Wednesday, December 30, 2009

နိုင်ငံရေးနှင့် နိုင်ငံသားတို့၏ အခန်းကဏ္ဍ - ကိုကိုလှိုင်


နိုင်ငံရေးလောကတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ နိုင်ငံရေးလောကတွင် မှားယွင်းနေသော အယူအဆတစ်ခု ရှိသည်။ ယင်းအယူအဆမှာ နိုင်ငံရေးသမားတို့က နိုင်ငံသားများကို ၎င်းတို့၏နောက်လိုက်များဟု ယူဆခြင်းဖြစ်၏။ အချို့နိုင်ငံရေးသမားများက နိုင်ငံသားတို့ကို ဘဲအုပ်ကြီးတစ်အုပ်နှင့် တူသည်ဟုပင် ဆိုကြသည်။ ဘဲအုပ်အတွင်း၌ ဘဲတစ်ကောင်က ဦးဆောင်သွားသည့်အတိုင်း နောက်ဘဲများက ချောက်မှန်းကမ်းမှန်းမသိဘဲ စိုက်လိုက်မတ်တတ် လိုက်သွားလေ့ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လူမှုစိတ်ပညာဝေါဟာရအရ အုပ်စုအဟုန် (Group Dynamic) ကို အသုံးချကာ အများမိုးခါးရေသောက်လျှင် လိုက်၍ သောက်လေ့ရှိကြသော လူတို့၏ သဘောသဘာဝအရ လူအုပ်စု၏ အပြုအမူကို နည်းအမျိုးမျိုးဖြင့် ပဲ့ကိုင်ထိန်းကျောင်းရန် ကြိုးစားခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် နိုင်ငံသားတို့၌ ဆင်ခြင်တုံတရားထက် စိတ်လှုပ်ရှားမှုက လွှမ်းမိုးနေသောအခါ သို့တည်းမဟုတ် ထူးထူးခြားခြား လူကြိုက်များသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုးမှုက ကြီးမားနေသောအခါ သို့တည်းမဟုတ် နည်းလမ်းတကျ မှန်ကန်စွာ ဆင်ခြင်သုံးသပ်နိုင်လောက်သည့် ဉာဏ်ပညာအရည်အချင်းနှင့် မပြည့်စုံသေးသောအခါ အဆိုပါ နိုင်ငံရေးသမားတို့ တွေးထင်ပြောဆိုသကဲ့သို့ပင် နိုင်ငံသားလူအများကို လိုသလို ပဲ့ကိုင်ထိန်းကျောင်း ဦးဆောင်သွားရန် လွယ်ကူပေလိမ့်မည်။

သို့သော် စင်စစ်၌ နိုင်ငံသားတို့ကို နိုင်ငံရေးသမားများတို့၏ နောက်လိုက်များဟု ပြောဆိုပါက ရာနှုန်းပြည့် မမှန်နိုင်ပေ။ နိုင်ငံသားတို့နှင့် ရွေးကောက်ခံနိုင်ငံရေးသမားများ (တစ်နည်း) အစိုးရတို့အကြား ဆက်ဆံရေးမှာ အပြန်အလှန်ထိန်းချုပ်ထားသည့် လူမှုပဋိညာဉ် (Social Contract) အရ လိုက်နာဆက်ဆံကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံသားမဲဆန္ဒရှင်များ (တစ်နည်းအားဖြင့်) ရွေးကောက်သူများ (Electors) က ရွေးကောက်ခံ (Elected) ကိုယ်စားလှယ်များကို ရွေးချယ်သည်။ တစ်ဖန် ထိုရွေးကောက်ခံကိုယ်စားလှယ်များက နိုင်ငံသားပြည်သူများကိုယ်စား အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့် ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်စီမံကြသည်။ ထို့သို့ ဆောင်ရွက်စီမံသမျှကို နိုင်ငံသားပြည်သူတို့က လိုက်နာကြရသည်။ စီမံခန့်ခွဲရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် နိုင်ငံတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို အသိအမှတ်ပြုကာ မထိမပါးမိအောင် ဂရုစိုက်ကြရသည်။ နိုင်ငံသားတို့ကလည်း မိမိတို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် တာဝန်များကို ထမ်းဆောင်ကြရသည်။ ဤသည်ပင် လူမှုပဋိညာဉ်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးသမားတို့ နိုင်ငံအုပ်ချုပ်မှုလုပ်ငန်းများ၌ ခေါင်းဆောင်ခွင့်ရဖို့မှာ နိုင်ငံသားတို့၏ လက်တွင်း၌ရှိသည်ကို သဘောပေါက်သင့်သည်။ ဆိုလိုသည်မျာ နိုင်ငံသားတို့သည် နောက်လိုက်သက်သက်မျှမဟုတ်။ နိုင်ငံသားတို့၌ ရွေးချယ်တာဝန်ပေးပိုင်ခွင့် (Mandatory Power) ရှိသည်။ အဆင့်အတန်း (Status) ရှိသည်။ အခွင့်အရေးများ (Rights) ရှိသည်။ ထမ်းဆောင်ရမည့်တာဝန်များ (Responsibilities) ရှိသည်။

နိုင်ငံရေးနှင့် ပတ်သက်၍ နိုင်ငံသားတို့၌ မဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံရေးဝါသနာမပါ၍ မလုပ်ချင်သာနေမည်။ ရွေးကောက်ခံပိုင်ခွင့်လည်းရှိသည်။ နိုင်ငံသားတိုင်း နလပိန်းတုံးများမဟုတ်။ နိုင်ငံရေးသမားများထက် မက္ကရိုစီးပွားရေးခေါ် တိုင်းပြည်စီးပွားရေးကို ပို၍ နားလည်သည့် ဘောဂဗေဒပညာရှင်များလည်း ရှိသည်။ နိုင်ငံဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပို၍ နားလည်သည့် ဘဏ္ဍာရေးပညာရှင်များလည်း ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံကို ပိုမိုနားလည်တတ်ကျွမ်းသည့် ပညာရှင်များလည်း ရှိသည်။ ကာကွယ်ရေးနှင့် မဟာဗျူဟာလုံခြုံရေးတွင် ပိုမိုကျွမ်းကျင်သည့် ပညာရှင်များလည်းရှိသည်။ ထို့ကြောင့် မြင်မြင်သမျှ နိုင်ငံသားတို့ကို ပြောသမျှယုံ၍ ခိုင်းသမျှလုပ်မည့် နောက်လိုက်များဟု ယူဆလျှင် အမှားကြီး မှားလိမ့်မည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆင်းရဲနွမ်းပါးမှုကြောင့်လည်းကောင်း၊ စာမတတ်မြောက်မှုကြောင့်လည်းကောင်း၊ နိုင်ငံသားတို့၏ နိုင်ငံရေးအသိအမြင် နည်းပါးမှုကြောင့် နိုင်ငံရေးသာဗိန္ဒ (Demagogue)တို့၏ ညာလှိုင်းသိမ်းသွင်း ဆွဲဆောင်မှုနောက်ကို ပါသွားကာ အာဏာနိုင်ငံရေး၊ ငွေကြေးနိုင်ငံရေး၊ ကိုယ်ကျိုးရှာနိုင်ငံရေးတို့ ပေါ်ထွန်းလာတတ်သည်။ လူထုကောင်းစားရေးကို ဟန်ပြ၍ လူတစ်စုကောင်းစားရေးသို့ ရှေးရှုသွားတတ်သည်။

ထိုအဖြစ်မျိုးကို ရှောင်လွှဲနိုင်ရန်မှာ နိုင်ငံသားတို့၏ အရည်အချင်း၊ အရည်အသွေးတို့ကို မြှင့်တင်တည်ဆောက်ပေးခြင်း (Capacity Building)ကို ဦးစားပေးလုပ်ဆောင် ရပေလိမ့်မည်။

နိုင်ငံသားကောင်းတစ်ဦး၏ ရှိသင့်ရှိထိုက်သော အရည်အချင်းနှင့် အရည်အသွေးတို့ကို အောက်ပါအတိုင်း ဖော်ထုတ်နိုင်သည်။

  1. အမှားအမှန် ဝေဖန်ဆင်ခြင် ပိုင်းခြားနိုင်လောက်အောင် အခြေခံပညာ တတ်သင့်သည်။
  2. နိုင်ငံရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတများ မှန်မှန်ကန်ကန် ရှိထားသင့်သည်။ အထူးသဖြင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို သေချာသိထားသင့်သည်။
  3. မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (မဲ) ကို အထိုက်တန်ဆုံး ကိုယ်စားလှယ်သို့ မှန်ကန်အကျိုးရှိစွာ မိမိကိုယ်တိုင် ရွေးချယ်ပေးနိုင်စွမ်း ရှိသင့်သည်။
  4. အကျင့်စာရိတ္တ ကောင်းမွန်၍ ပြည်သူ့နီတိကို လေးစားလိုက်နာကျင့်ကြံသူ ဖြစ်သင့်သည်။
  5. လူမှုရေးစိတ်ဓာတ်ရှိ၍ အများအကျိုး လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် လက်မနှေးသူ ဖြစ်သင့်သည်။
  6. မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အများနှင့် ဆက်ဆံရာတွင် လိုက်လျောညီထွေ သည်းခံတတ်သူ ဖြစ်သင့်သည်။
  7. သူတစ်ပါးနှင့် ဆက်ဆံရာတွင် တစ်ဖက်သား၏ အနေအထားကို နားလည်ရန် ကြိုးစားပေးပြီး ကွဲပြားသောအမြင် ရှိမှုကို လက်ခံနိုင်စွမ်းရှိသင့်သည်။

ဤသို့သော အရည်အချင်း၊ အရည်အသွေးများနှင့် ပြည့်စုံသည့် နိုင်ငံသားများဖြင့် တည်ဆောက်ထားသော နိုင်ငံမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှု၊ စွမ်းရည်ရှိသော အစိုးရကို ရွေးချယ်ဖွဲ့စည်းနိုင်မှု၊ နိုင်ငံအေးချမ်းသာယာမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုများကို လွယ်လင့်တကူ တည်ဆောက်နိုင်ပေလိမ့်မည်။ နိုင်ငံသားကောင်းများကသာ နိုင်ငံကောင်းတစ်ခုကို တည်ဆောက်နိုင်လေသည်။ ဆန်ရင်းကောင်းမှ ထမင်းကောင်းလိမ့်မည်။

Ref: "Political Science" MPB Publications India.

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics