ Implausible ဖြစ်သည်။ ထို့ကြောင့် မဖြစ်နိုင်ဟုယူဆထားသော ဖြစ်ရပ်တွေ တကယ်ဖြစ်နေသောခေတ်တွင် မတည်ငြိမ်မှုသည် တကယ်ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု သတိပေးသည်။ သို့သော် စင်ကာပူသည် အမှားအယွင်း မာဂျင် Margin of error နည်းသောနိုင်ငံဖြစ်သဖြင့် မတည်ငြိမ်မှုကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထောက်ပြသည်။ နိုင်ငံတစ်နိုင်ငံ၏ အရည်အသွေးသည် ထိုနိုင်ငံ၏ မဖြစ်နိုင်ဟု ယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်လာလျှင် ကိုင်တွယ်နိုင်သော စွမ်းရည်ဖြင့် တိုင်းသည်။ မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းဖြင့် စမ်းသပ်ပြီးဖြစ်သည်။ ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလ၌ စိန်ခေါ်မှုအသစ်တို့ဖြင့် စမ်းသပ်တော့မည်။

ရှေးတိပ်ခွေ
ဖွဲ့စည်းပုံအခြေခံဥပဒေက အသစ်။ ရွေးကောက်ပွဲက အသစ်။ ကစားကွင်းအသစ် ပါရာဒိုင်းအသစ်တို့ဖြင့် ကစားကြရမည့်ပွဲ ဖြစ်သည်။ လူသစ်တန်း Novice တွေ ပါဝင်ကစားကြဖို့ ပိုများမည်။ ဆရာတော်နှင့် ဦးပဉ္စင်းတို့ထက် ကိုရင်တွေက ကစားကြမည့်ပွဲဟု ဆိုနိုင်သည်။ ခေတ်စကားလှလှနှင့်ပြောရလျှင် မျိုးဆက်သစ်တို့ပွဲ ဖြစ်လိမ့်မည်။ မျိုးဆက်သစ်လူသစ်တန်းသည် ဉာဏ်ရည်ကောင်းချင်ကောင်းမည်။ သို့သော် ၀ါနု၍ အတွေ့အကြုံမရှိပေ။

ဤတွင် ၀ါရင့်တို့အကြောင်း ပေါ်လာသည်။ ရှေးလူကြီးနှင့် ၀ါရင့်နိုင်ငံရေးသမားတို့ထံမှ လေ့လာဆည်းပူးခြင်းကို Zeitgeist Tape ဇစ်ဂျစ်တိပ်ခွေဟု ခေါ်ဆိုသည်။ ရှေးလူကြီးနှင့် ၀ါရင့်တို့၌ (၁) ဉာဏ်အမြော်အမြင်ရှိသည်။ (၂) ဘ၀အတွေ့အကြုံရှိသည်။ (၃) အရေထူမှု ရှိသည်။ ထိုသုံးပါးအနက် အရေထူမှုသည် အရေးအကြီးဆုံးဖြစ်သည်ဟု ပြောသူတို့ပင်ရှိသည်။ နိုင်ငံရေးသမားဖြစ်လာလျှင် အဝေဖန်အဆဲဆိုခံနိုင်ရည် ရှိကြရသည်။ ထို့ကြောင့် လူကြီးနှင့်ဝါရင့်တို့မှ ဆည်းပူးလျှင် အရေထူမှုကို အဓိကဆည်းပူးအပ်သည်ဟု ဆိုနိုင်သည်။

ဘာကျန်
သို့ရာတွင် အရေထူမှု Thick Skin သည် လစ်ဘရယ်ဒီမိုကရေစီအတွက်သာ အကျုံးဝင်ဖို့များသည်။ စည်းကမ်းရှိသော (လမ်းညွှန်ဒီမိုကရေစီ)တွင် အရေထူရန် သိပ်မလိုပါဟု စောဒကတက်မည်ဟုဆိုလျှင် တက်နိုင်သည်။ ၀ါရင့်သက်ကျားအိုကြီးတို့ထံမှ အရေထူမှုကို သင်ကြားရန်မလိုလျှင် အဘယ်အရာကို သင်ကြားရမည်နည်း။ ဤတွင် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် Zeitgeist tape လိုမလို အငြင်းပွားစရာရှိသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ်အတိုင်း စီးရီးဆွဲ၍ ဖြစ်ခဲ့သည်မဟုတ်ပေ။ Non-linear ဖြစ်သည်။ ပညာပိုင်းအရ ရှေးလူကြီးတို့၏ ဉာဏ်အမြော်အမြင်သည် အကန့်အသတ်နှင့်သာ ရှိနေမည့်ပုံ ဖြစ်သည်။ အရေထူခြင်းအကြောင်းကတော့ အရေးကြီးလာမည့်ပုံ ရှိသည်။

အညွှန်း - The Economist

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၅ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics