Saturday, January 09, 2010

ဟာသစုပေါင်းစပ်ပေါင်း


ဟာသတွေမဖတ်ရတာ အတော်ကြာပြီနော်ဆိုသူတွေအတွက် စုပေါင်းစပ်ပေါင်း ဟာသတွေကို တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားဖြစ်နေရင်လည်း ပြန်ဖတ်ပြီး ပြန်ရယ်လိုက်ကြပါဦး။ ရယ်သောသူ အသက်ရှည်၏တဲ့။ အသက်မရှည်ရင်တောင် အခုလောလောဆယ် ဖတ်နေတဲ့အချိန်ခဏ ပျော်ရွှင်ကြည်နူးရတယ်ဆိုရင်လည်း မဆိုးပါဘူးနော်။ ကျေနပ်ပျော်ရွှင်နိုင်ကြပါစေ။

မိန်းမနဲ့ ခရီးသွားပါ
ဟိုင်းဝေးလမ်းမပေါ်တွင် မိန်းမနှင့်အတူ ကားမောင်းလာသော ယောက်ျားတစ်ယောက် သူ့ကားနောက်သို့ ရဲကားလိုက်လာသည်ကို တွေ့သောအခါ ကားကိုလမ်းဘေးထိုးရပ်လိုက်လေသည်။
ရဲ - တစ်နာရီ ၅၅ မိုင်နှုန်းဇုန်မှာ ခင်ဗျား ၇၅ မိုင်လောက် မောင်းနေတယ်။ ခင်ဗျားကို ဖြတ်ပိုင်းဖြတ်မယ်။
ယောက်ျား - မဟုတ်ရပါဘူး ဆရာရယ်။ ကျွန်တော်မောင်းတာ မိုင် ၆၀ နှုန်းလောက်ပဲ ရှိပါတယ်။
မိန်းမ - အိုး၊ ဟယ်ရီ… ရှင်မောင်းနေတာ အနည်းဆုံး မိုင် ၈၀ လောက် ရှိတယ်။
(ယောက်ျားက မိန်းမကို ရွံ့မုန်းစွာကြည့်သည်)
ရဲ - ခင်ဗျား လုံခြုံရေးခါးပတ် မပတ်တဲ့အတွက်လည်း ဖြတ်ပိုင်းဖြတ်မယ်။
ယောက်ျား - ဟာ.. မဟုတ်တာဆရာရယ်။ ဆရာကားနားရောက်လာမှ ကျွန်တော် ခါးပတ်ဖြုတ်လိုက်တာပါ။
မိန်းမ - ဟယ်ရီရယ်၊ ရှင်ဘယ်တုန်းက လုံခြုံရေးခါးပတ် ပတ်လို့လဲ။
ဤတွင် ယောက်ျားက မိန်းမဘက်သို့ လှည့်၍အော်သည်။
"မင်းပါးစပ်ကို ခဏလေးပိတ်ထားလို့ ရမလား။ ဒီမိန်းမတော့ကွာ"
ထိုအခါ ဟိုင်းဝေးရဲက အမျိုးသမီးဘက်လှည့်၍
"ခင်ဗျားယောက်ျား အမြဲတမ်း ခုလိုအော်တာလား" ဟု မေးရာ အမျိုးသမီးက
"မဟုတ်ပါဘူးဆရာရယ်၊ သူမူးသွားမှ ဒီလိုအော်တာပါ" ဟူ၍ ရှင်းပြသည်။

(7Day News Journal, Vol 8, No 43)

မှားတဲ့အခါလည်း ရှိမှာပေါ့
တစ်နေ့၌ အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့် အထူးကုဆရာဝန်ထံသို့လာ၍
အမျိုးသမီး - ဆရာ… ဒီကလေးက တစ်နေ့တခြား ပိုပြီး ပိန်,ပိန်လာလို့ပါဆရာ။ နို့လည်း ကောင်းကောင်းမစို့ဘူး ဖြစ်နေတယ်ဆရာ။
ထိုအခါ ဆရာဝန်က အမျိုးသမီး၏ အင်္ကျီကို ဖယ်၍ အမျိုးသမီး၏ ရင်သားအား ညှစ်ကြည့်ပြီး
ဆရာဝန် - ခင်ဗျားရဲ့ နို့ကမှ မထွက်တာ၊ ကလေး ဘယ်လိုလုပ်ပြီး နို့ကောင်းကောင်းစို့မှာလဲ။ ဒီတော့ ခင်ဗျားကလေး ပိန်,ပိန်လာမှာပေါ့။
အမျိုးသမီး - အဲဒီကလေးက ကျွန်မရဲ့ တူလေးပါဆရာ။
(Health Digest Journal, Vol 7, No 13)

