Wednesday, April 28, 2010

လတ်တလော ကျွန်တော်


တပည့်တွေက စာမေးပွဲဖြေဖို့ လုံးပမ်းနေကြချိန်ဆိုတော့ ကျွန်တော်တို့ဆရာတွေ အနားရတဲ့ကာလ ဆိုပါတော့။ အားအားလျားလျား ဖြစ်သွားတာမဟုတ်ပေမယ့် အရင်ထက်စာရင်တော့ ကိုယ်ပိုင်ချိန်လေးတွေ ပိုရလာပါတယ်။ စာအေးအေးဆေးဆေး ဖတ်ရတယ်။ တွေးချင်တာကို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး တွေးရတယ်။ ပင်ပန်းလာတယ်ထင်ရင် အနားယူလိုက်တယ်။ ဒါလိုအေးအေးဆေးဆေး နေရမှာကလည်း တစ်လလောက်ပဲ ဖြစ်မှာပါ။ အချိန်တန်ရင် စာသင်ခန်းတွေ၊ ကျောင်းသားတွေ၊ ကျောက်သင်ပုန်းတွေ၊ မြေဖြူတွေနဲ့ ပြန်ပြီးတော့ လုံးလည်လိုက်နေဦးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် အခုတော့ စိတ်ဖိစီးမှုတွေ အတန်အသင့် လျော့ပါးနေတာ အမှန်ပါပဲ။

သုတစာပေတွေကိုပဲ တမက်တမော ဖတ်မှတ်နေခဲ့တာ အတော်ကြာပြီ။ အခုတော့ ရသစာပေတွေဘက်ကို ပြန်ခြေဦးလှည့်နေပါတယ်။ ၀တ္ထုတိုတွေ အရင်ရှာဖတ်နေတယ်။ ပြီးရင် ဘာသာပြန်စာအုပ်တွေ လိုက်ရှာဖတ်ဖို့ စိတ်ကူးထားတယ်။ ဖတ်ချင်တဲ့စာအုပ်တွေက ဆရာကျော်ဝင်းရဲ့ စာအုပ်ကမ္ဘာထဲက ရတယ်လေ။ သူကညွှန်းထား၊ ဖွင့်ထားပြီးသားတွေကို ပြန်ဖတ်ရမှာဆိုတော့ အစိမ်းသက်သက် ဖတ်တာထက်တော့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပါ။

အခုတလော နိုင်ငံခြားဇာတ်လမ်းတွေ အတော်များများကို ကြည့်ဖြစ်တယ်။ နာမည်ကြီးဇာတ်ကား အားလုံးနီးပါးလောက်ကို ကြည့်ဖြစ်တယ်။ လူတိုင်းကြားဖူးတဲ့ ဇာတ်ကားနာမည်တစ်ခုဆိုတာနဲ့ ရအောင်လိုက်ရှာကြည့်ဖြစ်တယ်။ အရင်က မြန်မာကားတွေကလွဲရင် သိပ်မကြည့်ဖြစ်ဘူး။ တချို့ရက်တွေများဆိုရင် တစ်ရက်တည်းမှာတင် နိုင်ငံခြားကား (၄)ကားလောက်အထိ ပြီးအောင် ကြည့်ဖြစ်တယ်။ အဲဒီလို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်တွေ့မိ၊ မြင်မိ၊ သတိထားမိတဲ့ အချက်ကလေးတွေကို ပြောဖို့မှတ်ထားတာလေးတွေ ရှိပါတယ်။ ကျွန်တော်က မြန်မာကားတွေကို တစိုက်မတ်မတ် အားပေးသူဆိုတော့ ယှဉ်ထိုးပြီး မြင်မိတာလေးတွေပေါ့ဗျာ။ သေချာတာကတော့ နိုင်ငံခြားဇာတ်ကားတိုင်း မကောင်းဘူးဗျ။ တစ်ကားလုံး ကြမ်းရမ်းပြပြီး အဆင့်လွန် နည်းပညာတွေကို သုံးထားတိုင်း မကောင်းဘူးဆိုတာ အတော်လေးကို သိလာရတယ်။ ရိုက်ပြထားတာတွေကတော့ လန်းမှလန်း၊ လန်မှလန်၊ မိုက်မှမိုက်ပဲ။ ဒါပေမယ့် ရင်ထဲကို လာမငြိဘူး။ တသသနဲ့ မကျန်ရစ်ခဲ့ဘူး။ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘာနဲ့ဆုံးဖြတ်သလဲဆိုရင် အဲဒီဇာတ်ကားက ပေးချင်တဲ့ message ဟာ ဘာလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါက ကျွန်တော့်စံပါ။ ကြည့်နေတဲ့ပရိသတ်တစ်ယောက် အနေနဲ့ အဲဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ ဘာကျန်ခဲ့သလဲဆိုတဲ့ စံပေတံဟာ ကျွန်တော့်ရဲ့ သတ်မှတ်ချက်ပါပဲ။

ကိုရီးယားကားတွေကို အလာ့ဂျစ်ဖြစ်တဲ့ ကျွန်တော်ဟာ အခုတလော ကိုရီးယားဇာတ်လမ်းတွဲတွေဘက်ကို ခြေဦးလှည့်ဖို့ ကြိုးစားနေပါတယ်။ သမိုင်းကြောင်းဇာတ်ကားတွေကို ကြည့်ဖြစ်ပါမယ်။ ဥပမာ... လူတိုင်းကြိုက်ကြတဲ့ ဂျူမုံဇာတ်လမ်းတွဲကို ကျွန်တော်လုံးဝ မသိဘူး။ ဆားရှားတဲ့ဇာတ်လမ်းလို့တော့ အကြမ်းဖျင်းသိတယ်။ ဒီထက်ပိုပြီး ဘာမှမသိဘူး။ နောက်... နန်းတွင်းသမားတော်တို့၊ တော်ဝင်မင်းသမီးလေးတို့ စတဲ့ဇာတ်ကားတွေကို လုံးဝကို မကြည့်ဖူးဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံး တမ်းတမ်းစွဲဖြစ်နေရတာ အကြောင်းတော့ ရှိနိုင်ကောင်းရဲ့လို့ တွေးမိပါတယ်။ ကျွန်တော့်အတွက် ယုံကြည်ရမယ်ထင်တဲ့ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ဖြစ်ပါတယ်။ ချက်ကျလက်ကျနဲ့ အသေးစိတ် သူပြောပြတဲ့ အချက်တွေကြောင့် ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ဖို့အတွက် ဆုံးဖြတ်ဖြစ်သွားတာပါ။ စောစောကပြောတဲ့ နန်းတွင်းဇာတ်လမ်းတွဲတွေ၊ သမိုင်းဇာတ်လမ်းတွဲတွေကို ကြည့်ပါတဲ့။ ပညာယူစရာ၊ လေ့လာစရာတွေ အများကြီးပါသတဲ့။ ကြည့်ဖြစ်အောင် ကြည့်ပါဦးမယ်။

စိန်ပန်းနီတွေရဲရဲနီနေတာကို ဓာတ်ပုံရိုက်ချင်တာ အတော်ကြာပါပြီ။ ဘလော့ဂ်မှာလည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ခပ်စုတ်စုတ် ကင်မရာနဲ့ ရိုက်ရမှာကို လက်တွန့်နေမိတယ်။ အဲဒါကြောင့်လည်း ညီငယ်တစ်ယောက်ကို အကူအညီတောင်းတော့ သူကရိုက်ပေးပါတယ်။ သူ့ရဲ့ ကင်မရာအကောင်းစားကြီးနဲ့ပေါ့။ ဒါပေမယ့် သူ့ရဲ့ စကားတစ်ခွန်းကြောင့် နည်းနည်းတော့ နင်သွားတယ်။ ရိုက်ပြီးတဲ့ပုံတွေထဲမှာ သူ့စိတ်ကြိုက်ရိုက်ထားတဲ့ ပုံတွေနဲ့ ကျွန်တော်ကြိုက်တဲ့ ပုံတွေက မတူကြပါဘူး။ သူက တကယ့်ကို စိတ်ကြိုက်လက်စွမ်းပြထားတဲ့ ပုံတွေဆိုရင် ကျွန်တော်က မကြိုက်ဘဲ၊ သူမကြိုက်တဲ့ပုံတွေကျတော့ ကျွန်တော်က သဘောကျမိနေတာမျိုးပေါ့။ သူက ဘာပြောသလဲဆိုတော့ "အကောင်းနဲ့မတန်ဘူး" တဲ့။ အင်း... အဲလိုမျိုး တကယ်ဖြစ်နေသလား မသိပါဘူးဗျာ။ တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းတော့ ဘယ်တူနိုင်မလဲနော်။ အဲဒီစိန်ပန်းနီပုံတွေကို တင်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စိန်ပန်းနီနဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ရေးတာမပြီးသေးလို့ပါ။ စိတ်ကူးထဲမှာ ရေးနေတာ အတော်ကြာနေပြီ။ အခုအချိန်ထိ စိတ်တိုင်းမကျသေးဘူး ဖြစ်နေလို့ပါ။ အနှေးနဲ့အမြန် တင်ဖြစ်ပါလိမ့်မယ်။

ပြောချင်တာတွေ အများကြီးဖြစ်နေတယ်။ ဒါပေမယ့် အလျဉ်မီအောင် ကွန်ပျူတာလက်ကွက်က မရိုက်နိုင်ဘူး။ အဲဒီတော့ မှတ်စုစာအုပ်ထဲမှာပဲ တေးထားရတယ်။ ဟော... အချိန်ရလို့ ပြန်ရေးမယ်ဆိုတော့ စောစောကမှတ်ထားတဲ့ မှတ်စုကို ပြန်ရေးချင်စိတ် ပျောက်သွားရတယ်။ မူလရေးချင်စိတ်ရှိတုန်းက အတွေးတွေက ဘယ်ပျောက်ကုန်တယ်မသိဘူး။ စိတ်ကူးပေါ်သမျှကို ပါးစပ်ကပြောလိုက်တာနဲ့ ကွန်ပျူတာမှာ အလိုအလျောက် စာလုံးတွေရိုက်ပေးရင် သိပ်ကောင်းမှာပဲ။ ဒါမှမဟုတ် လက်ထောက်စာရေးမ တစ်ယောက်လောက် ခေါ်ငှားထားနိုင်လောက်အောင် ချမ်းသာရင်လည်း အကောင်းသား။ ကျွန်တော်ပါးစပ်ကပြောသမျှကို လိုက်ရေး၊ လိုက်ရိုက်ပေးဆို အတော်လေးကို အဆင်ပြေမယ်ဗျ။ ကွန်ပျူတာအစုတ်လေးကိုတောင် အသစ်မလဲနိုင်သေးတာ စိတ်ကူးကလည်း ယဉ်လိုက်ပါဘိဗျာလို့ပဲ ကိုယ့်ဘာသာကိုယ် လှောင်မိတော့တယ်။ ဘာပဲပြောပြော စိတ်ကူးယဉ်တာပဲဗျာ ပိုက်ဆံကုန်တာမှတ်လို့။ တစ်နေ့နေ့ပေါ့ဗျာ။

ပျော်ရွှင်ကြပါစေဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၁ နာရီ ၀၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics