စစ်အေးလွန်အခြင်းအရာနှစ်ရပ်
စစ်အေးလွန်ခေတ်၊ ဖြစ်ထွန်းမှုများစွာထဲမှ ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းနှင့် ဆက်စပ်နေ၍ အရေးကြီးသည်ဟု ထင်သော အခြင်းအရာနှစ်ရပ်ကို ထုတ်ပြလိုသည်။ "ဖွံ့ဖြိုးဆဲ တတိယကမ္ဘာ့နိုင်ငံအချို့ရှိ ပြည်တွင်းစစ်များ ပြီးဆုံးသွားခြင်း" နှင့် "ထိုနိုင်ငံများတွင် ဒီမိုကရေစီရွေးကောက်ပွဲများ ပေါ်ထွက်လာခြင်း" ဖြစ်ပါသည်။ အမှန်စင်စစ် ဤအချင်းအရာနှစ်ရပ်မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်လည်း ဖြစ်သည်။ သီအိုရီသဘောအရဆိုရလျှင် "ပဋိပက္ခဖြေရှင်းရေးနှင့် ရွေးကောက်ပွဲတို့၏ အဆက်အစပ်" (Relationship between Conflict Resolution and Elections) ဟု ဆိုနိုင်ပါလိမ့်မည်။
ဤတွင် ဆိုခဲ့ပါ အဆက်အစပ်နှင့် ပတ်သက်ပြီး စဉ်းစားချက်နှစ်ရပ် ပေါ်လာသည်။ ပထမစဉ်းစားနည်းက ရွေးကောက်ပွဲကို ပဋိပက္ခ ဖြေရှင်းရေး၏ အကျိုးဆက်အဖြစ် ရှုမြင်သည်။ ပဋိပက္ခဖြေရှင်းရေး အဆုံးစွန်အောင်မြင်မှုရပြီးမှ (တစ်နည်း) ပြိုင်ဘက်အင်အားစုအားလုံး အများညီအဖြေရပြီးမှ ရွေးကောက်ပွဲလုပ်ရမည်ဆိုသော သဘောဖြစ်သည်။ ဒုတိယစဉ်းစားနည်းကမူ ရွေးကောက်ပွဲကို ပဋိပက္ခဖြေရှင်းရေး၏ နည်းနာတစ်ရပ်အဖြစ် ကြည့်မြင်သည်။ ရွေးကောက်ပွဲနည်းဖြင့် ပဋိပက္ခများကို ဖြေရှင်းသွားမည်ဆိုသော သဘောဖြစ်သည်။
ဤသို့ စဉ်းစားပုံ နှစ်ခုရှိသည့်အနက်၊ ပထမနည်းမှာ "စံအခြေပြု ချဉ်းကပ်နည်း" (normative approach) ဖြစ်၍ စိတ်ကူးစံသမားတို့ ခံတွင်းတွေ့ဖွယ်ရာ ဖြစ်သည်။ ပေါ်ပြူလာဖြစ်နိုင်သည်။ သို့သော် လက်တွေ့အလုပ်ဖြစ်,မဖြစ် ဝေဖန်သုံးသပ်ဖို့ လိုသည်။ ပြောရလျှင် ဤသို့ ဝေဖန်သုံးသပ်ရာမှ ဒုတိယနည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤဒုတိယနည်းကို "လက်တွေ့အခြေပြု ချဉ်းကပ်နည်း" (pragmatic approach) ဟု ခေါ်သည်။
လက်တွေ့ပေါ် တင်ကြည့်ခြင်း
ဆိုခဲ့ပြီးသည့်အတိုင်း ပထမစဉ်းစားနည်းက ပဋိပက္ခဖြေရှင်းရေး အဆုံးစွန်အောင်မြင်ပြီးမှ (တစ်နည်း) တစ်ခုတည်းသော အများညီအဖြေရပြီးမှ ရွေးကောက်ပွဲ လုပ်ရမည်ဟု သဘောယူသည်။ အမှန်စင်စစ် မတူသော သဘောထားအမြင်များကို တစ်ခုတည်းသော အမြင်ဖြစ်အောင်လုပ်ရေးမှာ ဒီမိုကရေစီသဘော မဟုတ်ပေ။ ဒီမိုကရေစီ၏ အနှစ်သာရမှာ မတူသော သဘောထားအမြင်များ၊ ဒီမိုကရက်တစ်ဘောင်အတွင်း လွတ်လပ်စွာ ယှဉ်ပြိုင်ပြီး လူထုအဆုံးအဖြတ် ခံယူရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု ဖြတ်သန်းပြီးသည်နှင့် ပါဝင်သော ပလေယာအားလုံး သဘောထား ပြောင်းသွားကြလိမ့်မည်ဟုလည်း မမျှော်မှန်းအပ်ပါချေ။ တစ်ခုတည်းသော သဘောတူအမြင်ရမှ ရွေးကောက်ပွဲလုပ်ရမည်ဆိုလျှင် ဘယ်တော့မှမဖြစ်ဖို့သာ များပါလိမ့်မည်။
နောက်ထပ်စဉ်းစားကြရမည့် အချက်တစ်ခုမှာ "ပဋိပက္ခဖြေရှင်းရေး" ဆိုသည်၏ သဘောသဘာဝပင် ဖြစ်သည်။ ပြောရလျှင် ပဋိပက္ခဖြေရှင်းရေး ဆိုသည်မှာ ချက်ချင်းလက်ငင်း လွယ်လွယ်ကူကူ ရနိုင်သည်မျိုးမဟုတ်။ "ဖြေရှင်းရေး" (resolution) မတိုင်မီ ကြားအဆင့်များကို မလွဲမသွေ ဖြတ်ရဦးမည်သာ ဖြစ်သည်။ ဤအဆင့်များအနက် အရေးအကြီးဆုံး ဖြစ်ဖွယ်ရှိသည်မှာ "ပဋိပက္ခစီမံခန့်ခွဲရေး" (conflict management) ဖြစ်သည်။ ပဋိပက္ခစီမံခန့်ခွဲရေး၏ ရည်မှန်းချက်မှာ ပဋိပက္ခမှုကို အပြီးအပြတ် ဖြေရှင်းရေးမဟုတ်။ အကြမ်းဖက် ထိပ်တိုက်အသွင်ဆောင်နေသော ပဋိပက္ခမှုများကို ဥပဒေတွင်း နိုင်ငံရေးအသွင် ဆောင်ဖို့ဖြစ်သည်။ တစ်နည်းဆိုရလျှင် ပဋိပက္ခမှုကို ဒီမိုကရက်တစ်နည်းဘောင်အတွင်း ဖြေရှင်းစေဖို့ဖြစ်သည်။
စစ်အေးလွန်ခေတ် (၁၉၉၀ ပြည့်လွန်နှစ်များအတွင်း) ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော နိုင်ငံများကို ကြည့်လိုက်လျှင် ပထမစဉ်းစားနည်းအရ အပြီးအပြတ်အဖြေရပြီးမှ ရွေးကောက်ပွဲဝင်ခဲ့ကြသည်မဟုတ်။ ရွေးကောက်ပွဲကို ပဋိပက္ခစီမံခန့်ခွဲမှု နည်းနာတစ်ရပ်အဖြစ် သဘောယူပြီး ပဋိပက္ခဖြေရှင်းရေးအတွက် အဖွင့်ကျားကွက် ရွှေ့ခဲ့ကြခြင်းသာဖြစ်သည်။ တစ်နည်းဆိုရလျှင် ဒုတိယစဉ်းစားနည်းအရ ပေါ်လစီခင်းခဲ့ကြခြင်း ဖြစ်သည်။ ဤအတွက် ထင်ရှားသော သာဓကမှာ ကျွန်တော်တို့ အိမ်နီးချင်း ကမ္ဘောဒီးယားပင် ဖြစ်သည်။ ထိုစဉ်က "ခမာနီအဖွဲ့" ဆိုလျှင် အင်အားအကြီးမားဆုံးဖြစ်ပါလျက် မိမိစံနှင့် မကိုက်၍ ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့ရာ တဖြည်းဖြည်း ပွန်းပြတ် ပြတ်ခဲ့ရသည့် ရှေ့သွား ရှိခဲ့ဖူးသည်။ ကျပ်ကျပ်စဉ်းစားကြဖို့ လိုပါသည်။
မြန်မာ့နိုင်ငံရေး
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်က ကျင်းပခဲ့ပါသည်။ မြန်မာ့အမျိုးသား လွတ်လပ်ရေးတိုက်ပွဲကာလတွင် အထင်ကရပါဝင်ခဲ့သော နိုင်ငံရေးပါတီကြီးတစ်ခု ထိုရွေးကောက်ပွဲတွင် မပါဝင်ခဲ့ပါ။ ၁၉၄၈ လွတ်လပ်ရေးကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ ရောက်သွားခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ ထိုရွေးကောက်ပွဲတွင်သာ ကွန်မြူနစ်ပါတီ ပါဝင်ခဲ့လျှင် အခြေအနေကောင်းနိုင်သည်ဟု ထိုစဉ်ကာလကို ထဲထဲဝင်ဝင် သိမီလိုက်သော ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦး ပြောသည်ကို ကြားဖူးသည်။
သည်လိုနှင့် ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲမှာ ကွန်မြူနစ်များ မပါသည်နှင့် ဆိုရှယ်လစ် (ဖဆပလ)များသာ ပြိုင်ဘက်မရှိ ကြဲရတော့သည်။ အကျိုးဆက်ကား အတိုက်အခံမရှိသောပါလီမန် ပေါ်ထွက်လာခြင်းပင် ဖြစ်တော့သည်။ (ထိုစဉ်က ဖဆပလ မကွဲသေးပါ။ ပမညတလည်း မရှိသေးပါ။) ပါလီမန်တွင် အတိုက်မခံမရှိသည်နှင့် အာဏာနိုင်ငံရေးကို "စောင့်ကြပ်မှူး" လုပ်ရမည့် "အထိန်းနှင့်အထေ" (check and balance) လည်းမရှိ ဖြစ်ရတော့သည်။ နောက်ပိုင်း ပြဿနာတော်တော်များများမှာ ဤအနေအထားနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမည်ထင်ပါသည်။
စာရေးသူ၏အမြင်ကို ရိုးရိုးသားသားဆိုရလျှင် ရွေးကောက်ပွဲမှာ ပဋိပက္ခမှုများကို အပြီးအပြတ် မဖြေရှင်းနိုင်သည့်တိုင် အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန် တစ်စုံတစ်ရာ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု သဘောရပါသည်။ သို့အတွက် လာတော့မည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုမျှော်လင့်နေခြင်း ဖြစ်သည်။ ရွေးကောက်ပွဲသည်ပင် တစ်ခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့် ဆိုချင်သည်။
Tuesday, January 05, 2010
ပဋိပက္ခဖြေရှင်းရေးနှင့် ရွေးကောက်ပွဲတို့၏ အခန်းကဏ္ဍ - ၀င်းနောင်
အညွှန်း - Conflict Resolution and Elections (William Zartman)
(၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 8:09 PM
Labels 2010, Myanmar, Political, စာအုပ်မှတ်စုများ, မြန်မာ-Myanmar, နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment