မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော အခြေခံဥပဒေသည် ပြည်ထောင်စု/သမ္မသဘောတရား ဖြစ်သောကြောင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသောပါတီသည် အစိုးရဖွဲ့စည်းခွင့်ရှိသော သဘောမဟုတ်ပေ။ အစိုးရအဖွဲ့ကို အမေရိကန်ပုံစံမှာကဲ့သို့ သမ္မတဖြစ်သူက ရွေးချယ်ခန့်ထားသည့် စနစ်ဖြစ်ပေသည်။ ထို့ကြောင့် မည်သို့သော အစိုးရဖြစ်သည် ဆိုသောအချက်သည် နိုင်ငံတော်သမ္မတအပေါ်တွင် ရာနှုန်းပြည့် မူတည်နေခြင်း ဖြစ်ပေသည်။
သမ္မတကို ရွေးချယ်ခန့်ထားသည့်စနစ်မှာ မြန်မာနိုင်ငံ၏ အခြေခံဥပဒေသစ်အရ တစ်မူထူးခြားသည်ကို တွေ့ရသည်။ နိုင်ငံတော်သမ္မတလောင်း သုံးဦး ရှိမည်ဖြစ်ရာ ထိုသမ္မတလောင်း သုံးဦးအနက် နှစ်ဦးကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် လွှတ်တော်နှစ်ရပ်က အဆိုတင်သွင်းမည်ဖြစ်ပြီး ကျန်တစ်ဦးကို တပ်မတော်မှတစ်ဦး တင်သွင်းမည်ဖြစ်သည်။ သမ္မတလောင်း သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ်၊ ကျန်နှစ်ဦးကို ဒုတိယသမ္မတများအဖြစ် ရွေးချယ်ပေးခြင်းကို လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီး တစ်ခုလုံးက သမ္မတရွေးချယ်ရေး အဖွဲ့အဖြစ်ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။ ထိုလွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် အရွေးချယ်ခံ ကိုယ်စားလှယ် ၄၉၈ ဦးနှင့် ခန့်အပ်ခံရသူ ၁၆၆ ဦး ပေါင်း ၆၆၄ ဦးရှိရာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင် ၆၆၄ ဦး ရှိနေသည်ဆိုသော သဘောဖြစ်သည်။ တစ်နည်းအားဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ၆၆၄ ဦးက သမ္မတလောင်းကို ဆုံးဖြတ်မည်ဖြစ်၍ လွှတ်တော်နှစ်ရပ်တွင် မဲအများဆုံး ရထားသောပါတီသည် သမ္မတလောင်းရွေးချယ်ရေး၊ သမ္မတရွေးချယ်ရေးအဖွဲ့တို့တွင် လွှမ်းမိုးနိုင်လိမ့်မည်ဆိုသော သဘောဖြစ်သည်။

သမ္မတရွေးချယ်ရာတွင် ဆန္ဒမဲပေါင်း ၆၆၄ မဲ ရှိနေသောကြောင့် သမ္မတသေချာပေါက်ဖြစ်ရန် (၅၀ ရာခိုင်နှုန်း + ၁) လိုအပ်သည့် အားလျော်စွာ ထောက်ခံမဲ ၃၃၃ ဦးရှိရန် လိုအပ်ပါသည်။ သမ္မတလောင်း သုံးဦးအကြား Three Way ယှဉ်ပြိုင်မှုဖြစ်၍ ၃၃၃ မဲ မလိုဟု ယူဆပါက ယူဆနိုင်ပါသည်။ သမ္မတလောင်းသုံးဦးအကြား မဲအညီအမျှပြန့်သွားလျှင် ဆန္ဒမဲ ၂၂၀ ကို ပြတ်ပြတ်သားသား ကျော်လွန်ရရှိသူ သမ္မတဖြစ်နိုင်ချေ ရှိသော်လည်း သမ္မတလောင်း သုံးဦးအနက် တစ်ဦးကို လူကြိုက်နည်းခဲ့လျှင် နှစ်ဦးတည်း ယှဉ်ပြိုင်သည့်သဘော ဖြစ်သွားကာ ဆန္ဒမဲ ၃၃၃ ရရှိရန် လိုအပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိတရားဝင်တည်ရှိနေမည့် နိုင်ငံရေးပါတီများ၏ အနေအထားကိုကြည့်လျှင် ပါတီကြီးတစ်ခုခုက နေရာပေါင်း ၃၃၀ ခန့် ရရှိရေးမှာ ခက်ခဲသွားပြီဟု ယေဘုယျပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သမ္မတဖြစ်ရန်အတွက် မိမိတို့မဟုတ်သော အင်အားစုများ၏ ထောက်ခံမှုလည်း လိုအပ်သည်ဆိုသော သဘောဖြစ်သည်။
စနစ်ပြောင်း အုပ်ချုပ်သူမပြောင်း အယူအဆဘက်မှ ပြောရလျှင် တပ်မတော်ကလိုလားသော ကိုယ်စားလှယ်တစ်ဦး သမ္မတဖြစ်ရန်အတွက် လွှတ်တော်ပေါ်တွင် ထိုကိုယ်စားလှယ်လောင်းအနေဖြင့် ထောက်ခံမဲ ၃၃၃ မဲရရှိရေး ၀ိုင်းဝန်းကူညီမည့် နိုင်ငံရေးအရ အမြော်အမြင်ကြီးသူများ လိုအပ်သည်ဆိုသော အချက်ဖြစ်သည်။ အကယ်၍ နိုင်ငံရေးအင်အားစုများဘက်က ထိုသို့ သဘောထားကြီးကြောင်း လက်တွေ့သက်သေပြခဲ့ပါက တပ်မတော်သည် နိုင်ငံရေးသမားများနှင့် လက်တွဲ၍ နိုင်ငံကို တည်ဆောက်နိုင်ကြောင်း တစ်စတစ်စ ယုံကြည်လာပါလိမ့်မည်။ ထိုသို့ သဘောထားကြီးသော နိုင်ငံရေးအင်အားစုများ ရှိနေကြောင်း တပ်မတော်က သိရှိသွားသည့်နေ့သည် အစဉ်တစ်စိုက်ရှိခဲ့သော သံသယများ ဖယ်ရှားနိုင်ပြီး မိတ်ဆွေသဖွယ် အပြုသဘောဆက်ဆံရေး စသည့်နေ့ ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးတွင် အရေးကြီးသည်မှာ Civil Military Relationship ခေါ် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ထူထောင်နိုင်ရေး ဖြစ်သည်။
အတွဲ (၆) အမှတ် (၂၉)
စာမျက်နှာ - ၁၆
No comments:
Post a Comment