နံနက်စာ
ပင်လယ်ကမ်းခြေဟိုတယ်တစ်လုံးတွင် တည်းခိုနေသော ဧည့်သည်တစ်ယောက်က ၀ိတ်တာခေါင်းဆောင်အားခေါ်၍ နံနက်စာ မှာနေသည်။
"ကြက်ဥပြုတ် နှစ်လုံး၊ တစ်လုံးက အပြုတ်နည်းပြီး အရည်လည်နေရမယ်။ နောက်တစ်လုံးက မာလွန်းအားကြီးပြီး စာဖို့ခက်ခဲရမယ်။ မီးကင်ထားတဲ့ အသားပြားနှစ်ပြား၊ ပန်းကန်ပြားထဲမှာ အေးစက်နေရမယ်။ မီးကျွမ်းပြီး ကြွပ်ရွနေတဲ့ ပေါင်မုန့်မီးကင်နှစ်ချပ်၊ ဓားတင်လိုက်တာနဲ့ ကြွေကျသွားရမယ်။ နောက်ပြီး ရေခဲသေတ္တာထဲက ချက်ချင်းထုတ်ထားတဲ့ ထောပတ်၊ ပေါင်မုန့်ပေါ်ဖြန့်လို့မရအောင် မာနေရမယ်။ အရမ်းပေါ့တဲ့ ကော်ဖီတစ်အိုး။ ပူတယ်ဆိုရုံပဲ"
"ဒါဟာ အလွန်ရှုပ်ထွေးတဲ့ မှာယူမှုပါပဲခင်ဗျာ" ဟု နားမလည်နိုင်သော ၀ိတ်တာက ပြောပြီး "တော်တော်လေးကို ခက်ခဲပါလိမ့်မယ်" ဟု ဆိုသည်။
"အိုး… ဒါ မင်းတို့ မနေ့က ချပေးတဲ့ မနက်စာအတိုင်းပဲလေ" ဟု ဧည့်သည်က ပြန်ပြောလေသည်။
(7Day News Journal, Vol 8, No 42)

ဘယ်သူရှေးအကျဆုံးလဲ
ခွဲစိတ်ဆရာဝန်ရယ်၊ အင်ဂျင်နီယာရယ်၊ နိုင်ငံရေးသမားတစ်ဦးရယ် ဘယ်အသက်မွေးဝမ်းကျောင်းက ရှေးအကျဆုံးဖြစ်မလဲဆိုတာကို ငြင်းခုံနေကြတယ်။
"အာဒမ်ရဲ့ နံရိုးတစ်ချောင်းနဲ့ ဧ၀ကို ဖန်တီးခဲ့တာလေ။ အဲဒါကြောင့် ခွဲစိတ်ဆရာဝန်အလုပ်က ရှေးအကျဆုံးဗျ" လို့ ဆရာဝန်က ပြောတယ်။
အင်ဂျင်နီယာက-
"ဘယ်ကလာဗျာ၊ အင်ဂျင်နီယာအလုပ်က ရှေးအကျဆုံး။ ပရမ်းပတာ၊ ဖရိုဖရဲဖြစ်နေတာတွေကို မခွဲစိတ်မီ အစီအစဉ်တကျဖြစ်အောင် လုပ်ရတယ်လေဗျာ။ အဲဒါ အင်ဂျင်နီယာတွေပေါ့" လို့ ပြန်ပြောတယ်။
တိတ်တိတ်ကလေးနေလာတဲ့ နိုင်ငံရေးသမားက စိတ်မရှည်တော့တဲ့လေသံနဲ့ ၀င်ပြောတယ်။
"ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် သိပ်ထင်နေတာကိုး။ ပရမ်းပတာဖရိုဖရဲဖြစ်အောင် အခြေအနေကို ဘယ်သူက ဖန်တီးပေးနိုင်သလဲ။ ဟဲဟဲ… ကျုပ်တို့လေဗျာ"
(The Yangon Times, Vol 5, No 51)

1 comment:

 
Web Statistics