(၁)
နက်ဖန်ဆိုရင် သင်္ကြန်ကျတော့မယ်။ အမှန်ကတော့ သဘက်ခါမှ သင်္ကြန်ကျမှာပါ။ မနက်ဖြန်က သင်္ကြန်အကြိုပဲ ရှိသေးတယ်။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက နယ်မြို့လေးမှာ ကြီးပြင်းလာရတာဆိုတော့ သင်္ကြန်အကြိုနေ့ဆိုရင် သင်္ကြန်စကျတယ်လို့ပဲ စိတ်ထဲမှာ စွဲနေတယ်။ ကျွန်တော်တို့မြို့မှာက သင်္ကြန်အကြိုနေ့ဆိုရင်ကို ရေတွေပက်နေကြပြီလေ။ အချို့သော မီးရထားလမ်းဘေးက ရွာလေးတွေ၊ အိမ်ခြေစုလေးတွေကတော့ သင်္ကြန်မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက ဖြတ်သွားတဲ့ ရထားတွေကို ရေတွေပက်နေကြတာ ခရီးသွားရင်း ကြုံဖူးပါတယ်။ အဲဒါကြောင့် ရထားစီးတဲ့အခါ လူနေတဲ့နေရာတွေရောက်ပြီ၊ ကလေးတွေ စုဝေးနေတာတွေ့ပြီဆိုတာနဲ့ မီးရထားပြတင်းမှန်တွေ အလျင်အမြန်ချရတာပေါ့။ ဒါတောင် တစ်ခါတလေ အငိုက်မိပြီး စိုသွားတာတွေ ရှိသေးတယ်။ လူကြီးတွေကတော့ စိတ်တွေတိုတာပေါ့။ သင်္ကြန်တောင်မကျသေးဘူး ရေပက်တယ်ဘာညာပေါ့။ တစ်ခါတလေ ပက်တဲ့ရေတွေက မသန့်ဘဲ ရွှံ့ဗွက်ရေလိုမျိုးတွေနဲ့ အပက်ခံရတာမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ ကလေးဆိုတော့ လူကြီးတွေ ကြိုက်တာ၊ မကြိုက်တာ၊ ဒေါသထွက်တာ၊ မထွက်တာကို ဂရုစိုက်မနေနိုင်အားပါဘူး။ ကျွန်တော်တို့ကတော့ ပျော်နေတာပါပဲ။ ရေအပက်ခံလိုက်ရလို့ စိတ်မဆိုးတဲ့အပြင် ပျော်တောင် ပျော်နေလိုက်သေးတယ်။အော်... ပြောချင်တာက မနက်ဖြန် သင်္ကြန်အကြိုနေ့ကိုတောင် ရောက်နေပြီ။ သူများတွေ တက်ကြွနေတာ၊ ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး စီစဉ်နေတာကို ဘေးကနေကြည့်ပြီး မပျော်မိဘဲ စိတ်ညစ်နေမိတယ်။ ရာသီဥတုက ဒီနှစ်ကျမှ ဒီလောက်ပူရတဲ့အထိ သူတို့မို့ မမောနိုင်၊ မပန်းနိုင် ရေတစိုစိုနဲ့ လည်ကြပတ်ကြဦးမယ်။ အပေါ်ကလည်းပူ၊ အောက်ကရေတွေကလည်း အငွေ့ပျံတဲ့အရှိန်နဲ့ပူ၊ လူတွေအများကြီးဆိုတော့ လူငွေ့ကလည်းပူ၊ ကားတွေ၊ ဆိုင်ကယ်တွေက ထွက်တဲ့အပူတွေကလည်းပူ၊ အမယ်လေး... တွေးကြည့်ရင်းနဲ့ အလိုလို ပူလာမိတယ်။
လူငယ်တွေကိုလည်း အပြစ်တော့မတင်ပါဘူး။ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လိုသာ မဟုတ်တယ်။ သူ့အရပ်နဲ့ သူ့ဓလေ့ဆိုသလိုတော့ ပျော်ခဲ့ကြတာပါပဲ။ မနက်ဖြန်အကြိုနေ့ဆိုရင် အိမ်မှာ အမေ့ကို မပျက်မကွက် လုပ်ပေးရတာက သင်္ကြန်ပန်းအိုး ထိုးပေးရတာပါပဲ။ ထိုးမယ့်အိုးကတော့ အမေက အစောကြီးကတည်း ၀ယ်ထားပြီးသား။ သင်္ကြန်ပန်းကလည်း မနက်အစောကြီးဆိုရင် ရွာကလာရောင်းတဲ့ ခေါင်းရွက်ဈေးသည်တွေဆီကနေ အလွယ်တကူ ၀ယ်လိုက်ရုံပါပဲ။ သင်္ကြန်ပန်းအိုးထိုးပြီး သိကြားမင်းကို ကြိုဆိုကြတယ်လို့ ငယ်ငယ်လေးကတည်း ယုံကြည်လာခဲ့တဲ့အစွဲဟာ အသက်အရွယ် အတော်လေးရလာတော့မှ ခပ်ဝါးဝါး ဖြစ်သွားရတာပါ။
စကားတွေက တောင်ရောက်မြောက်ရောက် ဆိုတဲ့အတိုင်း ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေမှာပါပဲ။ စိတ်ထဲမှာ ပေါ်လာသမျှကို ချရေးလိုက်တာပါ။ မနက်ဖြန်ဆိုရင် သင်္ကြန်ကို ကြိုကြပြီ။ ကျွန်တော်ဘယ်လိုမှ မခံစားရဘူး။ တစ်ခုပဲ ခံစားရတယ်။ သင်္ကြန်သီချင်းတွေကို နေရာတိုင်းမှာ ကြားနေရတာကိုတော့ ပျော်လို့ကို မဆုံးဘူး။ သင်္ကြန်သီချင်းဆိုတာ မြန်မာတွေရဲ့ အမှတ်သင်္ကေတ တစ်ခုလို့တောင် ကျွန်တော်က ဆိုလိုက်ချင်တယ်။
(၂)
ကျွန်တော့်ခေါင်းကို သွက်သွက်ခါစေတဲ့ အတွေးအခေါ်တွေထဲက တစ်ခုကတော့ လူကောင်း၊ လူတော် ကိစ္စပါ။ ဘယ်ဟာက ပိုအရေးကြီးတယ်ဆိုတာကို စာရေးဆရာအမျိုးမျိုး၊ ပညာရှင်အသီးသီးက မတူခြားနားတဲ့ ပုံစံမျိုးစုံနဲ့ ရေးထားတာကို ဖတ်ဖူးပါတယ်၊ ပြောကြားတာကို နားထောင်ဖူးပါတယ်၊ ဟောကြားတာကို နာကြားဖူးပါတယ်၊ ဆုံးမတာကို နာခံဖူးပါတယ်။ အခုတလော ကျွန်တော့်မှာ အဲဒီအတွေးအခေါ်ကို မစဉ်းစားဘဲ နေလို့မရအောင် ကြုံနေရပါတယ်။ နှစ်ခုလုံး ပြည့်စုံရင် အကောင်းဆုံးဆိုတာက အသင့်တော်ဆုံးအဖြေဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုလုံး ပြည့်စုံဖို့ဆိုတာကျတော့ ဘယ်ကလာပြီး လွယ်ကူလိမ့်မလဲဗျာ။ ကျွန်တော်တို့တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့လူတွေမှာ အဲဒီအရည်အချင်းနှစ်ခုလုံး ပြည့်စုံတဲ့လူဆိုတာ လက်ချိုးရေလို့ ရနိုင်ပါလိမ့်မယ်။အခုကျွန်တော်ကြုံနေရတဲ့အပေါ်မှာ မူတည်ပြီး ခေါင်းထဲမှာ အလေးသာနေတာကတော့ "လူကောင်း" ဟာ "လူတော်" ထက် ပိုအရေးကြီးတယ် ဆိုတာပါပဲ။ လက်ခံပါလို့ မပြောလိုပါဘူး။ အမှန်ကွလို့လည်း လက်မ မထောင်ပါဘူး။ ကျွန်တော့်အတွေး သက်သက်ပါ။ ကောင်းတဲ့လူ မတော်တာဟာ ဘာပြဿနာမှ မရှိပါဘူး။ တော်တဲ့လူ မကောင်းတဲ့အရေးဟာ ဘယ်လောက်ကြောက်စရာ ကောင်းသလဲဆိုတာကို ကျွန်တော် မမြင်ချင်လည်း မြင်နေရတယ်၊ မကြားချင်လည်း ကြားနေရတယ်။ ကျွန်တော် လူတော်တွေကို တော်တော်ကြောက်သွားပြီလို့ မဆိုချင်သေးပါဘူး။ ဒါပေမယ့် လူတော်တွေကိုမြင်ရင် အဲဒီလူဟာ ကောင်းမှကောင်းရဲ့လားဆိုပြီး အတွေးနဲ့ကြောက်နေမိတာကတော့ အတော့်ကို ဆိုးဝါးလွန်းပါတယ်။ ပညာရှိတွေမိုက်ရင် တဆုံးပဲလို့ ငယ်ငယ်တုန်းက လူကြီးတွေပြောတာကို အခုမှ နားလည်မိပါတယ်။
(၃)
ကိုယ့်ဘာသာကိုယ် အပင်စိုက်ဖို့ကျတော့ စိတ်ကူးထဲမှာတောင် မစဉ်းစားဘူး။ သူ့ဟာသူ ပေါက်ဖွားရှင်သန် ကြီးထွားလာတဲ့ အပင်ကိုကျလည်း ရေလောင်းဖို့၊ မြေသြဇာကျွေးဖို့၊ ပေါင်းမြက်ရှင်းပေးဖို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အဲဒီအပင်လေး အရွယ်ရောက်လာပြီလားဆိုတော့မှ ထင်းခုတ်ချင်တဲ့လူနဲ့၊ ငါ့အပင်ဆိုပြီး ခြံခတ်ချင်တဲ့လူနဲ့၊ ရောင်းစားချင်တဲ့လူနဲ့ အတော်ကို ကြောက်စရာကောင်းတဲ့ လူ့အတ္တတွေပါ။ တစ်ခါတလေ အဲဒီအပင်တွေအစားတွေးပြီး ကျွန်တော် သက်ပြင်းတွေချမိတာ အခါခါပဲပေါ့။ ကျွန်တော်ကိုယ်တိုင်ရော အဲဒီလို အပင်တစ်ပင် ဖြစ်နေသလား ဆိုတာကတော့...။(၄)
အခုတလော ကျွန်တော့်စိတ်တွေ မကြည်လင်ပါဘူး။ စိတ်မကြည်လင်တဲ့အတွက် စာရေးရင်လည်း ဒေါသသံတွေ စွက်နေမှာမို့ မရေးဖြစ်အောင် နေလိုက်ပါတယ်။ အချိန်အားတိုင်း စာအုပ်တွေပဲ ငှားဖတ်နေလိုက်တယ်။ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ ထိုင်ကြည့်နေလိုက်တယ်။ ဘာမှမလုပ်ချင်တော့ရင် ကုတင်ပေါ်မှာ လှဲအိပ်နေလိုက်တယ်။ တစ်ခါတစ်ရံမှာ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်ချင်၊ လုပ်လိုက်ချင်တဲ့စိတ်ဟာ တကယ့်ကို တိရစ္ဆာန်တစ်ကောင်လိုပါပဲ။ တစ်သက်လုံးဖတ်လာခဲ့တဲ့ စာအုပ်တွေကို အားနာလွန်းလို့ ကိုယ့်အသိစိတ်ကို ကိုယ်ပြန်ထိန်းနေရပါတယ်။ လုပ်ချင်တာမလုပ်ရ၊ ပြောချင်တာ မပြောရတဲ့အတွက် စိတ်ဖိစီးမှုတွေများပြီး လူပုံစံကလည်း ညှင်းသိုးသိုးဖြစ်နေမှာ သေချာပါတယ်။ မျက်နှာကလည်း ဘယ်လိုမှကို ကြည်ကြည်လင်လင်ရှိမှာ မဟုတ်ပါဘူး။ အဆင်မပြေသည့် အင်တာနက်သုံးစွဲနိုင်မှု အခြေအနေကြောင့် ကျွန်တော် ဘလော့ဂ်ရေးခြင်းကို ခဏနားပါမည်။ တစ်ပတ်ဖြစ်စေ။ ဆယ်ရက်ဖြစ်စေပေါ့။ ငါးရက်လောက်နဲ့လည်း ပြန်လာချင် လာနိုင်ပါတယ်။(၅)
အီးမေးလ်ပို့ထားသူတွေနဲ့ အော့ဖ်လိုင်းမက်ဆေ့ခ်ျ ပို့ထားသူများခင်ဗျား။ အခုရက်ပိုင်းအတွင်း အင်တာနက်သုံးခြင်းကို ကျွန်တော်ပြုလုပ်နိုင်မည် မဟုတ်ပါသဖြင့် reply မလုပ်ခြင်းများအား နားလည်ပေးကြစေလိုပါသည်။ အင်တာနက်သုံးစွဲရန် အဆင်ပြေသည့် အချိန်ရောက်သည့်အခါမှ စာပြန်နိုင်မည့်အကြောင်း တစ်ခါတည်း အသိပေးတောင်းပန်အပ်ပါသည်။ဆုမွန်ကောင်း
မြန်မာ့သွေးမိတ်ဆွေများအားလုံး မြန်မာနှစ်သစ်ကူး အခါသမယတွင် ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊ စိတ်နှလုံးအေးချမ်းစွာဖြင့် နှစ်သစ်ကူးအခါသမယကို ဖြတ်သန်းနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်၊ တနင်္လာနေ့။
ညနေ ၇ နာရီ ၃၉ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်၊ တနင်္လာနေ့။
ညနေ ၇ နာရီ ၃၉ မိနစ်တွင်ပြီး၏။
လူကောင်းနဲ့ လူတော် ဘယ်သင်းက ပိုအလိုရှိအပ်သလဲ ဒီလိုလား။ နှစ်ခုစလုံး ပြည့်စုံဖို့ကတော့ တော်တော့်ကို ရှားပေတာပဲ။ ကျွန်တော်တို့ လုပ်နိုင်တာက လူကောင်းတွေကို တော်အောင် ကူညီပေးဖို့ နဲ့ တော်တဲ့လူတွေကို လမ်းမှားမရောက်အောင် ဝိုင်းဝန်း ထိန်းသိမ်းပေးဖို့ မဟုတ်ပါလားဗျာ၊ ကျွန်တော်ဆို အဲသလို အမြဲလုပ်တယ်၊ သူငယ်ချင်းတွေထဲက လူတော်တွေကို ကောင်းအောင် ထိန်းသိမ်းပေးတယ်။ လူကောင်းတွေကို တော်အောင် ပျိုးထောင်ပေးတယ်။ တော်လည်းတော် ကောင်းလည်းကောင်းတဲ့ သူတွေကိုကျတော့ သူတို့ အရည်အသွေးတွေ ကျမသွားရဲအောင် တွန်းအားပေးထားတယ်။ သဘောတူလား
ReplyDeleteကိုီညဏ်ေ၇...ကျနော်ကတော့လူကောင်းတွေနဲ့တွေ့ဆုံဘူးတယ်...လူတော်နဲ့လဲကြုံဘူးတယ်.....ဒီကိစ္စကကျယ်ပြန့်တယ်ဗျ...လူကောင်းလူတော်ကတော့တော်တော်တွေ့၇ခဲတယ်...
ReplyDeleteလူတော်လူညစ် တို့ လူတော်လူေ၇ှာ်တို့တော့အများကြီးတွေ့နေ၇တယ်...