Saturday, November 21, 2009

သတင်းတိုထွာ မှတ်စရာ - ကိုဉာဏ် (ပန်းလောင်မြေ)


ဘာရယ်မဟုတ်ပါဘူး။ ခေါင်းစဉ်ကိုဖတ်ပြီး ဘာများလဲလို့ ဖြစ်မသွားပါနဲ့။ ဖတ်မိတဲ့သတင်းတွေထဲက စိတ်ဝင်စားတာတွေကို ပြန်တင်လိုက်တာပါ။ အခုအချိန်တော့ ဘာမှသိပ်ပြီး အသုံးဝင်မှာမဟုတ်လောက်ဘူးထင်ပါတယ်။ သိရုံပဲဆိုပါတော့ ဘာဖြစ်တယ်ဆိုတာ သိတယ်ပေါ့။ ဒါပေမယ့် နောင်တစ်ချိန် ပြန်ဖတ်တဲ့အခါ သမိုင်းမှတ်တမ်းဖြစ်မယ်ထင်လို့ပါ။ ရောက်ရာပေါက်ရာပေါ့။

henrymyanmarthwaycocc.jpg

အခုလောလောဆယ် သတင်းစာမျက်နှာတွေထက်မှာ သတင်းသားကောင်ဖြစ်နေတဲ့ ပြင်သစ်အသင်းနဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး အွန်နရီပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ အဆုံးအဖြတ်ပွဲစဉ်မှာ အိုင်ယာလန်အသင်းဘက်ကို ဂါးလက်စ်သွင်းတဲ့ အနိုင်ဂိုးအတွက် ဖန်တီးခဲ့ရာမှာ ဂိုးစည်းကိုကျော်တော့မယ့်ဘောလုံးကို လက်နဲ့ထိန်းပြီး ကစားသွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒုတိယဘုရားပေးသောလက် (ပထမက မာရာဒိုနာပါ) ဆိုပြီးတော့တောင် နာမည်တပ်ခဲ့ကြပြီး ၀ိုင်းဝန်းကန့်ကွက် ရှုံ့ချမှုတွေနဲ့ ကြုံနေရပါတယ်။ အိုင်ယာလန်က ကန့်ကွက်တာတွေ၊ အွန်နရီက ၀န်ခံတာတွေ၊ အခြားနည်းပြတွေက ထင်မြင်ချက်အမျိုးမျိုးပေးတာတွေ၊ နောက်ဆုံးဘယ်လောက်အထိ ဖြစ်လာသလဲဆိုရင် ပြင်သစ်သမ္မတကိုယ်တိုင်က ကန့်ကွက်ပြီး အဲဒီပွဲစဉ်ကို ပြန်ကန်ဖို့အတွက် ဖီဖာကို တင်ပြသွားမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် နောင်ကာလ ဘောလုံးအကြောင်းပြောတိုင်း ပြောစရာဖြစ်တော့မယ့် သမိုင်းမှတ်တမ်းတစ်ခုပါ။ ဇီဒန်းကြီးခေါင်းနဲ့တိုက်တာကိုတောင် ပြန်သတိရမိပါသေးရဲ့ဗျာ။

thaksinmyanmarthwaycocc.jpg

ဒါကလည်း ပြောစရာတွေ တစ်သီကြီးဖန်တီးနိုင်တဲ့ အထင်ကရ နိုင်ငံခေါင်းဆောင်ဟောင်း တစ်ဦးပါပဲ။ မြန်မာတွေအတွက် လုံးဝကို မစိမ်းတဲ့သူတစ်ဦးပါ။ သူကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ် ဖြစ်ပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားကြရင်တောင် အင်္ဂလန်ကလပ်အသင်း မန်ချက်စတာစီးတီးအသင်းကို ၀ယ်ခဲ့တဲ့အတွက် လူသိများသွားခဲ့ရသူဖြစ်ပါတယ်။ သူ့အရေးနဲ့ပတ်သက်ရင် အခုအချိန်အထိ ပြောစရာတွေ အများကြီးပါ။ ထိုင်းနိုင်ငံမှာကို သူ့ကိုပြန်ပြီး ၀န်ကြီးချုပ်လုပ်စေချင်တဲ့ ထောက်ခံသူတွေအများကြီး ရှိနေတာကလည်း စဉ်းစားစရာပါပဲ။ သူ့ကိုမျက်ကွယ်ထောင်ဒဏ် (၂)နှစ် ချထားပေမယ့် သူကတော့ ဟိုနိုင်ငံမှာပေါ်လာလိုက်၊ ဒီနိုင်ငံမှာပေါ်လာလိုက်နဲ့ အေးအေးဆေးဆေးပါပဲ။ အခုနောက်ဆုံး ပြောစရာအဖြစ်ဆုံးကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရအဖွဲ့ရဲ့ အကြံပေးအဖြစ် ခန့်အပ်ခဲ့တဲ့ကိစ္စပါပဲ။ ဒါများ ဘာထူးဆန်းလို့တုန်းလို့ ပြောစရာရှိပါတယ်။ ဟုတ်ကဲ့... ပုံမှန်အတိုင်းဆိုရင် မထူးခြားပေမယ့် အခုဟာက ထိုင်းနဲ့ကမ္ဘောဒီးယားတို့က နှစ်နိုင်ငံနယ်စပ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကျောင်းတစ်ခုအတွက် ပစ်ကြခတ်ကြခဲ့ရတဲ့အထိ တင်းမာနေတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ထိုင်းကနေ ဖမ်းဝရမ်းထုတ်ထားတဲ့၊ မျက်ကွယ်ထောင်ဒဏ်ချထားတဲ့ သက်ဆင်ကို အစိုးရမှာ အကြံပေးခန့်တာကတော့ ပြောစရာဖြစ်တာ မဆန်းပါဘူး။ ကျွန်တော်တို့ မြန်မာကများ အဲဒီလိုလုပ်လိုက်ရင် ဘယ်လောက်များအော်ကြမလဲ မသိဘူးနော်။ စဉ်းစားစရာပါ။

karzaimyanmarthwaycocc.jpg

ဟာမစ်ကာဇိုင်းပါ။ နိုင်ငံရေးနဲ့ကင်းကွာတဲ့လူတွေအတွက် ရင်းနှီးတဲ့နာမည် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဘယ်သူလဲဟဆိုပြီး ဖြစ်သူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်လို့ ပြောလိုက်ရင်တော့ လူတိုင်းသိကြမှာပါ။ အဲဒီလို လူတိုင်းသိတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာမျိုးစုံကြောင့် တစ်ကမ္ဘာလုံးက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြတဲ့အတွက် ရွေးကောက်ပွဲလုပ်ပြီးသား ရလဒ်တွေကို ပယ်ဖျက်ပြီး ဒုတိယအကြိမ်ရွေးကောက်ပွဲ ပြန်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူနဲ့ယှဉ်ပြိုင်အရွေးခံမယ့် သမ္မတလောင်း နုတ်ထွက်သွားခဲ့တဲ့အတွက် အာဖဂန်နစ္စတန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အလိုအလျောက် သမ္မတဆက်လုပ်ခွင့်ရခဲ့သူပါ။ အဲဒါက ဘာမှမထူးဆန်းပါဘူး။ ထူးဆန်းတာက ဒီမိုကရေစီဖြန့်ဖြူးသူဆိုတဲ့ အမေရိကန်တွေကိုယ်တိုင် ဦးစီးဦးဆောင်လုပ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်လိုက်တယ်။ ထပ်လုပ်မယ်ဆိုတဲ့ဟာကိုလည်း ပြိုင်ဖက်သမ္မတလောင်းက နုတ်ထွက်သွားတယ်။ အခုတော့ ဒီအတိုင်းပဲပေါ့လေ။ သေချာတာကတော့ နောင်အနှစ် ၂၀ လောက်ကျရင် စီအိုင်အေခြေရှုပ်သမျှတို့၊ အမေရိကန်တို့ ကမ္ဘာပတ်မွှေခဲ့စဉ်ကတို့ ဆိုတဲ့စာအုပ်တွေမှာ အာဖဂန်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေကုလားဖန်ထိုးခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘူးပေါ်သလို ပေါ်လာဦးမှာပါ။ ကျွန်တော်လည်း အဲဒီအချိန်အထိ နေရဦးမယ်လို့ ယုံကြည်တဲ့အတွက် ဖတ်ဖို့စိတ်ဝင်စားနေမိကြောင်းပါ။

chinausmyanmarthwaycocc.jpg

တစ်ကမ္ဘာလုံး စိတ်ဝင်စားမှုအရှိဆုံး ခေါင်းဆောင်နှစ်ယောက်လို့ ကျွန်တော်က ကင်ပွန်းတပ်ချင်ပါတယ်။ အီရန်တွေ၊ အစ္စရေးတွေ၊ မြောက်ကိုရီးယားတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ အဲဒီနိုင်ငံတွေရဲ့ အရေးအခင်းတွေက ဘယ်လိုအရေးကြီးပါတယ်၊ ဘယ်ပုံအရေးပါပါတယ်လို့ အော်နေတာက အမေရိကန်ရဲ့ ဟန်ပြပါ။ အစ္စရေးနဲ့အီရန်မတည့်ရင် သူကြိုက်မှာပါ။ ကမ္ဘာ့လုံခြုံရေးအတွက်၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက် စိတ်ပူတယ်။ စိုးရိမ်တယ် စသည်ဖြင့် အလကားပြောနေတာပါ။ သူတို့နိုင်ငံတွေ ရန်စောင်လေ၊ စစ်ပြင်ဆင်လေ လက်နက်ကုမ္ပဏီကြီးတွေ လက်နက်ရောင်းရလေ၊ ဘာစနစ်ညာစနစ် (ဒုံးခွင်းဒုံး၊ ဘာရေဒါ၊ ညာရေဒါစနစ်) စတာတွေ သန်းပေါင်းဘီလီယံနဲ့ချီပြီး ရောင်းရလေပါပဲ။ အဲဒီနိုင်ငံတွေသာ ငြိမ်းချမ်းရေးရသွားရင် အမေရိကန်က လက်နက်ကုမ္ပဏီကြီးတွေ ဘာလုပ်စားကြမလဲဗျာ။ ဘယ်နိုင်ငံက အရူးထပြီး ဒေါ်လာဘီလီယံနဲ့ချီပြီးတန်တဲ့ ရေဒါစနစ်တွေ ၀ယ်မလဲ။ ထားပါတော့လေ။ ပြောချင်တာက အဲဒီနိုင်ငံအရေးတွေကို စိတ်ဝင်စားပြနေတာဟာ နိုင်ငံရေးအရ ကစားကွက်တစ်ခုလို့ပဲ ကျွန်တော်က မြင်ပါတယ်။ အမေရိကန်အတွက် တကယ်တမ်း စိတ်ဝင်စားစရာ၊ စိုးရိမ်စရာ၊ စောင့်ကြည့်စရာက တရုတ်နဂါးကြီး ဖြစ်ပါတယ်။ နဂါးကြီး အကောင်ကြီးလာတာနဲ့အမျှ ဘယ်နေ့များ လင်းယုန်ကို မီးနဲ့မှုတ်မလဲဆိုတာကို စိုးရိမ်နေရတဲ့အဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ သာမန်လူတွေက ဒီနေ့ဘာဖြစ်တယ်ဆိုတာလောက်ပဲ စိတ်ဝင်စားတာပါ။ သိကြတာပါ။ အမေရိကန်တွေကတော့ နောင်နှစ်ပေါင်း ၅၀ လောက်ကျရင် တရုတ်ရဲ့အခြေအနေဟာ ဘယ်လိုဖြစ်နေမယ်၊ တရုတ်ရဲ့ပါဝါဟာ ဘယ်လောက်အဆင့်ရောက်လာမယ်ဆိုတာ တွက်ချက်ပြီးသား ဖြစ်မှာအသေအချာပါ။ စကားမရှည်တော့ပါဘူး။
အပေါ်ကပုံကို ကျွန်တော်က နာမည်တစ်ခုပေးလိုက်ချင်ပါတယ်။ "ကြွေးရှင်နှင့် ကြွေးမြီစား တွေ့ဆုံခြင်း" လို့ပါ။ အမေရိကန်ရဲ့ အကြီးဆုံးကြွေးမြီရှင်ဟာ တရုတ်ဆိုရင် အံ့သြနေကြမလားပဲနော်။ အဲဒါ တကယ်ပါ။

abbasmyanmarthwaycocc.jpg

နိုင်ငံရေးစိတ်မ၀င်စားတဲ့လူတွေကတော့ ဘယ်သူမှန်းကို သိကြမယ်မထင်ပါဘူး။ ကျွန်တော်ကပဲ မိတ်ဆက်ပေးပါရစေ။ ပါလက်စတိုင်းခေါင်း မာမွတ်အဘက်စ် ဖြစ်ပါတယ်။ ပါလက်စတိုင်းလို့ ဆိုလိုက်ရင်တော့ အစ္စရေးနဲ့တွဲပြီး အတော်အသင့် သိကြမယ်ထင်ပါတယ်။ ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဆာအာရာဖတ်နောက်ပိုင်းမှာ လူသိအများဆုံး ပါလက်စတိုင်းခေါင်းဆောင် ဖြစ်ပါတယ်။ ထားပါတော့။ အခုဖြစ်နေတာက မာမွတ်အဘက်စ်ဟာ လက်ရှိရာထူးကနေ အနားယူတော့မယ်၊ နုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေပါ။ အစ္စရေးဝန်ကြီးချုပ်ကိုယ်တိုင်က အဘက်စ်ကို နုတ်ထွက်ခြင်းမပြုဖို့ တောင်းဆိုနေတာကလည်း စိတ်ဝင်စားစရာပါ။ အဘက်စ်ကို သဘောကျလို့လား၊ "နောက်လာမယ့်မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ" ဖြစ်မှာကြောက်လို့လားမသိပါ။ သေချာတာကတော့ မာမွတ်အဘက်စ်တစ်ယောက်လည်း ပါလက်စတိုင်းနိုင်ငံအတွက် မလုပ်ပေးသွားနိုင်ခဲ့ဘူးဆိုတာပါပဲ။ သိကြားမင်းကိုယ်တိုင် ဆင်းလုပ်ပေးတာတောင် ရပါ့မလားလို့ တွေးနေမိကြောင်းပါ။

maradonamyanmarthwaycoc.jpg

ဒါကတော့ လူတိုင်းမသိရင်တောင် ကြားဖူး၊ မြင်ဖူးတဲ့ ဘောလုံးဝိဇ္ဇာကြီး မာရာဒိုနာပါ။ အခုတော့ အာဂျင်တီးနားအသင်းနည်းပြပေါ့။ သူဖြတ်သန်းခဲ့တဲ့ဘ၀တွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြောစရာဖြစ်ကျန်ခဲ့အောင် လုပ်နိုင်ခဲ့သူပါ။ အများအားဖြင့်တော့ နာမည်ဆိုးနဲ့ ကျော်ကြားသူလို့ ပြောရပါမယ်။ ဘောလုံးပညာနဲ့ပတ်သက်ရင်တော့ အငြင်းပွားဖွယ်ရာမရှိ ဒီနေ့အချိန်ထိ အတော်ဆုံးဘောလုံးသမားအဖြစ် ပီလီနဲ့ ပူးတွဲသတ်မှတ်ထားပါတယ်။ လူထုစစ်တမ်းအရ မာရာဒိုနာက မဲအများဆုံးရပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ပီလီနဲ့ ပူးတွဲသတ်မှတ်ပေးထားရပါတယ်။ ထားပါတော့။ အခုပြောချင်တာက ဥရုဂွေးကို အဆုံးအဖြတ်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ အဲဒီအောင်မြင်မှုအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားခဲ့လို့ ဖီဖာက အရေးယူခဲ့ပါတယ်။ ဒဏ်ငွေပမာဏတစ်ရပ်နဲ့အတူ ဘောလုံးလောကနဲ့ နှစ်လကြာ ပါဝင်ပတ်သက်မှုမလုပ်ရဘူးဆိုတဲ့ အရေးယူမှုပါ။ စိတ်ဝင်စားစရာပါ။ ဘောလုံးမန်နေဂျာတစ်ယောက်ကို ဘောလုံးလောကနဲ့ ပါဝင်ပတ်သက်မှုမလုပ်ရဘူးဆိုတာ တစ်မျိုးကြီးများ ဖြစ်နေသလားလို့ပါ။ ဘယ်လိုမျိုး ပတ်သက်မှုမလုပ်ရတာလဲ။ ဘောလုံးကိုင်ခွင့်တောင် မရှိတော့တာလား။ ကိုယ်တိုင်ရော ဘောလုံးကစားလို့ မရတော့ဘူးလား။ ဘောလုံးပွဲဝေဖန်သူရော လုပ်လို့မရဘူးလား။ ထားပါ။ ကျွန်တော်ကျွမ်းကျင်တဲ့ကိစ္စ မဟုတ်ပါဘူး။ မီဒီယာတွေကို ဝေဖန်တဲ့အတွက် အရေးယူတာဆိုတော့ မီဒီယာတွေက သူ့အပေါ်မှာ ရစရာမရှိအောင် ဝေဖန်ပုတ်ခတ်ရေးသားခဲ့ကြတာကျတော့ ဘယ်လိုအရေးယူမလဲဆိုတာ စဉ်းစားနေမိကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၅၂ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics