ငါ့တိုင်းပြည်မှာ...
ဖြူလွဖွေးစက်၊ ငွေနှင်းခက်တို့
နတ္ထိမကျတတ်ပါချေ။
ငါ့တိုင်းပြည်မှာ...
မိုးလောက်မြင့်ပုံ၊ ဆောက်အအုံတို့
စုံစွာများပြားမရှိချေ။
ငါ့တိုင်းပြည်မှာ...
ဒုံးပျံအလား၊ အမြန်သွားသည့်
ဓာတ်ရထားတို့မရှိချေ။
ငါ့တိုင်းပြည်မှာ...
ကိုကာကိုလာ၊ ဟမ်ဘာဂါနှင့်
ပီစာမုန့်လည်းမရှိချေ။
ထိုသို့ဆိုလျှင်၊ ငါချစ်ခင်သည့်
ဤတိုင်းပြည်မှာ... ဘာများမက်ဖွယ်ရှိသနည်း။
နေရောင်တံလျှပ်၊ ပက်ကြားအက်နှင့်
ခြောက်ကပ်ဖုံထူ၊ အိုက်အိုက်ပူကို
ငါလျှင်သဘောကျပါသည်။
ဓနိမိုးကပ်၊ ထရံပတ်၍
ခြံခတ်စည်းရိုး၊ ၀ါးလုံးကျိုးက
တစ်မျိုးလှပနေပါသည်။
ငညိုငနီ၊ ဟဲ့သံစီ၍
ဟီဟီမြင်းလှည်း၊ ခွပ်ခွပ်ဆွဲသည်
မခွဲနိုင်ပါ ဤမြေယာ။
ဘိန်းမုန့်ဆီဆမ်း၊ နှမ်းတို့ဖြန်း၍
ထန်းရည်ချိုအေး၊ ရောဖက်လွေးသော်
အတွေးနတ်သုဒ္ဓါပါလေ။
ငါ့တိုင်းပြည်မှာ...
ငါ့ဆွေငါမျိုး၊ ငါ့ဘေးဘိုးတို့
အရိုးမြေကျ နေခဲ့သည်။
ငါ့တိုင်းပြည်မှာ...
ငါ့မိငါ့ဘ၊ မောင်နှမတို့
ငါနဲ့အတူ နေကြသည်။
ငါ့တိုင်းပြည်မှာ...
အသက်တမျှ၊ ငါချစ်ရသည့်
နှမသက်လျာ ရှိလေသည်။
ငါ့တိုင်းပြည်မှာ...
စားရန်စပါး၊ ရေချိုများ၍
ဝမ်းခါးမပူရလေပြီ။
ယခုအခါ...
ငါသောက်သောရေ၊ နေသောမြေ၀ယ်
တူနေသားချင်း၊ ဒို့တိုင်းရင်းတို့
ချစ်ခြင်းညီတူ၊ တွဲလက်ကူ၍
ထူမည်နိုင်ငံ၊ ဖွံ့ဖြိုးရန်ဟု
ကြံစည်ဆောင်ရွက်၊ စည်းလုံးလျက်သာ
မပြတ်ပန်းတိုင်၊ ဇွဲခိုင်ခိုင်နှင့်။
ဤသို့သောမြေ၊ ငါ့တိုင်းပြည်မှာ
လူလာဖြစ်ရ၊ ကောင်းလေစွဟု
ငါလျှင်ဝမ်းမြောက်မိပါသည်။
ဂုဏ်ယူပီတိ၊ မြတ်အသိဖြင့်
ငါလျှင်ကြွေးကြော်လိုက်ချင်သည်...
ငါသည်မြန်မာ... ငါမြန်မာ....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်၊ သောကြာနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment