- ဟယ် ငါတော့ ဒီလိုနေရာမျိုးမှာထိုးပြတဲ့ တီဗီကြော်ငြာပစ္စည်းဆို မ၀ယ်ချင်တော့ဘူး၊ စေတနာပျက်တယ်။
- ကြီးကြီးကလဲ လုပ်ပြန်ပြီ၊ ဒီလိုနေရာမျိုးမှာ ထိုးပြတဲ့ကြော်ငြာမှ လူများများ သတိထားမိမှာပေါ့။ ဒါကြောင့် ပိုက်ဆံ အများကြီးပေးပြီး ဒီလိုနေရာမျိုး၊ ဒီလိုအချိန်မျိုး ပါရအောင် ထည့်ထားတာဗျ။
- ပိုက်ဆံပေးပြီး ပရိသတ်ကို မျက်မုန်းကျိုးအောင်လုပ်တာနဲ့ မတူဘူးလား။ ဟိုကားမှာ မို့မို့မြင့်အောင် ဘယ်လိုကောင်းထားတယ်၊ ပရိသတ်ကြီး ကြည့်ရအောင် ပြန်လွှင့်မယ်ကြံကာရှိသေး ဟိုကြော်ငြာ၊ ဒီကြော်ငြာတွေက ပြလို့မပြီးနိုင်ဘူး။ ပရိသတ်က သူတို့ကို ကြည့်ချင်တာမဟုတ်ဘူး။ မို့မို့မြင့်အောင်တို့၊ ခင်မို့မို့အေးတို့၊ ရဲအောင်တို့၊ ခန့်စည်သူတို့ကို ကြည့်ချင်ကြတာ။
- ဟုတ်တယ် ကြီးကြီးရ၊ ကြော်ငြာဆိုတာ အဲလိုနေရာမျိုးမှာ ကြော်ငြာမှ လူကြိုက်တာ။
- တော်စမ်းပါဟယ်၊ လူမကြိုက်ဘဲ လူမျက်မုန်းကျိုးတယ်။ ပရိသတ်ကို စော်ကားနေသလိုပဲ။ ငါကြည့်နေပါတယ်။
- ဟုတ်တယ်ဗျ၊ ကြီးကြီးပြောမှ သတိထားမိတယ်။ ကြော်ငြာဆိုတာ လူမုန်းစရာကောင်းအောင် မပြရဘူးဗျ။ လူချစ်စရာဖြစ်အောင်၊ ယုံကြည်လက်ခံစရာဖြစ်အောင်ပြမှ အောင်မြင်တဲ့ကြော်ငြာ ဖြစ်မှာဗျ။ ခုတော့ တချို့ကြော်ငြာတာတွေက ပရိသတ်ကို ဆရာကြီးလုပ်သလိုလို၊ တချို့ဟာတွေကလည်း သဘာဝမကျတဲ့ အလွန်အကျွံတွေ ဖြစ်နေတယ်။ ဟိုကြော်ငြာတစ်ခု ကြည့်ပါလား၊ ရေမရှိ၊ နေမရှိ၊ လေမရှိပေမယ့် သူရှိရင်ဖြစ်တယ် ဆိုတာလေ။ ရေမရှိ၊ လေမရှိရင် လူဟာ ဘယ်လို အသက်ရှင်နိုင်မလဲ။ ဒါကို ထည့်မတွက်ဘဲ ပြချင်တာပြနေတော့တာပဲ။ သဘာဝမကျ၊ သိပ္ပံနည်းမကျတဲ့ ကြော်ငြာမျိုး။
- ဟုတ်ပါ့ ငါ့တူ စောနေ၀န်းရေ၊ မင်းတို့လို လူငယ်လေးတွေတောင် ဒါမျိုးပြောရင် ကြီးကြီးတို့လို သက်ကြီးရွယ်အိုတွေ တစ်သက်လုံး အကောင်းတွေကြည့်၊ အကောင်းတွေဖတ်၊ အကောင်းတွေနဲ့ နေခဲ့ရတဲ့သူတွေက ချို့ယွင်းချက်၊ အားနည်းချက်တွေ့ရင် ပိုစိတ်ထိခိုက်တာပေါ့။ ခုတော့ ကြော်ငြာဝင်နေတာနဲ့ အကယ်ဒမီတောင် ကောင်းကောင်းမကြည့်လိုက်ရဘူး။ ဒီနှစ် အကယ်ဒမီကတော့ ကြော်ငြာအကယ်ဒမီလို့ပဲ ပြောရမှာပဲ။ အကယ်ဒမီကလဲဟယ်၊ ငါတို့ခေတ်ကလို ကား ၁၀၀၊ ၂၀၀ မှာ တစ်ကားလောက် ရွေးထုတ်ရတဲ့ အကယ်ဒမီမှ မဟုတ်တာ။ တစ်ကားလောက် ကောင်းကောင်းလေး ရိုက်လိုက်ရင် ရတာပဲ။
- ဟာ ကြီးကြီးကလဲ၊ ရဖို့ ဘယ်လွယ်မလဲ။
- ကြီးကြီးတို့ပြောလိုက်ရင် တလွဲချည်းပဲ၊ တော်ပါတော့ဗျာ။ ကြီးကြီးစကားပြောတာတွေက ကောင်းပါတယ်၊ စကားမပြောဘဲနေရင် ပိုကောင်းပါတယ်။
(News Watch Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၂၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment