"ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအနေဖြင့် မိမိတို့အပေါ် အုပ်ချုပ်မည့်သူများကို ရွေးချယ်ပိုင်ခွင့် သို့မဟုတ် ငြင်းပယ်ပိုင်ခွင့်ဟူသည့် အခွင့်အလမ်းကို ရရှိစေခြင်းပင်ဖြစ်လေသည်"
ဂျိုးဇက်ရွှန်းပီတာ (၁၈၈၃-၁၉၅၀)
နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြာမြင့်ခဲ့သော လူ့ဘောင်သမိုင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော် မတိုင်မီကအထိ လူတို့သည် မိမိတို့ကို အုပ်ချုပ်မည့်သူများအား မိမိတို့ဘာသာ ရွေးချယ်ခွင့်မရကြချေ။ အမျိုးမျိုးသော သက်ဦးဆံပိုင်ပဒေသရာဇ်၊ ဧကရာဇ်တို့၏ ဆွေစဉ်မျိုးဆက် အုပ်ချုပ်မှုအောက်တွင် ပြုသမျှ နုခဲ့ကြရသည်။ သနားကြင်နာတတ်ပြီး ပြည်သူများကို ရင်ဝယ်သားကဲ့သို့ သဘောထားသည့် ရှင်ဘုရင်လည်းရှိသည်။ စိတ်နေစိတ်ထား ပြင်းထန်၍ ကြမ်းတမ်းစွာအုပ်ချုပ်သော ရှင်ဘုရင်လည်းရှိသည်။ ပြည်သူတို့အနေဖြင့်ကား ဘုရင်က ခန့်ထားသော ရွာစား၊ နယ်စားများမှစ၍ ရှင်ဘုရင်တိုင်အောင် အဆင့်ဆင့် ကြောက်ရွံ့ရိုသေကြရကာ ကျေးတော်မျိုး ကျွန်တော်မျိုးဘ၀မှ မတက်ခဲ့ကြရပေ။
ဒီမိုကရေစီအတွေးအခေါ်များ ထွန်းကားလာသည့် ဉာဏ်သစ်လောင်းခေတ်တွင်မူ သဘာဝတရားအရ လူတိုင်း တန်းတူညီမျှသည်ဟူသော အတွေးအခေါ်က ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နေရာယူလာခဲ့သည်။ ထိုမှတစ်ဆင့် အများသဘောတူညီ လွှဲအပ်မှုမပါဘဲ လူတစ်ဦးက အခြားသူများအပေါ် အုပ်ချုပ်ခွင့်ရရှိရန် မသင့်ဟူသော အတွေးအခေါ်က လိုက်ပါလာခဲ့သည်။ တစ်ဦးတည်းက အုပ်ချုပ်သည့်စနစ် (Ruled by one)၊ လူနည်းစုက အုပ်ချုပ်သည့်စနစ် (Ruled by few)၊ အများက အုပ်ချုပ်သည့်စနစ် (Ruled by many) သို့ ပြောင်းလာခဲ့ခြင်းသည်ပင် ဒီမိုကရေစီ၏ အခြေခံသဘောဖြစ်တော့သည်။ အများက အုပ်ချုပ်သည်ဟု ဆိုသော်လည်း လူထုအားလုံးက အရာရာကို စုဝေးဆုံးဖြတ်နိုင်သည့် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံး၍ မရနိုင်တော့သည်ဖြစ်ရာ ပြည်သူတို့က ကိုယ်စားအုပ်ချုပ်စေရန် ကိုယ်စားလှယ်များ ရွေးချယ်ပေးရသည့် ကိုယ်စားပြု ဒီမိုကရေစီသည်သာ လက်တွေ့အကျဆုံးနည်းလမ်း ဖြစ်လာခဲ့လေသည်။
ကိုယ်စားပြုဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီဆိုသည်နှင့် ရွေးချယ်တင်မြှောက်ခြင်းနှင့် မဲပေးခြင်း လုပ်ငန်းစဉ်တို့မှာ မဖြစ်မနေ ပါလာရတော့သည်။ ထို့ကြောင့် ရွေးကောက်ပွဲတို့သည် ပြည်သူတို့အား ကိုယ်စားပြုမှုအတွက် ပြီးပြည့်စုံကောင်းမွန်သည့် စနစ်တစ်ခု ဖြစ်ချင်မှဖြစ်မည်။ သို့သော် မဖြစ်မနေ၊ မရှိမဖြစ် ပါဝင်ရမည့် နည်းလမ်းတစ်ခု ဖြစ်ချေသည်။
ရွေးကောက်ပွဲကျင်းပပြုလုပ်သည့်အတွက် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသနည်းဆိုသည်ကို ဆန်းစစ်ရန် လိုလာသည်။
အခြေခံမဲဆန္ဒရှင် ပြည်သူတို့အတွက်ကား ရွှန်းပီတာပြောခဲ့သလိုပင် မိမိအပေါ် အုပ်ချုပ်မည့်သူများအား မိမိတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရရှိခြင်းဟူသော ထူးခြားသည့် အကျိုး၊ အခွင့်အာဏာကို ရလိုက်ခြင်းဖြစ်သည်။ သို့သော် အရွေးမတတ်လျှင် လူထုအနေဖြင့် မိမိတို့ရရှိထားသည့် အခွင့်အရေးကို အဟောသိကံ ဖြစ်သွားစေသည့်အပြင် မိမိကို ဒုက္ခပေးမည့်သူများအား မိမိတို့ခေါင်းပေါ်တင်၍ ရွက်ထားရသကဲ့သို့ ဖြစ်သွားတတ်လေသည်။ ထို့ကြောင့်လည်း အနောက်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲစနစ်ကို ကိုယ်တိုင်တွေ့ထိခံစားကာ အမြင်မတော်လျှင် သရော်လိုသော စာရေးဆရာကြီး ဘားနာ့ဒ်ရှောက ရွေးကောက်ပွဲဆိုသည်မှာ လူမိုက်အန္ဓ၊ လူအဗလချာတို့က မိမိတို့အားအုပ်ချုပ်ရန် လူလိမ်လူကောက်များကို ရွေးချယ်သည့်လုပ်ငန်း ဖြစ်သည်ဟု ပြက်ရယ်ပြုခဲ့ခြင်းဖြစ်၏။ စင်စစ်၌ကား လူကောင်းလူတော်များကို မိမိတို့ ကိုယ်စားလှယ်များအဖြစ် မှန်မှန်ကန်ကန် ရွေးချယ်မဲပေးကြရန်မှာ ပြည်သူလူထုကြီး၏ တာဝန်ပင်ဖြစ်တော့၏။
နိုင်ငံရေးပါတီများအတွက်ကား ရွေးကောက်ပွဲဟူသည် မိမိတို့ယုံကြည်သည့် အတွေးအခေါ်၊ ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များကို အခြေခံ၍ နိုင်ငံနှင့်ပြည်သူ အကျိုးဆောင်ရွက်ခွင့်ကို ပြည်သူတို့က ကိုယ်စားလှယ်အဖြစ် ယုံကြည်လွှဲအပ်ခြင်း ခံရစေရန် တရားဝင်ကြိုးပမ်းနိုင်သည့် အခွင့်အရေးကြီးပင် ဖြစ်လေသည်။ အချို့က ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီတို့အတွက် နိုင်ငံရေးအာဏာရရှိစေရန် လမ်းဖွင့်ပေးသော တံခါးပေါက်ဟု တိုတိုတုတ်တုတ် ဆိုကြသည်။ သို့သော် ယင်းနိုင်ငံရေးအာဏာဟူသည် ပြည်သူ့အကျိုးငှာ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကို ကိုယ်တွယ်စီမံခန့်ခွဲရာ၌ အခွင့်အာဏာ သော့တစ်ချောင်းအဖြစ်သာ အသုံးပြုရန်ဖြစ်သည်ကို မမေ့သင့်ပေ။ ဤအချက်ကို မေ့လျော့ကာ နိုင်ငံရေးအာဏာကို ဘိုးဘွားပိုင်အမွေတစ်ခုနှယ် ကိုယ်ကျိုးအတွက် အသုံးလွဲခဲ့ပါလျှင် ပြည်သူတို့၏ စိမ်ရေသင့်တတ်သည်။
နိုင်ငံတော်အတွက်ကား ရွေးကောက်ပွဲဟူသည် နိုင်ငံကို ဦးစီးဦးကိုင်ပြု၍ ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် စွမ်းဆောင်ပေးမည့် "လူစွမ်းကောင်း" ရွေးပွဲကြီးပင် ဖြစ်တော့သည်။ လေးနှစ်တစ်ကြိမ်၊ ငါးနှစ်တစ်ကြိမ် ကိုယ်စားလှယ်သစ်၊ နိုင်ငံရေးခေါင်းဆောင် မျိုးဆက်သစ်တို့ဖြင့် သွေးသစ်လောင်းကာ အကြံသစ်၊ ဉာဏ်သစ်၊ အတွေးအခေါ်သစ်၊ မူဝါဒအသစ်များဖြင့် တိုးတက်ဖြစ်ထွန်းလာသည့် ပြည်တွင်းပြည်ပ လူမှုစီးပွားရေး နိုင်ငံရေးအခြေအနေသစ်များနှင့်အညီ လိုက်လျောညီထွေစွာ ကြိုးပမ်းဆောင်ရွက်ခွင့် ရစေခြင်းပင်ဖြစ်သည်။ "စွမ်းလည်းစွမ်း၊ ကောင်းလည်းကောင်းသော" လူစွမ်းကောင်းများကို မွေးထုတ်သည့်ပွဲပင် ဖြစ်သည်။
ထို့အပြင် ဒီမိုကရေစီနိုင်ငံရေးအစုအဖွဲ့ Political Institution နှင့် နိုင်ငံရေးစနစ်ကြီး တစ်ခုလုံးအတွက်လည်း ပြည်သူတို့၏ ယုံကြည်ကိုးစားမှုနှင့် စိတ်အားထက်သန်စွာ ထောက်ခံမှုကို သွေးသစ်လောင်း အားမြှင့်ပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လေသည်။
ထို့ကြောင့် ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီလုပ်ငန်းစဉ်၌ မရှိမဖြစ် လိုအပ်ချက်ဖြစ်၏။ ထိုလိုအပ်ချက်ကို ကောင်းစွာဖြည့်ဆည့် ပေးနိုင်ရေးမှာကား နိုင်ငံရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံရေး၏ အဓိဇာတ်ဆောင်များဖြစ်သည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများနှင့် ကြီးကြပ်ထိန်းသိမ်း ပေးသူများဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်တို့က ချမှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း များနှင့်အညီ ကိုယ့်တာကိုယ်လုံအောင် အသိတရားဖြင့် ဆင်ခြင်ကာ ပြည်သူအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်သွားကြရန်သာ ဖြစ်ပေတော့သည်။
ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၄)
ဧပြီ ၈ - ၁၄၊ ၂၀၁၀
Supplement (A), (F)
အတွဲ (၆) အမှတ် (၁၄)
ဧပြီ ၈ - ၁၄၊ ၂၀၁၀
Supplement (A), (F)
No comments:
Post a Comment