Friday, January 08, 2010

ရှာလိုက်ရတာ ဆရာမောင်စူးစမ်းရယ်…


ခေါင်းစဉ်ကိုဖတ်ပြီး ကျွန်တော်ကိုဉာဏ် ဆရာကြီးမောင်စူးစမ်းကို သွားရှာတယ်လို့ မထင်လိုက်ပါနဲ့နော်။ လုံးဝကို မဟုတ်ရပါဘူး။ ကျွန်တော်ရေးထားတာတွေ ဖတ်ပြီးသွားရင်တော့ ဘာကိုဆိုလိုသလဲဆိုတာကို လုံးစေ့ပတ်စေ့ နားလည်သွားပါလိမ့်မယ်ဗျာ။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ ပြောလိုက်ရင် နိဒါန်းမရှိ နိဂုံးမရှိနဲ့ (အရင်းမရှိ အဖျားမရှိဆိုတဲ့ စကားပုံကြီးကို မကြိုက်လို့) ဆိုတော့ ဖတ်ရတဲ့လူက ဘာလဲဟ… ဘာလဲဟ… ဖြစ်ရပေါင်းများပါပြီ။ ပြီးမှ ဘာမှလည်းမဟုတ်ဘူးဆိုပြီး မေတ္တာတော်တွေ ပို့သခံရတာလည်း ဘယ်နည်းလိမ့်မလဲ။ သိတယ်မလား… မြို့မေတ္တာကို အတုံးလိုက် အတစ်လိုက် ခံယူနေတဲ့သူဆိုတော့လေ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကိုကျောင်းတယ်လို့လည်း တချို့ကဆိုကြတာပဲ။ မဆိုးပါဘူး။ ကိုယ့်ကြီးတော်ကို ကိုယ်ကူညီတာပဲ ကုသိုလ်တောင်ရပါသေးတယ်။ မဟုတ်ဘူးလား။ ကဲ… ကြည့်ဦး… ပြောရင်းဆိုရင်းနဲ့ ဘယ်တွေရောက်ပြီး ဘယ်ဘူတာတွေ ဆိုက်ကုန်မှန်းတောင် မသိတော့ပါဘူး။ သွားချင်တဲ့ လမ်းပေါ်ကို ပြန်တက်ရအောင်ပါ။ နည်းနည်းဘေးချော်သွားတယ်။ ဆောရီးပါဗျာ။

ဒီလိုပါ… ဒီလိုပါ။ ကျွန်တော်မနေ့က တင်ပေးလိုက်တဲ့ ဆရာကြီးမောင်စူးစမ်းရဲ့ "စစ်ဘက်ပါဝင်မှု အရှင်ဖွင့်ခြင်း" ဆိုတဲ့ဆောင်းပါးကို အဲဒီဂျာနယ်ဖတ်ရတဲ့နေ့ (ဗုဒ္ဓဟူးနေ့)ကတည်းက တင်ပေးဖို့ပါ။ ဒါပေမယ့် ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးအသက်ဖြစ်တဲ့ သူညွှန်းတဲ့ ကြေးမုံထဲက အကြောင်းအရာကို စဉ်းစားလို့ကို မရဘူးဖြစ်နေလို့ မတင်ပေးဖြစ်ဘူး။ ကျွန်တော်က ကြေးမုံတော့ မယူပါဘူး။ မြန်မာ့အလင်းပဲယူထားပြီး ဖတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆောင်းပါးတွေအားလုံးဟာ အဲဒီနှစ်စောင်လုံးမှာ ဖော်ပြတာတွေချည်းပါပဲ။ တစ်ခါတလေ ရက်ခြားကွာတာပဲရှိပါတယ်။ သတင်းစာမှာပါတဲ့ ဆောင်းပါးတွေကို ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်းဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဆရာမောင်စူးစမ်းက ဘယ်သတင်းစာထဲကဟာကို ညွှန်းသလဲဆိုတာကို မသိရတဲ့အတွက် ကျွန်တော့်မှာ နေမသိထိုင်မသာ ဖြစ်လိုက်ရတာဗျာ။ စဉ်းစားလို့လည်းမရ၊ အနီးစပ်ဆုံးသတင်းစာတွေမှာ လိုက်ရှာတော့လည်း မတွေ့တဲ့အတွက် အတော်ကိုစိတ်ဓာတ်ကျပြီး မနေ့ကတော့ ဆရာမောင်စူးစမ်းရဲ့ဆောင်းပါးကို တင်ပေးလိုက်ပါတယ်။

ညပိုင်းမှာတော့ ကျွန်တော့်မှာအလုပ်ကောင်းကောင်း ရသွားတော့တာပေါ့။ သတင်းစာပုံကြီးဘေးမှာထိုင်၊ ဒီဇင်ဘာတစ်လလုံး သတင်းစာတွေကိုယူပြီး တစ်စောင်ချင်းကို လိုက်ဖတ်ရတော့တာပါပဲ။ ခေါင်းကြီးပိုင်းလိုနေရာမှာ အဲဒီအကြောင်းအရာကို မရေးဘူးဆိုတာကိုတော့ သေချာသိနေတဲ့အတွက် ရှာရတာလွယ်ပါတယ်။ အထဲမှာပါတဲ့ ဆောင်းပါးတွေကိုသာ အဓိကထားပြီး လိုက်ဖတ်ရတာပါ။ လောလောလတ်လတ်ဖတ်ပြီးတဲ့ အကြောင်းအရာပဲ ဖြစ်မယ်လို့ယူဆတွက်ချက်ပြီး ဒီဇင်ဘာလကို နောက်ဆုံးရက်ကနေစပြီး လိုက်ရှာဖတ်ရတာပါ။ အခန်းထဲကိုရောက်လာတဲ့ သူငယ်ချင်းက သတင်းစာတွေ ဘေးပတ်လည်ဝိုင်းနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး ဘာတွေဖြစ်နေတာလဲတဲ့။ သိချင်တာတစ်ခုကို လိုက်ရှာနေတာပါဆိုတော့ "မင်းရည်းစား ဒါမှမဟုတ် မင်းညီမ မင်္ဂလာဆောင်တဲ့သတင်းပါလို့လား" ဆိုပြီး အသားလွတ်ကြီးဝင်ပြီး အစိမ်းလိုက်မြည်းသွားသေးတယ်။ ပြောချင်ရာပြောတော့ဆိုပြီး လွှတ်ပေးထားလိုက်ရပါတယ်။

အမယ်လေး…. တွေ့ပါပေါ့… တွေ့ပါပေါ့…။ တွေ့မှပဲ… မတွေ့မချင်း ကျွန်တော့်မှာ မျောက်မီးခဲကိုင်မိသလိုဆိုလားပဲဗျာ… ကျွန်တော်တော့သေချာမသိပါဘူး၊ ကြားဖူးတာပါ၊ စာဖတ်သူတော့ အဲဒီခံစားချက်ကိုသိမလားမသိဘူး… ဟဲဟဲ… နေမသိထိုင်မသာဖြစ်တယ်ဆိုလားပဲ၊ အဲဒီလိုကြီးဖြစ်နေရတာ အတော်လေးကို မအီမလည်ကြီးဗျ။ အတော်လေးပျော်သွားတာကို ၀န်ခံပါတယ်။ အဲဒီအချိန်များ အခန်းထဲကို တစ်ယောက်ယောက် ၀င်လာမိရင် သတင်းစာကြီးကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ကျေနပ်နေတဲ့ကျွန်တော့်ကိုကြည့်ပြီး "စိတ်ကျန်းမာရေးဆေးရုံကြီးကို မြန်မြန်ပို့မှာ" မြင်ယောင်သေးတယ်။ (စိုင်းစိုင်းရဲ့ သီချင်းစာသားကို နည်းနည်းပြင်သုံးလိုက်တယ်) ကျွန်တော်ကလည်း တကယ်ကို ပျော်သွားတာပါ။ ကိုယ်ရှာနေတဲ့အရာကို တွေ့လိုက်ရတဲ့ပီတိဟာ ဘာနဲ့မှကို မတူဘူး။ ကျွန်တော်လည်း မပြောပြတတ်ဘူး။ အဲဒီအတွက် မပြောပြတော့ဘူး။ တွေ့တဲ့အကြောင်းအရာကိုပဲ ရေးပြတော့မယ်။

တွေ့တာက - ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ အတွဲ (၄၉)၊ အမှတ် (၈၁) ဆိုတဲ့ မြန်မာ့အလင်း သတင်းစာ
ရေးသူ - မောင်ရွှေနီ
ဆောင်းပါးအမည် - အကောင်းဆုံးသော မူဝါဒ

ဆောင်းပါးမှာပါတဲ့အကြောင်းအရာအားလုံးကို ပြန်ရိုက်မပြတော့ပါဘူး။ ကျွန်တော်လည်း မရိုက်နိုင်တော့ဘူးဗျ။ အဲဒီဆောင်းပါးကို ပြန်ရိုက်နေရင် ကျွန်တော်ဘာအလုပ်မှ ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး။ အဲဒီတော့ ဆရာမောင်စူးစမ်းညွှန်းတယ်လို့ ယူဆတဲ့ အကြောင်းအရာကိုပဲ ထုတ်နုတ်ပြပါမယ်။ အောက်မှာဖတ်ကြည့်ပါ။

……
…………
အခြေခံဥပဒေကို ပြည်သူတွေ အတည်ပြုထားသည်မို့ ဘယ်သောအခါမှ မပြင်ရဘူးဟု မဆိုလိုပေ။ အခြေအနေ၊ အချိန်အခါအရ ပြင်ဖို့လိုလာပါလိမ့်မည်။ ဘယ်မှာပြင်ကြရမလဲ၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်က ပြင်ဆင်ကြပေလိမ့်မည်။ ဘယ်အချိန်မှာ ပြင်မှာလဲ၊ သင့်တော် လျော်ကန်သောအချိန်မှာ ပြင်စရာကို ပြင်ကြပါလိမ့်မည်။ ပြည်သူလူထု အာဏာပိုင်စိုးသော ဒီမိုကရေစီစနစ်ကို ပျိုးထောင်လေ့ကျင့်သွားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီကို ကျွန်ုပ်တို့အားလုံးက လိုလားလက်ခံကြသည်။

နောင်တစ်ချိန် တစ်ခါတွင် နိုင်ငံတကာအခြေအနေ၊ နိုင်ငံတော်၏ အခြေအနေအရ လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ရန် မလိုအပ်တော့ဘူးဟု ပြည်သူလူထုက သုံးသပ်ဆုံးဖြတ်သောတစ်နေ့၊ ပြည်သူလူထု၏ ကိုယ်စားလှယ်လွှတ်တော်အဖွဲ့များက ချမှတ်သော ဥပဒေအတိုင်း တပ်မတော်က နာခံဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။ ယနေ့အချိန်အခါတွင်ကား ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်ကို သုံးသပ်လျှင် ဤအခြေခံဥပဒေသည် လူထုလူတန်းစား အသီးသီး၊ နိုင်ငံရေးပါတီအသီးသီးက အကြိမ်ကြိမ်အဖန်ဖန် အနုလုံ၊ ပဋိလုံ ဝေဖန်သုံးသပ်ပြီးမှ အကောင်းဆုံးရေးဆွဲ အတည်ပြုခဲ့ကြခြင်း ဖြစ်သဖြင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။ တစ်သက်လုံးမွေးလာသည့်ကြက်ကို တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ချင်၍ မဖြစ်သေး။

……
…………..

ဆရာကြီးမောင်စူးစမ်းညွှန်းတာ ဒါပဲဖြစ်မှာပဲဟု ကျွန်တော်ထင်ပါသည်။ ဖြစ်တန်စွမ်းလည်း အပြည့်ရှိပါသည်။ ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်စိတ်အေးသွားပါသည်။ ကျေနပ်သွားပါသည်။

သို့သော်… နှစ်ရက်လောက် စိတ်ဒုက္ခရောက်သွားသည့်အတွက်တော့ ခေါင်းစဉ်မှာပေးထားသလို ညည်းလိုက်ချင်ပါသေးသည်။

"ရှာလိုက်ရတာ ဆရာမောင်စူးစမ်းရယ်…"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၈ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၃၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics