Tuesday, January 19, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


၁၅-၁-၂၀၁၀ (သောကြာနေ့)
မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - တောင်ပံတွေရှိခဲ့ရင်
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
ဇာတ်ညွှန်း - ချင်းတွင်းတာရာ
တွဲဖက်ဒါရိုက်တာ - ဖေပါ
ဒါရိုက်တာ - ခန့်စည်သူ
သရုပ်ဆောင်များ - ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို၊ ဇင်မျိုး၊ ဦးခိုင်တင်၊ ထွန်းထွန်းဝင်း၊ ဒေါ်ခင်သန်းနွယ်၊ ဒေါ်အိအိစိုး၊ ခင်မို့မို့အေး

ဇာတ်လမ်းသဘော
အမြဲတမ်းပြိုင်ဆိုင်ရန်ဖြစ်နေတဲ့ ပြိုင်ဘက်နှစ်ဦး။ တစ်ဦးက ကောင်လေး၊ နောက်တစ်ဦးကတော့ ယောက်ျားရှာမလေး။ (ဘယ်လိုကြီးရေးရမှန်း မသိပါဘူးဗျာ၊ ဒီအတိုင်းရေးတော့လည်း အဓိပ္ပါယ်တစ်မျိုးကြီး ထွက်နေတယ်။ ယောက်ကရှာဆိုလည်း ဟုတ်ပါ့မလားမသိဘူး။ ယောက်ျားလျှာလည်း မဟုတ်လောက်ဘူး။ သိတဲ့လူ ပြင်ပေးကြပါဦး။ အခုတော့ အဆင်ပြေသလို ရေးလိုက်တယ်။ ဒါပေမယ့် အမြန်တော့ဖတ်ပေးကြပါနော်၊ စာတစ်လုံးချင်းကို ဖြည်းဖြည်းချင်း မဖတ်ကြပါနဲ့။) ထားပါတော့။ ပြန်ဆက်ရရင် အဲဒီနှစ်ဦးက အမြဲတမ်းမတည့်ဘူး။ နောက်ဆုံးမှာ ကောင်လေးက ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်တဲ့အခါမှာ စောစောက ယောက်ျားရှာမက သူတို့နှစ်ယောက်ကို သဘောမတူနိုင်၊ မနာလိုမရှုစိမ့်တွေဖြစ်ပြီး သူ့ရင်ထဲက သူကိုယ်တိုင်မမြင်ခဲ့တဲ့ အချစ်တွေကို သိရှိလာတဲ့အခါမှာ ..........။

ဝေဖန်သုံးသပ်ချက်

  • မဆိုးဘူးလို့ ပြောရမယ်ထင်ပါတယ်နော်။
  • ဇာတ်လမ်းကတော့ လွန်းထားထားရဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက် ဘာမှပြောစရာမရှိဘူး။ ဒါပေမယ့် ပြောစရာရှိတာက ၀တ္ထုထဲက ဇာတ်ကောင်တွေကို အသက်သွင်းတဲ့နေရာမှာ ဘယ်လိုမှ မီအောင်မလုပ်နိုင်တာပဲ။
  • ခိုင်သင်းကြည်ခမြာ အတော်ကြီးကို ကြိုးစားသရုပ်ဆောင်သွားတာ တွေ့ရပါတယ်။ ဒါပေမယ့် ၀တ္ထုဇာတ်ကောင်ကို လုံးဝကို မမီပါ။ တစ်ဖက်စွန်းကိုရောက်နေတဲ့ လုံးဝမနှစ်မြို့စရာဇာတ်ရုပ်က ခိုင်သင်းကြည်ဆီကနေ ထွက်မလာဘူး။
  • မိုးဟေကိုကလည်း ပေါ့ပေါ့ပါးပါးနိုင်လွန်းတယ်။ တကယ်တမ်းက အဲဒီလိုမဟုတ်ဘူးထင်ပါရဲ့။
  • ဒါရိုက်တာ ခန့်စည်သူဆိုတော့ ချီးကျူးရမှာပေါ့။ ဒီလိုဇာတ်ကားမျိုး ရိုက်နိုင်တယ်ဆိုတာ လွယ်တာမှ မဟုတ်တာ။ တစ်ကားနဲ့တစ်ကား ဒီပုံစံတွေချည်းပဲဖြစ်နေတဲ့ အမူအရာနဲ့ အိုက်တင်တွေက ပြင်သင့်နေပြီထင်ပါတယ်။ ဇာတ်ကောင်စရိုက်က ကောင်းနေပေမယ့် သူ့သရုပ်ဆောင်မှုက အရင်ဇာတ်ကားတွေမှာ မြင်နေကျအတိုင်း ဒီပုံစံကြီးပဲဆိုတော့ ကြည့်ရတာ အရသာအောက်တယ်။
  • ဒါရိုက်တာကို ချီးကျူးချင်ဆုံးတစ်ခုကတော့ နောက်ခံသီချင်းရွေးချယ်မှုပါ။ ဘယ်သူရွေးတယ်တော့မသိဘူး။ ဒါရိုက်တာကိုပဲ ခေါင်းတပ်လိုက်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းခေါ်သွားတာက ဖြူဖြူကျော်သိန်းရဲ့ "အဘယ့်ကြောင့်ဆိုသော်" ဆိုပြီး ၀င်ဝင်အော်သွားတဲ့ နောက်ခံသီချင်းပါ။ တကယ့်ကို ဟတ်ထိပါတယ်။
  • ကြည့်သင့်တဲ့ဇာတ်ကားအဖြစ် ညွှန်းလိုက်ပါတယ်နော်။ ဇာတ်လမ်းက ကောင်းလွန်းလို့ပါ။ သရုပ်ဆောင်တွေကို နားလည်ကြည့်ရှုပေးဖို့ လိုပါတယ်။
အဲဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတွေက ဒိုင်ယာလော့ခ်လေးတွေကလည်း စိတ်ဝင်စားစရာပါ။ ဖတ်ကြည့်ပါဦး။ ကျွန်တော်သဘောကျတာလေးတွေကို ရေးမှတ်ထားလိုက်ပါတယ်။
  • ပညတ်တော် ၁၀ ပါးမှာ သင်စိတ်ပါရင် လိုက်နာပါလို့ အမှာစာရေးမထားဘူး။
  • ဘ၀ဆိုတာ ခဏလေး... ဘယ်လောက်အကြာကြီး နေရမယ်ဆိုတာ ကံဇာတ်ဆရာကလည်း ကြိုပြောမထားဘူး။
  • ကိုယ်အသုံးမကျတာကို လူတကာသိစေချင်ရင် အကြံဉာဏ်ပေးတဲ့အလုပ်သာ စလုပ်လိုက်။
  • ကိုယ်ကိုယ်တိုင် အဆိပ်သောက်ပြီး သူများ သေမှာကို ထိုင်စောင့်နေတဲ့လူနဲ့ တူတယ်။
  • ကြီးပွားချမ်းသာအောင် လုပ်ရတာ လွယ်တယ်။ နှလုံးသားက ၀ှက်ထားတဲ့ စကားထာတွေကို ဖော်ရတာ ပိုခက်တယ်။

၁၆-၁-၂၀၁၀ (စနေနေ့)
(၁)
ဇာတ်ကားအမည် - သူငယ်ချင်းလေး
ဝတ္ထု - လွန်းထားထား (ဆေးတက္ကသိုလ်)
အနုပညာအကြံပေး - အကယ်ဒမီ ခင်လေးသိမ့်
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ကြည်ဖြူသျှင်
သရုပ်ဆောင်များ - အောင်ရဲလင်း၊ သက်မွန်မြင့်၊ ဘုန်းသျှန်၊ ဆုကဗျာ၊ ခင်သီတာထွန်း

ဇာတ်လမ်းသဘော
အချစ်ကို လှည့်စားပြီး လုပ်ချင်ရာလုပ်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် အချစ်က ပြန်လှည့်စားတာကို ခံရတဲ့အခါမှာ ဘာတွေဖြစ်ကုန်သလဲဆိုတာကို .............။

ဝေဖန်သုံးသပ်ချက်
  • ဘယ်လိုမှကို မရည်ရွယ်ဘဲ ကြည့်ဖြစ်တဲ့ ဇာတ်ကားပါ။ မင်းသားက ကျွန်တော်ကြည့်လေ့ကြည့်ထမရှိတဲ့၊ ပြောရရင် တစ်ခါမှ မကြည့်ဖူးတဲ့ မင်းသားမို့ ငှားဖို့စိတ်ကူး လုံးဝကို မရှိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ငှားကြည့်ပြီး စိတ်မတိုချင်၊ စိတ်မညစ်ချင်လို့ပါ။
  • ဒါပေမယ့် ဆိုင်ကကောင်မလေးက ဇာတ်လမ်းကောင်းတယ်၊ ကြည့်ပါလားဆိုပြီး အတင်းကိုညွှန်းပြီး ထည့်ပေးနေတဲ့အတွက် ယူလာဖြစ်တဲ့အခွေပါ။
  • ၀တ္ထု လွန်းထားထား ဆိုတာကို မြင်လိုက်ရကတည်းက ဟင် ဆိုပြီး တမိပါတယ်။ အင်း... လွန်းထားထားဇာတ်ကို ဘယ်လိုဖျက်ကြဦးမယ်မသိဘူးဆိုပြီး အတွေးပေါက်နေတုန်း အနုပညာအကြံပေး အကယ်ဒမီ ခင်လေးသိမ့် ဆိုတော့ ဟာ ဟုတ်တော့ မဟုတ်တော့ဘူးထင်တယ်လို့ တွေးမိပြန်ပါရော။ ဟော... တွေးလို့မှ မဆုံးသေးဘူး... ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဆိုတော့ ကျွန်တော့်ရဲ့ ကြည့်ချင်စိတ်တွေအားလုံးက ဒီဇာတ်ကားအပေါ်မှာ လုံးဝကို အပြည့်အ၀ရောက်သွားပါတယ်။
  • ဒီလူတွေနဲ့ ဒီလိုရိုက်ထားတဲ့ကားမှ မကောင်းရင် နောက်တစ်သက်လုံး ဒီဒါရိုက်တာကို မကြည့်ဘူးဆိုပြီးတော့ကို အားတင်းပြီး ကြည့်လိုက်တာပါ။
  • ကောင်းပါပေ့ဗျာ။ ကောင်းပါပေ့။ ဇာတ်ကို သူ့နေရာနဲ့သူ အရှိန်မပျက်အောင် ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်ကားပြီးတဲ့အချိန်ကျတော့ ရင်ထဲမှာ နင့်ပြီးတော့ ကျန်ခဲ့တယ်။ ချီးကျူးပါတယ် ဒါရိုက်တာရေ...။
  • အောင်ရဲလင်းကိုလည်း အမှတ်ပေးမိတယ်။ ကျွန်တော်ကြည့်နေကျ မင်းသားသစ်တွေထက်တောင် ငြိမ်နေပါသေးလားဆိုပြီး အံ့သြနေမိသေးတယ်။ တစ်ခုရှိတာက သူလည်းအသားဖြူတာမှ တော်တော်ကိုဖြူတာပါ။ လူကလည်း သန့်သန့်ပါ။ ဒါပေမယ့် ဟို ကိုရီးယားမင်းသား ရိန်း ပုံစံဖမ်းထားတဲ့ မင်းသားလိုတော့ မိန်းမ မဆန်ဘူးဗျ။ အောင်ရဲလင်းက စွဲဆောင်မှုတစ်ခု ရှိတယ်လို့ ထင်တာပဲ။ သေချာတော့မသိဘူး။ နှုတ်ခမ်းနီမလေးတွေမှပဲ သေချာသိမှာပဲ။ သူငယ်ချင်းကောင်မလေးတွေကိုကြုံရင် မေးကြည့်ရဦးမယ်။
  • သက်မွန်မြင့်ကလည်း ဇာတ်ကောင်နဲ့ ကွက်တိပါပဲနော်။ ဒီဇာတ်ကားမှာ ချစ်စရာကောင်းလောက်အောင် လှနေသေးတယ်။
  • ဘာပဲဖြစ်ဖြစ် ကျွန်တော့်လိုပဲ မင်းသားက အောင်ရဲလင်းကြီး ဖြစ်နေလို့ မကြည့်ချင်ဘူးဆိုရင်တောင် ဇာတ်လမ်းက အရမ်းကို ကောင်းနေတဲ့အတွက် ကြည့်ဖြစ်အောင် ကြည့်လိုက်စမ်းပါလို့ တိုက်တွန်းလိုပါတယ်။
  • အခြားပေါကြောင်ကြောင်ဇာတ်ကားတွေ ကြည့်ရတာထက်စာရင်တော့ ဒီဇာတ်ကားလေးက ကြည့်ပျော်ပါတယ်ဗျ။
သြော်... အဲဒီဇာတ်ကားထဲမှာ ကျွန်တော်အမှတ်ထင်ထင် ဖြစ်သွားတဲ့ ဒိုင်ယာလော့ခ်လေးတစ်ခုကို ဝေမျှပါရစေဦး။
  • လူတစ်ယောက်ကို အထင်မကြီးရင် လုံးဝ ချစ်လို့မရဘူး တဲ့။

(၂)
ဇာတ်ကားအမည် - ကျွန်တော်ချစ်သော မြကျေးတမာ
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းဝင်း၊ ကျော်ဇင်ထွဋ်၊ ရီရီပွင့်ဖြူ၊ မိုးကျော်အောင်၊ လင်းမောင်၊ ၀ဏ္ဏထွန်း၊ ဟေသီထိပ်ထား၊ ထက်စန္ဒီ၊ ဒေါ်တင်တင်လှ၊ ဒေါ်ခင်သန်းနွယ်၊ ဒေါ်အုန်းကြည်

ဇာတ်လမ်းသဘော
အချစ်အကြောင်းပါပဲ။ တကယ်ချစ်တဲ့အခါ ဘာကိုမှ မကြည့်တော့ဘဲ ချစ်တာတစ်ခုတည်းနဲ့ အရာရာကို နားလည်ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာကို ဒီဇာတ်ကားကို ပြောချင်တာလို့ ထင်မိတာပဲ။

ဝေဖန်သုံးသပ်ချက်
  • အူဝဲကိုကြည့်ချင်လွန်းလို့ ငှားလာလိုက်တာပါ။
  • လမင်းမိုမိုရဲ့ ၀တ္ထုဖြစ်နေတာကို အံ့သြနေမိတယ်။ အခုတလော ငှားကြည့်မိတဲ့ ဇာတ်ကားတိုင်းက နာမည်ကြီး စာရေးဆရာတွေရဲ့ ဇာတ်လမ်းတွေချည်းပဲ ဖြစ်နေပါရော့လား။
  • အင်းလေ... တစ်ရက်ကို လက်ဆယ်ချောင်းမက ဗီဒီယိုဇာတ်ကားတွေ ထွက်နေမှတော့ ဇာတ်လမ်းတွေလည်း ရှားပါးကုန်ပေမပေါ့။ ဇာတ်လမ်းကောင်းကောင်းလေးတွေ ၀ယ်ရိုက်တာကိုပဲ ကျေးဇူးတင်ရဦးမယ်။
  • နာမည်ကြီး စာရေးဆရာတွေရဲ့ ၀တ္ထုတွေအားလုံးနီးပါးလောက် ဇာတ်ကားတွေများ ဖြစ်ကုန်ကြပြီလား မသိပါဘူး။
  • ကဲ... လေရှည်မနေတော့ပါဘူး။ လမင်းမိုမိုရဲ့ ၀တ္ထုဆိုတော့ အထူးအထွေ ပြောနေစရာ မလိုတော့ပါဘူး။ မင်းသား၊ မင်းသမီးတွေကလည်း ကြည့်ဦးလေ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ဆိုမှတော့ မေးမနေနဲ့တော့ ငှားသာကြည့်လိုက်။
  • ဘာဖြစ်လို့ ကိုရွှေမိုးသက်က ဇာတ်ညွှန်းမခွဲဘဲ သမီးမြတ်ကျော်ကို ခွဲခိုင်းရသလဲဆိုတာကိုတော့ ကျွန်တော်စိတ်ဝင်စားတယ်။ ဇာတ်ကားနဲ့တော့ လုံးဝမဆိုင်ပါဘူး။

၁၈-၁-၂၀၁၀ (တနင်္လာနေ့)
ဇာတ်ကားအမည် - ဘဘကြီးကိုချစ်တယ်
ဝတ္ထု - ကြူမွှေး
ဇာတ်လမ်း - သက်တန့်လူ (တမာရိပ်)
ဒါရိုက်တာ - မင်းနိုင်၊ ကျော်သူမင်းနိုင်
သရုပ်ဆောင်များ - မိုးအောင်ရင်၊ မိုးယုစံ၊ မေသန်းနု၊ အရိုင်း၊ ၀င်းနိုင် (အနုပညာ)၊ ကျော်ဇင်ထွဋ်၊ ခင်မို့မို့အေး၊ နေလင်း၊ အောင်မြတ်ကျော်၊ သားထွေး။

ဝေဖန်သုံးသပ်ချက်
  • ဒီဇာတ်ကားကို ထုတ်လိုက်တဲ့ မအေးအေးဝင်း(လပ်ကီးဆဲဗင်း)ကို အံ့သြမိတယ်။ ကျွန်တော်တို့က မအေးအေးဝင်း စီစဉ်သည်ဆိုတဲ့ စာတန်းကိုမြင်တာနဲ့ ဒီဇာတ်ကားတော့ ကောင်းပြီဆိုပြီး ကြည့်ခဲ့ရတဲ့လူတွေ။ အခုနောက်ပိုင်းတော့ ဇာတ်ကားတွေ ဖောခြင်းသောခြင်းထုတ်ပြီး ကွာလတီတွေ ကျလာတာ ဒီဇာတ်ကားမှာ ပိုထင်ရှားသွားတယ်။ လုပ်ရက်ပါပေ့ မအေးအေးဝင်းရယ်။
  • သောက်ပေါကား၊ လုံးဝကို အဆင့်မရှိတဲ့ကား။
  • ဒီလိုဇာတ်ကားတွေ မကြည့်နဲ့ဆိုပြီး ဆုံးမချင်ရင်တော့ ငှားကြည့်သင့်ပါတယ်။ နမူနာပြအနေနဲ့ ကြည့်ရတာပေါ့။
  • အပေါ်က အချက်အလက်တွေမှာ ၀တ္ထု ကြူမွှေးဆိုပြီး ရေးထားပါလျက်နဲ့ ဇာတ်လမ်း သက်တန့်လူ ဆိုပြီး ရေးထားတာကို သတိထားမိတဲ့လူဆိုရင် ဘာလဲဟဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော်လည်း ဘာလဲဟ ဖြစ်ခဲ့ရကြောင်းပါ။ ဇာတ်ကားမှာ စာတန်းထိုးတဲ့အခါ အဲဒီလိုပဲ ထိုးပါတယ်ခင်ဗျ။ ဇာတ်ညွှန်းရေးတဲ့လူ မပါဘူး။ ဒီအတိုင်းရိုက်တာ။
  • စာလုံးပေါင်းမှားသွားလို့ပါတော့ မလုပ်ပါနဲ့ဗျာ။ လွဲချက်က နာလွန်းပါတယ်။ ၀တ္ထုကို ဇာတ်လမ်းပြန်ရေးပြီး ရိုက်ထားတဲ့ဇာတ်ကားဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်။
  • သူများတွေက အဲဒီဇာတ်ကား တအားရယ်ရတာပဲဆိုပြီး ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ... လုံးဝကို ငှားမကြည့်မိပါစေနဲ့နော်။ ခင်ဗျားကို စိတ်မတိုစေချင်လို့ပါ။
  • မိုးယုစံ စကားမပြောတတ်တာက ပိုဆိုးတယ်။ လမ်းလျှောက်တာကလည်း ဆတ်တောက်ဆတ်တောက်နဲ့။ ဘာနဲ့တူမှန်းကို မသိဘူး။ မျက်နှာလေးက ချစ်စရာကောင်းသားလို့ တွေးမလို့ရှိသေးတယ်။ ဘာပြောမှန်းမသိတဲ့ ကျည်ဆန်ရထားစကားလုံးတွေ တရစပ်ပြောတာကို ကြားလိုက်ရတာနဲ့ ဘာမှကို ခံစားလို့မရဘူး။
  • ဟူးးးးးးးးးးးးးးးးးးး ဆိုပြီး သက်ပြင်းရှည်ကြီးတွေ ချခဲ့ရတဲ့ ဇာတ်ကားပါဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၉ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

2 comments:

  1. Anonymous5:35 AM

    ဗွီဒီယို အခမဲ့ကြော်ငြာလား မသိဘူး.. စိတ်ခံစားမှုက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးထင်တယ်..
    တန်ဖိုးရှိတဲ့ ဘလော့ဂ်လေးမှာ.. နဲနဲလေး.. တစ်မျိုး
    ဖြစ်နေသလိုပဲ..ဒါတွေ ဖတ်ရတာ.. ရသ အစုံ တင်
    ဆက်နေတယ် ဆိုပေမယ့်..
    ကျေးဇူးတင်ပါ၏..
    လေးစားလျှက်..

    ReplyDelete
  2. အခုလို ဝေဖန်အကြံပြုတာကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ အရင်လို အများကြီးမရေးတော့ဘဲ တစ်ပတ်တစ်ခါလောက်ပဲရေးဖို့ စီစဉ်ထားပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဖြစ်နေရင် ဆောရီးပါနော်။ ကျွန်တော်ကိုယ်တိုင်က ရုပ်ရှင်ကြိုက်တဲ့မောင်ဆိုတော့ ရေးတော့ ရေးဖြစ်နေဦးမှာပါပဲခင်ဗျ။ ဘယ်လိုပဲဖြစ်ဖြစ် လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ လိုအပ်သည်များကို ဝေဖန်အကြံပေးဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။

    ReplyDelete

 
Web Statistics