ယနေ့မြန်မာနိုင်ငံ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွင် ဦးနှောက်အရေးကြီးကြောင်း၊ ခံစားမှု အီမိုးရှင်းသက်သက်သမားထက် ဦးနှောက်သမားက ပိုလိုအပ်ကြောင်း သုံးပွင့်ဆိုင် ပလေယာပုံသဏ္ဌာန်ကိုကြည့်ပြီး ပြောလို့ရသည်။ သုံးပွင့်ဆိုင်ဟူသည် (၁) စပွန်ဆာ၊ (၂) နိုင်ငံရေးခေါင်းဆောင်များ၊ (၃) မဲဆန္ဒရှင်များ။ ဒီသုံးပွင့်ဆိုင်က ယနေ့နိုင်ငံရေးကို ပုံဖော်သွန်းလုပ်ကြမည်။ နိုင်ငံရေးဦးနှောက်က ဒီမှာ အရေးကြီးလာပြီ။ Political Brains သုံးဖက်လုံးမှာ ရှိကြသည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့ကတော့ ဤနိုင်ငံရေးဦးနှောက်ထဲတွင် အကြောင်းအကျိုးသုံးသပ်သော ဆင်ခြင်တုံတရား Reason နှင့် စိတ်ခံစားမှု (ဖီလင်အီမိုးရှင်း) Emotion အားပြိုင်ကြပုံကို စစ်တမ်းထုတ်ကြသည်။
မြန်မာ့နိုင်ငံရေး ဝေါဟာရနယ်ပယ်တွင် ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ဆိုသော စကားလုံးတွေ အတော်သုံးကြသည်။ ဤနေရာတွင် ပုစ္ဆာတစ်ပုဒ် တွက်ချက်ဆင်ခြင်ကြည့်ဖို့ ပေါ်လာ၏။ ဆိုခဲ့ပါ ပလေယာတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ဆင်ခြင်တုံတရားက နေရာယူလွှမ်းမိုးခဲ့သလား၊ အီမိုရှင်းကပဲ တွန်းဆော်ခဲ့သလား မေးခွန်းပုစ္ဆာ။
ပေါ်လစီရေးရာ၌ပင် ၀ါဒကိုအခြေခံ၊ စည်းမျဉ်းစည်းကမ်းကိုအခြေခံ လုပ်ဆောင်ကြလျှင် ယင်းကို ဆင်ခြင်တုံတရားဟု ယေဘုယျ သုံးသပ်နိုင်သည်။ ထိုအချက်ကို ဦးနှောက်မုန်တိုင်းဆင် Brain Storming ကြည့်ကြဦးစို့။ စိန်ခေါ်စဉ်းစားကြဦးစို့။ ထိုသို့ နိုင်ငံရေးသမားတို့ ၀ါဒပေါ်လစီရွေးချယ်ချမှတ် ကျင့်သုံးကြရာတွင် ကျိုးကြောင်းဆင်ခြင်ကြရာတွင် "အိမ်နီးချင်း"က အတော်သြဇာ လွှမ်းခဲ့ကြသလား သို့မဟုတ် အင်အားကြီး အင်ပါယာတို့က သြဇာညောင်းခဲ့ကြသလား။
ဥပမာ တစ်ခေတ်က လီနင်စတာလင် ဆိုဗီယက်ယူနီယံအင်ပါယာ Logic စဉ်းစားနည်းမျိုး အတုခိုးခဲ့ကြသလား။ တရုတ်မော်စီတုံးတို့၏ မဟာပစ္စည်းမဲ့ ယဉ်ကျေးမှုတော်လှန်ရေး လုပ်တာမျိုး၊ ဖြုတ်ထုတ်သတ်လမ်းစဉ် ချမှတ်ကျင့်သုံးခဲ့တာမျိုး။ ယင်းကို ဆင်ခြင်တုံတရားဟု ခေါ်မည်လား၊ ခံစားမှုအီမိုးရှင်းအကြိုက်ဟု ခေါ်မည်လား၊ ဘာ "စံ" လဲ၊ ဘာ "နှုန်း" လဲ၊ သဲကွဲစွာ ဝေဖန်နိုင်ဖို့ လို၏။
နိုင်ငံရေးသည် လူတို့၏ အီမိုးရှင်းလွှမ်းသော အလုပ်ဖြစ်သည်မှာ ထင်ရှား၏။ သမိုင်းရာဇ၀င်များကို ကြည့်။ နိုင်ငံရေးသည် မေတ္တာဇာတ်လမ်းထက် အမုန်းဇာတ်လမ်းဟု နိုင်ငံရေးပညာရှင်တချို့က ခပ်ပြတ်ပြတ် ခပ်ရဲရဲ ဖွင့်ဟကြသည်။ ထောက်ပြကြသည်။ လူတို့၏ နိုင်ငံရေးဦးနှောက်ထဲတွင် ထိုအီမိုးရှင်းက သဘာဝအလျောက် နေရာယူထားပြီးဟု ဆိုနိုင်သည်။ လူတို့သည် အီမိုးရှင်းသတ္တ၀ါများ ဖြစ်ကြပေသည်တကား။
ယခု (ဒီယခုက အရေးကြီး ယခု) နိုင်ငံရေးမှာ လူမျိုးရေး ဘာသာရေးများ အခြေခံခြင်းကို ကမ္ဘာအ၀ှမ်း လျှော့ချဖို့ ကြိုးစားနေကြပြီ။ အရှေ့-အရှေ့အလျောက်၊ အနောက်-အနောက်အလျောက်၊ ယင်းစား လူတန်းစားထိပ်လွှာ (အီလစ်)နှင့် အောက်ခြေ (ပေါ်ပြူလစ်) တို့ဆိုပြီး ခွဲခြားကြည့်လာသည်။ လူ့အဖွဲ့အစည်းသည် ထိပ်လွှာနှင့် အောက်ခြေ ပေါင်းစပ်ထားခြင်းဟု အကြမ်းဖျဉ်း နားလည်နိုင်သည်။ ယင်းအခြေခံဖြင့် နိုင်ငံရေးကို ကြည့်ကြသည်။
ထို့ကြောင့် ပေါ်လစီဝါဒ တံဆိပ်ခတ်ကြလျှင် (၁) Elitism (၂) Populism ဆိုပြီး မျက်နှာစာနှစ်ဖက်ကို ကြည့်သောနည်း ပေါ်လာသည်။
ထို့ပြင် (၁) ကွန်ဆာဗေးတစ်၊ (၂) လစ်ဘရယ်၊ (၃) ဆိုရှယ်လစ်ဟု ဂိုဏ်းခွဲပြောနည်းလည်း ရှိသည်။
၂၀၁၀ ယနေ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးကာလတို့တွင် နိုင်ငံရေးတံဆိပ် ဘယ်လို ကပ်ကြမည်လဲ၊ စဉ်းစားတွေးမြင်ကြည့်ချင်စရာ ကောင်းနေသည်။
(၁) ဘာသာရေးအခြေစိုက်
(၂) လူမျိုးရေးနှင့် ယဉ်ကျေးမှုအခြေစိုက်
(၃) လူတန်းစားအခြေစိုက်
(၄) နိုင်ငံရေးဝါဒ ပေါ်လစီအခြေစိုက်
(၅) အီလစ်၊ ပေါ်ပြူလစ်အခြေစိုက်
(၆) နိုင်ငံလုံးဆိုင်ရာအခြေစိုက်
(၇) ဒေသအခြေစိုက်
(၈) အမျိုးသမီးအခြေစိုက်
စသည်ဖြင့် ပါတီစုံပေါ်လာနိုင်သည်။
မည်သို့ရှိစေ နိုင်ငံရေးဦးနှောက်တော့ ရှိကြပြီးသားဟု မှတ်ယူရသည်။ သန်ရာသန်ရာ အမျိုးမျိုးအစားစား အဖုံဖုံ။
နိုင်ငံရေးကို သုံးသပ်သည်ထက် နိုင်ငံရေးဦးနှောက်သုံးသပ်သည့် အကြောင်းအရာ ရှုထောင့်သစ်တစ်မျိုး ရေပန်းစားလာမည်ဟု The Political Brain by Drew Westen ကို ကိုးကားညွှန်းပြု၍ ဆရာမောင်စူးစမ်းက ရန်ကုန်တိုင်းမ် အတွဲ ၆၊ အမှတ် ၆၊ ဖေဖော်ဝါရီ ၁၁/၁၇-၂၀၁၀ မှာ ရေးလာပြန်ပါသည်။
ထင်ဆင့်ညွှန်းသူ၏ ကိုယ်ပိုင်အမြင်
နိုင်ငံရေးတွင် ခံစားမှု (ဆိုကြပါစို့ အမုန်းဒေါသ၊ အာဃာတစွဲ၊ ဂိုဏ်းအုပ်စုပုဂ္ဂိုလ်စွဲ) ထက် ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား သုံးသပ်ပြီး Reality ပကတိအစစ်တရားက ဘာလဲ (ခါးသီးချင်ခါးသီး၊ စပ်ဖျင်းဖျင်း ဖြစ်ချင်လည်းဖြစ်) သေချာမြင်အောင်ကြည့်ပြီး ထိုခါးသီးမှုကိုပင် တဖြည်းဖြည်း ချိုအီဆိမ့်သပ်လေး ဖြစ်သွားအောင် ခပ်မှန်မှန် ၀ါးစားကြည့်ဖို့ လိုမည်။ အဲဒီနည်းကသာ ငြိမ်းချမ်းသော၊ စိမ်းလန်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ တည်ငြိမ်သာယာသော တိုင်းသစ်ပြည်သစ်၊ မြို့သစ်ရွာသစ်ကို ဦးတည်စေမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်သစ်သို့ ရောက်မည်ယုံကြည်ကြောင်း....
မည်သူတွေ ဘာထင်ထင်၊ ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း ယုံကြည်မိပါကြောင်း ခပ်ပြတ်ပြတ် ရေးလိုက်စမ်းပါရစေ။ ကျေးဇူးတရားဖြင့်....
အမှတ် (၆၀)၊ April 1, 2010
စာမျက်နှာ - ၁၉
No comments:
Post a Comment