Thursday, December 24, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၃/၂၄ ဒီဇင်ဘာ ၂၀၀၉)


(၁)
ဇာတ်ကားအမည် - အချစ်ကို လျှော့မတွက်နဲ့
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုအောင်မင်းသိမ်း
ရိုက်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဇင်ဝိုင်း၊ ငှက်ပျောကြော်၊ ကိုပေါက်၊ တက္ကသိုလ် ဂွမ်းပုံ၊ အေးသီတာ၊ ယွန်းရွှေရည်

ဇာတ်လမ်းသဘော
သမီးအပေါ်ချစ်သည့် အတ္တစိတ်တစ်ခုဖြင့် စည်းစနစ်ကြီးမားလွန်းပြီး ချုပ်ချယ်လွန်းသော ဖခင်တစ်ယောက်နှင့် လက်ရဲဇက်ရဲ၊ မဟုတ်မခံစိတ်ဖြင့် လွတ်လွတ်လပ်လပ် ဘ၀ကို ဖြတ်သန်းနေထိုင်သော လူငယ်တစ်ဦးတို့ ထိပ်တိုက်တွေ့ဆုံကြရာမှ ဖခင်ကတစ်ဖက် ချစ်သူကတစ်ဖက်ဖြစ်ရသူ မိန်းကလေးတစ်ဦး၏ အဖြစ်အပျက်၊ မည်မျှပင် အခက်အခဲတံတိုင်းများ တားဆီးကာရံထားပါစေ အချစ်စစ်သာမှန်ပါက အရာအားလုံးကို ဖြတ်ကျော်နိုင်စွမ်းရှိကြောင်း (ဇာတ်ကားနာမည်အတိုင်း) တင်ပြထားသည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။

ဝေဖန်သုံးသပ်ချက်
ပထမပိုင်းဇာတ်လမ်းအပျိုးကို ကြည့်နေရင်းနဲ့ ရှိတ်စပီးယားရဲ့ ရိုမီယိုနှင့် ဂျူးလိယက်ကို ပြေးမြင်မိသည်။ သူတို့တွေ့ဆုံချစ်ကြိုက်ကြပုံကို မှီးထားသလား၊ ဒါမှမဟုတ် ချစ်တာချင်းတူနေတာလားတော့ မသိပေ။

သမီးအပေါ် ချစ်သည့်စိတ်လွန်ကဲ့ပြီး စည်းကမ်းကြီးသော ဖခင်တစ်ဦးအဖြစ် ဇင်ဝိုင်းကို ရွေးချယ်ထားသည့် ဒါရိုက်တာကို ချီးကျူးမိသည်။ ဇင်ဝိုင်း အနေဖြင့် သူ့ဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်သွားနိုင်သည်။ အထူးသဖြင့် မျက်လုံးများဖြင့် ပြောသွားသော စကားများလုံးများကို အမှတ်ထင်ထင်ဖြစ်ရသည်။

အူဝဲကတော့ ရုပ်ရှင်ကဝေဖြစ်သည့်အတွက် ပြောစရာမရှိပါ။ သူ့ထုံးစံအတိုင်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားပါသည်။ ဒီဇာတ်ကားတွင်လည်း မချစ်ဖူးသည့် အချစ်ရူးမလေးအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်ပါသည်။ သို့သော် စည်းကမ်းကြီးလှသည့် ဖခင်ကို ချစ်ကြောက်ရိုသေသည့် သမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရာတွင်မူ အနည်းငယ်လိုနေသည်ဟု မြင်မိသည်။

ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် အရက်သောက်သည့်အခန်းမှန်သမျှသည် ပြေတီဦးအတွက် အပီပြင်ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ သူ့ပုံစံကိုက အရက်သမားဇာတ်ကောင်နှင့် လိုက်ဖက်သလားမသိပါ။ အတော်လေး သရုပ်ပီပြင်တာကို တွေ့ရသည်။ မျက်လုံးနီတာ၊ အာလေးလျှာလေးဖြစ်တာ၊ မျက်နှာအမူအရာကအစ အရက်တကယ်သောက်ပြီး ရိုက်ထားသလား ထင်မှတ်ရသည်။ ဒီဇာတ်ကားမှာလည်း ခပ်ဂျစ်ကန်ကန် ကောင်ဆိုးလေးတစ်ယောက်အဖြစ် တာဝန်ကျေအောင် သရုပ်ဆောင်ထားပါသည်။

ဇာတ်လမ်းအပို့၊ ဇာတ်လမ်းအလှည့်များသည် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျပင် ဖြစ်ပါသည်။ နောက်ဆုံးအခန်းတစ်ခုကိုသာ ယခုဇာတ်သိမ်းနှင့်မတူဘဲ အခြားပုံစံတစ်မျိုးဖြင့် သိမ်းပေးနိုင်လျှင် ပိုမိုကောင်းလိမ့်မည်ဟု ထင်မိသည်။ တစ်ကားလုံးကောင်းလာပြီးမှ ဇာတ်သိမ်းပိုင်းက နည်းနည်းပေါ့သွားတော့ စိန်လက်စွပ်ကို ဒန်ကွပ်ထားသလို ဖြစ်နေသလားလို့ပါ။

ဘာပဲပြောပြော မြန်မာဗီဒီယိုဇာတ်ကားတွေကိုဆိုရင် မေးငေါ့စရာဖြစ်နေတဲ့အချိန်မှာ ဒီလိုဇာတ်ကားလေးတွေ ထွက်လာတဲ့အတွက် အံ့သြရသလို ကျေနပ်ရပါတယ်။

သေချာပေါက်ကို ငှားကြည့်သင့်တဲ့ဇာတ်ကားပါ။ အချစ်၊ အလွမ်း၊ ဟာသ အစုံပါတဲ့ ချဉ်ငံစပ်အသုပ်စုံတစ်ပွဲပါ။

သူတို့ပြောသလိုပြောရရင်တော့ "အချစ်ကို လျှော့မတွက်နဲ့" တဲ့။

(၂)
ဇာတ်ကားအမည် - အမှောင်ငွေ့ရနံ့ (Scent of the dark)
Written and directed by Rezaw (ရီဇော်)
Art Director – Ye Naing Moe
သရုပ်ဆောင် - ရဲတိုက်၊ အိန္ဒြာကျော်ဇင်၊ မင်းဇင်၊ နန္ဒာအောင်၊ ဟိန်းထက်ဇော်၊ မိုးသစ်ငြိမ်း

ဇာတ်လမ်းသဘော
စိတ္တဇဆန်ဆန် (သို့မဟုတ်) အကွက်ကျကျ စီစဉ်တတ်သော အမှောင်ကိုဖန်တီးတတ်သည့် အမျိုးသမီးတစ်ဦးနှင့် စိတ်အလိုလိုက် အမှောင်ကြိုက် အမျိုးသားများအကြောင်း ပုံဖော်တင်ပြထားခြင်းဖြစ်သည်။

ဝေဖန်သုံးသပ်ချက်
Satori မှ တင်ဆက်သော ဇာတ်ကားများထုံးစံအတိုင်း ဇာတ်လမ်းက ခပ်ဆန်းဆန်း၊ ရိုက်ချက်က ခပ်လန်လန်၊ ရဲတိုက်ကမင်းသား၊ အင်္ဂလိပ်စာတန်းထိုးပေးထားတယ်။

ဇာတ်လမ်းသဘောကို ရေးသာရေးလိုက်ရသော်လည်း အခုအချိန်အထိ ဇဝေဇ၀ါဖြစ်နေဆဲ ရှိသေးသည်။ ဘယ်လိုဇာတ်လမ်းလဲဟု အခြားတစ်ယောက်က မေးလာလျှင် ဖြေရခက်သည့်ဇာတ်လမ်း ဖြစ်ပါသည်။ ထို့ကြောင့် အပေါ်တွင် ကျွန်တော်ရေးထားသော ဇာတ်လမ်းအကျဉ်းသည် ကျွန်တော်နားလည်သလို ရေးထားခြင်းသက်သက်သာ ဖြစ်ပါသည်။ မူလဇာတ်ကားကပေးသည့် message ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။

ဇာတ်ကားကိုထိုင်ကြည့်နေရင်း ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် အလုပ်ရသွားကြသည်။ ကိုယ်ထင်ရာ တစ်မျိုးစီနှင့်ဖြစ်သည်။ ဇာတ်ကားက ဘာကိုဆိုလိုသလဲဆိုတာကို တစ်ယောက်တစ်မျိုး ငြင်းခုန်ကြသည်။ ဒါကိုက ဒီဇာတ်ကားရဲ့ ထူးခြားချက်လားမသိ။

သူများနှင့်မတူသော စကားလုံးများ၊ သူများနှင့်မတူသော ရိုက်ချက်များ၊ သူများနှင့်မတူသော ဇာတ်ကွက်များဖြင့် အမြဲလုပ်တတ်သည့် Satori ကိုတော့ အသိအမှတ်ပြုမိပါသည်။

အမှန်အတိုင်းပြောရလျှင် ဒီဇာတ်ကားကို ငှားလာရခြင်းရဲ့ မူလရည်ရွယ်ချက်က ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ချင်လို့ပါ။ ဒါပေမယ့် ရွာ၊ သူ၊ အမျှင် စသည့်ဇာတ်ကားများထဲမှ ရဲတိုက်ကဲ့သို့ ဇာတ်ကောင်ကို ဒီဇာတ်ကားမှာ မမြင်ခဲ့ရ။ ဒီဇာတ်ကားက အိန္ဒြာကျော်ဇင် အသားပေးဇာတ်ကြီး ဖြစ်နေသည်။ ဇာတ်ကောင်ထက် ဇာတ်လမ်းကို ပိုပြီး အဓိကထားသွားသည်ဟု မြင်မိသည်။ ရဲတိုက်က ဘာမှထူးထူးခြားခြား လုပ်မပြလိုက်ရပါ။ သာမန်သရုပ်ဆောင်သွားရုံသာ ဖြစ်ပါသည်။

အပျင်းပြေကြည့်ချင်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်ကား မဟုတ်ပါဘူး။ အချို့ဆိုရင် ကြည့်နေရင်းနဲ့ အိပ်ပျော်သွားနိုင်ပါတယ်။ ပထမပိုင်းတစ်ခုလုံးဆိုရင် စကားပြောခန်းတောင် သိပ်မပါဘဲ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းကို ပုံဖော်နေခဲ့တာပါ။ နောက်ခံတီးလုံးသက်သက်ဖြင့် ဇာတ်ကိုဆွဲခေါ်သွားသော အခန်းတွေက အတော်များသည်။ သို့သော် ထိုအခန်းများက နောက်ပိုင်းတွင် ဇာတ်လမ်းကို ဆက်စပ်ရာ၌ အထောက်အကူဖြစ်ပါသည်။

အင်း… ဘယ်လိုပြောရမှန်းကို မသိပါ။ ဒီဇာတ်ကားကိုကြည့်ပြီး နားလည်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်က ထုံအနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဒါရိုက်တာပေးချင်သည့် message ကို ရှင်းရှင်းလင်းလင်း မရလိုက်သည့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်မိသည်။ အခုတော့ ဟိုတစ်စ ဒီတစ်စ အတွေးမျှင်တွေကို လိုက်ဖမ်းနေရသည်။

လူ့စရိုက်ကို ပုံဖော်ချင်တာများလားလို့ တွေးနေမိသည်။ ခင်ဗျားကြည့်ပြီးရင်လည်း ခင်ဗျားအမြင်လေးကို ပြောပြစမ်းပါဦးနော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။
ည ၉ နာရီ ၄၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics