Thursday, December 24, 2009

တတိယလှိုင်း တတိယပုံစံ - ကျော်ဝင်း


အနုမာနနှင့် ဆက်စပ်အခြေအနေ
ကွယ်လွန်သူ ဟားဗတ်ပါမောက္ခ ဆယ်မျူရယ်-ပီဟန်နင်တန်က ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်းကို ဒီမိုကရက်တစ် တတိယလှိုင်းကာလဟု သတ်မှတ်သည်။ လူ့သမိုင်း၏ တတိယအကြိမ်မြောက် ဒီမိုကရေစီအရေးတော်ကြီးဟု ဆိုလိုရင်းဖြစ်သည်။ ဤကာလအတွင်း ဒီမိုကရက်တစ်အပြောင်းအလဲဆိုင်ရာ အနုမာနများ၊ မနည်းမနော ပေါ်ထွက်လာခဲ့သည်။ ဤသည်များထဲမှ အချို့မှာ လက်တွေ့ဆက်စပ်အခြေအနေများနှင့် ပေါင်းစည်းမိပြီး သီအိုရီသဘော ရောက်သွားခဲ့သည်များလည်း ရှိသည်။ ၎င်းတို့ထဲမှ သြဇာအကြီးဆုံးဟု ယူဆရသော သီအိုရီ နှစ်ခုကို ထုတ်ပြလိုသည်။

ပထမသီအိုရီကို Mobilization Theory ဟု ခေါ်သည်။ လူမှုရေးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုများမှနေ၍ ဒိမိုကရေစီထွက်ပေါ်လာလိမ့်မည်ဟု ဟောသည်။ လူမှုစည်းရုံးလှုပ်ရှားရေးဆိုင်ရာ သီအိုရီ ဟု ဆိုနိုင်ပါလိမ့်မည်။ ခေတ်ပြိုင်နိုင်ငံရေး သိပ္ပံပညာရှင် ဖိလစ်ကို(လ)ထာ က စတင်ဖော်ထုတ်၍ ဖိလစ်ပိုင် People Power လှုပ်ရှားမှုတွင် ရေပန်းစားလာသည်။ အရှေ့ဥရောပဒီမိုကရေစီ အပြောင်းအလဲများနောက်ပိုင်းတွင် သီအိုရီသဘော ရောက်လာသည်ဟု ဆိုပါသည်။ သို့နှင့်တိုင် ဆိုဗီယက်ယူနီယံ၏ ပေါ်လစီအပြောင်းအလဲက သီအိုရီတရား ကိုယ်ထက်ပိုအရေးပါသည်ဟု ထောက်ပြကြသည်များလည်း ရှိသည်။ အကယ်၍ ဆိုဗီယက်ယူနီယံ အပြောင်းအလဲသာ မရှိခဲ့လျှင် ဤသီအိုရီ မဖြစ်တည်နိုင်။ အနုမာနဘ၀မှာပင် မြောင်းထဲရောက်သွားနိုင်သည်ဟု ဝေဖန်ကြခြင်းဖြစ်သည်။

ဒုတိယသီအိုရီမှာ Development Theory ဟု နာမည်ကြီးသည်။ စီးပွားရေးဖွံ့ဖြိုးမှုက ဒီမိုကရေစီကို မွေးထုတ်လိမ့်မည်ဟု ဟောသည်။ စီးပွားရေးဖွံ့ဖြိုးမှုသီအိုရီဟု ဆိုနိုင်ပါလိမ့်မည်။ အရှေ့အာရှနိုင်ငံများ၏ ဒီမိုကရက်တစ်ဖြစ်စဉ်ကို ဤသီအိုရီဖြင့် ရှင်းပြကြသည်များရှိသည်။ ဤသီအိုရီအပေါ် ဝေဖန်ထောက်ပြသူများကမူ အဆိုပါ အရှေ့အာရှနိုင်ငံများ၏ ထူးခြားချက်ကို မီးမောင်းထိုးပြကြသည်။ လောကလုံးသဘောမဆောင်ဟု ဝေဖန်ကြခြင်းဖြစ်သည်။

လွတ်နေသော တတိယအုပ်စု
အမှန်စင်စစ် တတိယလှိုင်းမတိုင်မီ ၁၉၇၀ ၀န်းကျင် ဒီမိုကရက်တစ်စည်းဝိုင်းအပြင်ဘက်ရှိ နိုင်ငံများ၏ အရပ်ရပ်အခြေအနေမှာ တစ်ခုနှင့်တစ်ခု တူကြသည်မဟုတ်ပါ။ အကြမ်းအားဖြင့် အုပ်စုသုံးစု ခွဲနိုင်ပါလိမ့်မည်။ ၎င်းတို့မှာ (၁) တစ်ပါတီစနစ်နှင့်သွားသော ကွန်မြူနစ်နိုင်ငံများ (အရှေ့ဥရောပအုပ်စု)၊ (၂) အာဏာပိုင်စနစ်နှင့် ဈေးကွက်စီးပွားရေးကို ပူးတွဲအကောင်အထည်ဖော်သော နိုင်ငံများ (အရှေ့အာရှအုပ်စု) နှင့် (၃) အကြောင်းကြောင်းကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသော နိုင်ငံများဖြစ်သည်။

ပထမနှင့် ဒုတိယအုပ်စုနိုင်ငံများ၊ စစ်အေးကာလအတွင်း စူပါပါဝါ တစ်ခုမဟုတ်တစ်ခုနှင့် ချိတ်ဆက်ထားသည်ဖြစ်ရာ ကမ္ဘာလုံးချီ ရေစီးကြောင်းအပြောင်းအလဲများနှင့် တိုက်ရိုက်ဆက်စပ်နိုင်သည်။ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများလည်း (အားမကောင်းလှသည့်တိုင်) ရှိသလောက်ရှိသည်။ ပြောရလျှင် အပြောင်းအလဲအတွက် ရေခံမြေခံအချို့ အထိုက်အသင့်ရှိသည်ဟု ဆိုနိုင်သည်။ တတိယအုပ်စုဝင်နိုင်ငံများကား သူတို့နှင့်မတူ၊ သူ့ထူးခြားချက်နှင့်သူ ဖြစ်သည်။

အဆိုပါ တတိယအုပ်စုဝင် နိုင်ငံအားလုံးလောက်မှာ စစ်အေးခေတ်တစ်လျှောက်လုံး ပြည်တွင်းစစ်နှင့် နပန်းလုံးနေကြရသည်က များသည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘ၀အားလုံးကို ပြည်တွင်းစစ် အရိပ်မည်းကြီးက လွှမ်းထားသည်။ ပြည်တွင်းစစ်ကို အကြောင်းခံ၍ လက်နက်ကိုင်အင်အားစုများက နိုင်ငံရေးကွန်ချာထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့အတွက် ပထမအုပ်စုနှစ်ခုတွင် အသုံးတည့်ခဲ့သော သီအိုရီများဖြင့် တတိယအုပ်စုတွင် အလုပ်ဖြစ်လိမ့်မည်ဟု မမျှော်မှန်းအပ်။ သူ့အရပ်နှင့် သူ့ဇာတ်ဖြစ်လိမ့်မည်။ Local Narrative ဖြစ်လိမ့်မည်။ Global ရေစီးတွေထက် Local စဉ်းစားချက်များနှင့် အမြော်အမြင်က ပိုအရေးပါလိမ့်မည်ဟု သဘောယူလာကြသည်။

တတိယပုံစံလော
မကြာသေးမီက ဆိုခဲ့ပါ တတိယအုပ်စုဝင် နိုင်ငံများနှင့် ဆက်စပ်နိုင်သော အနုမာနအယူအဆတစ်ခုကို ဖတ်လိုက်ရသည်။ ထုတ်ဖော်တင်ပြသူမှာ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT)မှ နိုင်ငံရေးသိပ္ပံပါမောက္ခ မိုင်ရွန်ဝင်နာ ဖြစ်သည်။ သူက သူ့အယူအဆကို Empirical Democratic Theory ဟု အမည်ပေးထားသည်။ လက်တွေ့အလုပ်ဖြစ်နိုင်စရာရှိသည့် အဆိုပြုချက်ဟု ဆိုချင်ဟန်ရှိပါသည်။

သူက ဆိုခဲ့ပါ တတိယအုပ်စုဝင်နိုင်ငံများတွင် ရွေးကောက်ပွဲတွေ ပေါ်ထွက်လာစရာရှိသည်ဟု လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ကပင် နိမိတ်ဖတ်ထားသည်။ ဤသို့သော ရွေးကောက်ပွဲများ အမှန်တကယ်ပေါ်ထွက်လာခဲ့လျှင် ကြိုဆိုသင့်သည်ဟုလည်း သဘောထားပေးသည်။ အကြောင်းမူ ရွေးကောက်ပွဲသည်သာ ပလေယာအားလုံးအတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သောကြောင့်ဟု ဆိုသည်။ ရွေးကောက်ပွဲကို ဖြတ်သန်းပြီးမှသာ ဆန့်ကျင်ဘက်သဘော ဆောင်နေသော ပလောယာများကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်တည်လာနိုင်စရာရှိသည်ဟု အကဲဖြတ်သည်။ အပ်ကွက်ထဲ ပိတ်မိနေသောအခြေအနေတွင် ချက် နိုင်ဖို့အတွက် ရွေ့နိုင်ဖို့က ပိုအရေးကြီးသည်ဟု စစ်တုရင်စကားဖြင့် သတိပေးသည်။

ထုံးစံအတိုင်း စာရေးသူက သူ့စာကို မြန်မာ့နိုင်ငံရေးအပေါ် တင်ကြည့်နေမိသည်။ စိတ်ကိုဖွင့်ထားနိုင်လျှင် အဖြေတစ်ခု ရလေမည်လား တွေးမိသည်။ ၀ိုင်းဝန်း ဆင်ခြင်ကြပါကုန်။

စာညွှန်း - Empirical Democratic Theory (Myrom Weiner)

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics