Saturday, January 30, 2010

သီချင်းတွေညည်းမိသမျှ - ကိုဉာဏ် (ပန်းလောင်မြေ)


(၁)
ကျွန်တော်ဉာဏ်ကြီးအတွက် ခဏခဏ တိုးတိုးလေးရွတ်ပြီး အားတင်းရတဲ့ သီချင်းကတော့ ၀ိုင်ဝိုင်းရဲ့ "ဖြေသိမ့်လိုက်" ပါ။

သူငယ်ချင်း××× ရှေ့ဆက်မင်းဘ၀မှာ အမြဲပျော်ရွှင်ပါစေ××× အောင်မြင်ပါစေ××× တစ်ခါတစ်ရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့ဟေ့××× ဟိုအရင်ချိန်က ကြေကွဲခြင်း××× မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမြော ပင်လယ်ထိစီးပါစေ အားတင်းကာလျှောက်လေ×××

(အားတင်းရတာတွေများလွန်းတဲ့အတွက် တင်းလွန်းတဲ့ကြိုး ပြတ်တတ်တယ်လို့ ဆိုထားတော့ ကျွန်တော့်ရဲ့စိတ်တွေလည်း ဘယ်တော့များ ပြတ်သွားမလဲလို့ တွေးနေမိတယ်။)

(၂)
ကျောင်းသားဘ၀ကနေ အခုအလုပ်ခွင်ထဲ ရောက်တဲ့အထိ မကြာခဏကြုံရတတ်တာက မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ခြေထိုးခံတတ်တဲ့၊ ကွယ်ရာမှာ မကောင်းပြောတတ်တဲ့ လူစားတွေပါ။ တစ်ခါတလေကျတော့လည်း ခြေထိုးခံထားမှန်း သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး လျှောက်ရတာတွေ ရှိတတ်ပါတယ်။ ခြေထိုးခံရတာက နောက်ကနေ ဓားနဲ့ထိုးတာထက်တော့ အများကြီးသက်သာတယ်လို့ တွေးမိလို့ပါ။ ဘာပဲပြောပြော ခြေထိုးခံထားတာကို သိနေတဲ့အတွက် ခွေးကျဝက်ကျတော့ မကျခဲ့ပါဘူး။ ဟန်ချက်ပျက်ရုံ၊ လက်ထောက်လိုက်ရတဲ့အထိ ယိုင်လဲကျရုံပါပဲ။ ကွယ်ရာမှာ မကောင်းပြောတာကိုတော့ စိတ်ထဲမှာကို မထားတော့ပါဘူး။ ဟာသအဆိုအမိန့်တစ်ခု ရှိတယ်လေ။ "ကျွန်တော့်ကွယ်ရာမှာ ကျွန်တော့်ကို မကောင်းပြောရုံတင်မဟုတ်ဘူး၊ သေနတ်နဲ့ပစ်သတ်ရင်တောင် ကျွန်တော်စိတ်မ၀င်စားပါဘူး"တဲ့။ ဟုတ်ပါရဲ့နော်... ကျွန်တော့်ကိုလည်း ကွယ်ရာမှာ သတ်တဲ့လူတွေ ဘယ်လောက်များနေပြီလဲ မသိပါဘူး။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဲဗားဂေါ်လီစီးရီး ထွက်လာတော့ ကျွန်တော်အကြိုက်ဆုံးသီချင်းက အခြားလူတွေနဲ့မတူဘူး ဖြစ်နေပြန်ပါရောလား။ "အတုနဲ့အစစ်" ဆိုတဲ့သီချင်းကို တစ်ခါတစ်လေ Repeat ပေးပြီး တစ်နေကုန်ဖွင့်ထားတတ်လို့ မသိတဲ့လူတွေက တစ်မျိုးများထင်ကြမလားဘဲ။

အတုခိုးချင်ခိုးပါ××× ခိုးပြီးမှအပြစ်တော့မပြောနဲ့××× အပြစ်ပြောချင်ပြောပါ××× ပြောပြီးမှ အတုတော့မခိုးနဲ့×××

(အင်း... ကွယ်ရာမှာအတင်းပြောနေတဲ့လူတွေကို ပြောလိုက်ချင်တာက စိုင်းစိုင်းရဲ့ အတုနဲ့အစစ်ဆိုတဲ့ သီချင်းလေးကို နားထောင်ဖူးတယ်ရှိအောင် နားထောင်ကြည့်ကြပါလားလို့)

(၃)
တစ်ရက်တစ်ရက် လက်ဘက်ရည်ဆိုင်ထိုင်တိုင်း အများဆုံးပြောဖြစ်တဲ့၊ အများဆုံးကြားရတဲ့ အကြောင်းအရာကတော့ ပြဿနာတွေ၊ အမှုအခင်းတွေများပါတယ်။ ဖြစ်တဲ့လူတွေ၊ ပြောတဲ့လူတွေကတော့ သူတို့အနေနဲ့ အသားလွတ်ကြီး မဆီမဆိုင် အဲဒီပြဿနာတွေနဲ့ ပတ်သက်နေရသယောင် ပြောနေတာကို ကြားရတဲ့အခါများဆိုရင် အင်မတန်ကို နားကြားပြင်းကတ်တာပေါ့။ နဂိုကတည်းက ကိုယ့်ဘာသာကိုယ်သာ ဘာအရှုပ်အထွေးမှ လုပ်မထားခဲ့ရင် မဆိုင်တဲ့ပြဿနာက ကိုယ့်ကိုလာပတ်စရာ အကြောင်းမရှိပါဘူး။ အနည်းဆုံးတော့ တစ်ခုခုပတ်သက်ခဲ့လို့သာ ကိုယ့်ဆီကို ရောက်လာတာပါ။ အဲဒီလိုတွေမြင်ရ၊ ကြားရတိုင်း ဆောင်းဦးလှိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ချက်ချင်းသတိရမိတယ်။

××× ရှုပ်ရှုပ်ထွေးထွေး မလုပ်နဲ့တော့××× ရှင်းရှင်းလေးပဲပေါ့××× လူ့ဘ၀ကို ရိုးသားစွာ ခရီးဆက်×××

(ဟုတ်ကဲ့... ကျွန်တော်တို့တစ်တွေ လူ့ဘ၀ကို ရိုးသားစွာ ဖြတ်သန်းနေကြပါသလားလို့ ကိုယ့်ကိုယ်ကိုယ် မညာတမ်း မေးကြည့်ရအောင်လားဗျာ)

*****
ဒီနေ့တော့ ဒီမျှနဲ့တော်ဦးမည်။ ကျွန်တော့်ရင်ထဲမှာ အမှတ်ထင်ထင်ရှိနေသော သီချင်းများ ကျန်ရှိနေပါသေးသည်။ အလျဉ်းသင့်သလို ရေးသားပါဦးမည်။ ပြီးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၀ ရက်၊ စနေနေ့။
ည ၈ နာရီ ၄၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics