Tuesday, April 06, 2010

မျက်မှောက်မြန်မာ့အရေးနှင့် မီဒီယာတို့တာဝန်


နိုင်ငံတစ်ခု၏ဘ၀တွင် အရေးကြီးသော မဏ္ဍိုင်ကြီးသုံးခုရှိပြီး ၎င်းတို့မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးများ ဖြစ်ပါသည်။ အဆိုပါ မဏ္ဍိုင်ကြီးသုံးခုတွင် သတင်းစာများ၊ မီဒီယာများကို ထည့်လိုက်သောအခါ စတုတ္ထမဏ္ဍိုင်ဖြစ်သွားခြင်း ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ စတုတ္ထမဏ္ဍိုင်တို့၏ တာဝန်သည် အဆိုပါ အချုပ်အခြာ အာဏာသုံးရပ်အကြား လိုအပ်သော Political Process ခေါ် နိုင်ငံရေးဖြစ်စဉ်နှင့် Check and Balance ခေါ် အပြန်အလှန်ထိန်းညှိမှု ဖြစ်ပေါ်စေရေးအတွက် မည်သူကမျှ တာဝန်မပေးဘဲ စောင့်ကြပ်သူအဖြစ် ထမ်းဆောင်သူများ ဖြစ်ပေသည်။ Political Process နှင့် Check and Balance တို့ ဖြစ်ပေါ်ခြင်းသည် သက်ဆိုင်ရာနိုင်ငံတိုင်း၏ အကျိုးစီးပွားကို ဖော်ညွှန်းပေးမည့် အုပ်ချုပ်ရေးစနစ် Good Governance ကို ဖော်ဆောင်ပေးခြင်းဖြစ်ရာ The Voice Weekly သည် အဆိုပါကိစ္စကို အဓိကပန်းတိုင်အဖြစ် ထားရှိ၍ ဖြစ်နိုင်ခြေရှိသော တစ်လက်မတိုင်းကို အားပေးကြိုးစားလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ Stakeholders ခေါ် နိုင်ငံ့အကျိုးလိုလားသူ အသီးသီးတွင် နည်းနာအမျိုးမျိုး ရှိနေနိုင်ပါသည်။ Principle အဓိက ရှုမြင်သူများက ရလဒ်ကို အဓိကထားကြပြီး Process နည်းလမ်းကို အဓိကထားကြသူများက လက်ငင်းအလုပ်ကို အဓိကထားကြသည်ကို တွေ့ရသည်။ Principle အဓိက ရှုမြင်သူများအတွက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်မည့် ရွေးကောက်ပွဲများသည် ၎င်းတို့ရလိုသည့် ရလဒ်ကို ရရှိစေနိုင်သည့်နည်းလမ်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ ထိုသို့ မယူဆသောသူများ ရှိနေသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် မလိုအပ်ဘဲ ကွက်လပ်များ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ Process နည်းလမ်းကို ယုံကြည်သူများတွင် များစွာတာဝန်ရှိသွားပြီ ဖြစ်ပေသည်။ လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်၌ စုစုပေါင်း ၄၉၈ ဦး၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်များတွင် စုစုပေါင်း ၆၆၀ ဦး လိုအပ်မည်ဖြစ်ရာ ကွက်လပ်များ မဖြစ်ပေါ်စေရေးသည် မြို့မိမြို့ဖများတွင် တာဝန်ရှိသွားပြီ ဖြစ်ပေသည်။

ကျွန်ုပ်တို့အနေဖြင့် အသေအချာ ဖြစ်ပေါ်တော့မည့် ရွေးကောက်ပွဲများမှတစ်ဆင့် Political Process နှင့် Check and Balance ကို ဖြစ်ပေါ်အောင် ကြိုးစားခြင်းသည် လက်ငင်းလုပ်နိုင်သော တာဝန်ဖြစ်သည်ဟု ယူဆပါသဖြင့် တွန်းအားပေး ကြိုးစားခြင်းဖြစ်ပြီး ဖြစ်ပေါ်နိုင်ခြေရှိသော ကွက်လပ်များကြောင့် ယခုထက်ပို၍ ကြိုးစားကြပါမည့်အကြောင်း တိုက်တွန်းအပ်ပါသည်။

အယ်ဒီတာ (၃၀-၃-၂၀၁၀)
အယ်ဒီတာ့အာဘော်၊ The Voice Weekly ဂျာနယ်
အတွဲ (၆) အမှတ် (၂၂)
Monday, April 5-11, 2010
စာမျက်နှာ - ၎

No comments:

Post a Comment

 
Web Statistics