Tuesday, February 23, 2010

၂၀၁၁ အရပ်ဘက် လူ့အဖွဲ့အစည်း - ကျော်ရင်လှိုင် နှင့် အောင်ထွဋ်


နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်လေ့ရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကိုကြည့်လျှင် ယေဘုယျအားဖြင့် အဆင့်လေးဆင့်ကို ဖြတ်သန်းကြရလေ့ရှိသည်ကို တွေ့ရသည်။ ၎င်းတို့မှာ အသွင်ကူးပြောင်းမှုစတင်ခြင်း (Transition)၊ ဖြေလျှော့မှုများပြုလုပ်ခြင်း (Liberalization)၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခြင်း (Democratization)နှင့် လူ့အဖွဲ့အစည်းအတွင်းသို့ ဒီမိုကရေစီရောက်ရှိခြင်း (Socialization) Democratic Consolidation ဟုလည်း နိုင်ငံရေးသိပ္ပံတွင် သုံးနှုန်းသည့် စသည့်အဆင့်များ ဖြစ်ပေသည်။

အဆိုပါလုပ်ငန်းစဉ်များသည် တစ်ခုပြီးမှတစ်ခု ပေါ်ရခြင်းမဟုတ်သော်လည်း တစ်ခုစပြီးမှ တစ်ခုစတင်ရသည့် သဘာဝရှိပါသည်။ Transition စပြီးမှ Liberalization ဖြစ်ပြီး နှစ်ခုတစ်ပြိုင်နက် ဆက်ဖြစ်ခြင်းမျိုးကို ၂၀၁၀ အလွန်ကာလတွင် မြင်တွေ့ရပါလိမ့်မည်။

မြန်မာနိုင်ငံသည် ယခုအခါ အသွင်ကူးပြောင်းမှု စတင်ခြင်းအဆင့်တွင် ရှိနေသည်ကို အားလုံးအသိဖြစ်ပါသည်။ ဤကာလတွင် တပ်မတော်အတွင်း အသွင်ကူးပြောင်းမှု၊ အစိုးရအတွင်း အသွင်ကူးပြောင်းမှု၊ လူ့အဖွဲ့အစည်းအတွင်း အသွင်ကူးပြောင်းမှုများ စတင်သည်ကို မြင်တွေ့ရပါလိမ့်မည်။ ဤကာလတွင် Rule of the Game အသက်မ၀င်သေးဟု ပညာရပ်ကျမ်းများက ဆိုသည်။

Leberalization ခေါ် ဖြေလျှော့မှုများ ပြုလုပ်သည့်အဆင့်တွင် အောက်ပါအင်္ဂါရပ်များ ပါဝင်သည်ဟု ဆိုသည်။

၁။ Rule of the Game တိတိကျကျ ရှိသည်။ နှစ်ဖက်ညှိနှိုင်းထားသော သို့မဟုတ် တစ်ဖက်သတ်လျှော့ထားသော Negotiation Pacts အတိုင်း ဖြစ်သည်။

၂။ Depoliticization ခေါ် "အရာရာ နိုင်ငံရေးအဖြစ် ကောက်ယူခြင်းများ လျော့ပါး" သွားသည်။

၃။ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအပေါ် အာဏာစက်ဖြင့် အသုံးပြုမှု နိုင်ငံရေးဖိအား လျော့ပါးသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကာလကို Liberalization ကာလဟု ယူဆပါသည်။ ထိုကာလတွင် အသက်ဝင်မည့် အခြေခံဥပဒေသည် Rule of the Game ဖြစ်ပြီး Neg0tiation Pacts ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

တပ်မတော်အတွင်း၊ အစိုးရအဖွဲ့အတွင်း၊ လူ့အဖွဲ့အစည်းအတွင်း အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များစွာ ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်ပါသည်။ Liberalization သည် Democratization နှင့် ဆင်တူသော နှီးနွှယ်နေသော်လည်း တစ်ခုနှင့်တစ်ခု မတူပါ။ တစ်ပြိုင်နက်လည်း စတင်ဖြစ်ပေါ်လေ့မရှိပါ။ တစ်နည်းအားဖြင့် Liberalization စပြီးမှသာ Democratization စတင်၍ ရနိုင်သည်ဆိုသော သဘောဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူ့အဖွဲ့အစည်းအတွင်း အရာရာနိုင်ငံရေးအဖြစ် အဓိပ္ပါယ်ကောက်ယူ ဘာသာပြန်ခြင်း၊ ဘာသာပြန်ခံရခြင်းများမှ ကင်းလွတ်၍ ပေါ့ပါးခြင်းတစ်မျိုးကို ပြည်သူလူထု မြင်တွေ့ရပါလိမ့်မည်။

လူ့အဖွဲ့အစည်းအတွက် Space ခေါ် နေရာသည် အသွင်ကူးပြောင်းမှုနှင့်အတူ တဖြည်းဖြည်း ပေါ်ပေါက်လာမည်ဖြစ်ပေသည်။ ထိုသို့ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မြင်နိုင်သူများ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို ဆော်သြကြပါလိမ့်မည်။ လူ့အဖွဲ့အစည်းအနေဖြင့် တိုးတက်ရရှိလာနေသော နေရာကို မြင်နိုင်စွမ်းသည်လည်း လူ့အဖွဲ့အစည်းအတွင်း အုပ်စုတစ်ခုနှင့်တစ်ခု မတူညီချေ။ အခွင့်အလမ်းများ ပွင့်လာသည်ကို မြင်နိုင်သူများမှာ Elite ခေါ် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အပေါ်ဆုံးအလွှာတွင်ရှိသူများဖြစ်၍ ၎င်းတို့ထံမှအသံကို အမြဲလိုလို အရင်ဆုံးကြားရလေ့ရှိသည်မှာ မဆန်းပါ။

တဖြည်းဖြည်း နေရာကျယ်၍ သိသာထင်ရှားလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း သဘောပေါက်သူများ တဖြည်းဖြည်း များလာပြီး သက်ဝင်လှုပ်ရှားမှုအမျိုးမျိုးကို တွေ့ရမည်ဖြစ်ပေသည်။

ဘူဇွာလူတန်းစားဟုခေါ်သူများ၏ တက်ကြွမှု၊ ပညာရှင်များ၏ အခန်းကဏ္ဍ၊ လူလတ်တန်းစားပါဝင်မှုမှသည် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာအထိ Liberalization အပေါ် တုံ့ပြန်မှုအသွင် ကူးပြောင်းမှုအမျိုးမျိုး မြင်ရပါလိမ့်မည်။

အချို့အသွင်ကူးပြောင်းရေး (Liberalization) အပါအ၀င် လုပ်ငန်းစဉ်များသည် အလွန်လျင်မြန်ပြီး ထိုသို့လျင်မြန်လျှင် Popular Upsurge များ ကြုံရတတ်သည်ဟု ဆိုသည်။ Liberalization နောက်က ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်တိုက်လိုက်ပါလာသော နိုင်ငံများရှိသကဲ့သို့ နှစ်ပေါင်းဆယ်နှစ်ကျော်ကြာအောင် စောင့်ရသောနိုင်ငံများလည်း ရှိခဲ့ပါသည်။ Liberalization နောက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး မလိုက်သော နိုင်ငံများလည်း ရှိနေခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၁ မြန်မာ့လူ့အဖွဲ့အစည်း၏ အလွှာအသီးသီးသည် ပွင့်လာသော အခွင့်အလမ်းများကို ခန့်မှန်းနိုင်ခြေအပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့် အသွင်ကူးပြောင်းလှုပ်ရှားလာကြမည်ဖြစ်ရာ ရင့်ကျက်သော တုံ့ပြန်မှုများ ဖြစ်နိုင်သကဲ့သို့ လက်ခုပ်သံသက်သက်ထက် မပိုသော လှုပ်ရှားမှုများလည်း မြင်တွေ့ရမည်ဖြစ်ပေသည်။

လူ့အဖွဲ့အစည်း Civil Society ရင့်ကျက်ခဲ့လျှင် မလိုလားအပ်သော ပန်းတိုင်များဆီ ရောက်ရှိသွားခြင်းမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။ ၂၀၁၁ မြန်မာ့လူ့အဖွဲ့အစည်းသည် Liberalization ကို အသေအချာ ထိတွေ့ရမည်ဖြစ်ပြီး Liberalization အဆင့်သည် Democracy မဟုတ်ကြောင်းလည်း သိရှိထားသင့်ပေသည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
February 22-28, 2010
စာမျက်နှာ - ၁၅

No comments:

Post a Comment

 
Web Statistics