Wednesday, June 30, 2010

2010 World Cup Results (Round of 16, 29 June)


(အချိန်ပိုတွင်လည်း ဂိုးမရှိ သရေကျနေသဖြင့် ပင်နယ်တီကန်သွင်းရာ ပါရာဂွေးက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရသည်)
အာရှတိုက်ရဲ့ တစ်ခုတည်းသော လက်ကျန်မျှော်လင့်ချက် ဂျပန်အသင်းနဲ့ တောင်အမေရိကရဲ့ ပါရာဂွေးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲဟာ ပွဲစပြီဆိုကတည်းက အချိန်ပိုတွေအထိ ရောက်တော့မယ်ဆိုပြီး ခန့်မှန်းမိပါတယ်။ နှစ်သင်းစလုံးဟာ ဖွင့်ကစားခဲ့ခြင်းမရှိဘဲ တစ်သင်းအမှားကို တစ်သင်းကစောင့်ရင်း တစ်ချက်တစ်ချက်မှသာ ထိုးဖောက်ကစားခဲ့ကြပါတယ်။ တစ်သင်းသင်းက အပြတ်အသာ အသာစီးရနိုင်တာမျိုး မရှိမှန်းလည်း သိနေတာမို့ နှစ်သင်းစလုံးက ကစားသမားတွေဟာ ခွန်အားကို ချွေကစားခဲ့ကြပါတယ်။ အဲဒါကြောင့် ပွဲဟာ ထင်သလောက် သွက်သွက်လက်လက် မရှိခဲ့ဘဲ အေးတိအေးစက်သဘော ဖြစ်နေခဲ့ပါတယ်။ အရင်ပွဲတွေမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဂျပန်အလယ်တန်းဟာ ဒီနေ့ပွဲမှာတော့ ကစားကွက်ပျက်နေခဲ့ပါတယ်။ အထူးသဖြင့် အလယ်တန်းအဖျက် ကစားမယ့်လူ မရှိသလို ဖြစ်နေခဲ့အတွက် ပါရာဂွေးအသင်းရဲ့ တိုက်စစ်ဆင်မှုတွေဟာ ဂျပန်နောက်တန်းတွေနဲ့ ထိပ်တိုက်တွေချည်း ဆုံခဲ့ရပါတယ်။ ရှေ့တန်းမှာ ဟွန်ဒါတစ်ဦးတည်း ရုန်းကန်ခဲ့ရပြီး အလယ်တန်းက အန်ဒိုကလည်း အမှားများခဲ့ပါတယ်။ ပါရာဂွေးကလည်း တန်ပြန်တိုက်စစ်တွေကနေသာ အဓိကတိုက်စစ်ဆင်ခဲ့ပေမယ့် အဆုံးသတ်ညံ့ဖျင်းတဲ့ တိုက်စစ်မှူးတွေကြောင့် ဂိုးမရခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ချီးကျူးသင့်တာကတော့ ဂျပန်နောက်တန်း ကစားပုံဖြစ်ပါတယ်။ ဂိုးရလုလု အနေအထားများစွာ ဖြစ်ခဲ့ပေမယ့် ဂျပန်နောက်တန်းဟာ ကြံ့ကြံ့ခံပြီး ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ရှေ့တန်းမှာ အထောင်တိုက်စစ်မှူး ကစားတဲ့ ဟွန်ဒါဆီကို ဘောလုံးမရတဲ့အတွက် သူကိုယ်တိုင် အလယ်တန်းအထိ ဘောလုံးဆင်းယူပြီး ကစားကွက်ပုံဖော်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူနဲ့တွဲကစားမယ့် အရည်အသွေးမြင့် ကစားသမား မရှိခဲ့တာဟာ ဂျပန်အသင်းအတွက် နစ်နာလှပါတယ်။ ပွဲကြည့်နေရင်းနဲ့ စဉ်းစားမိတာတစ်ခုက ဂျပန်အသင်းမှာသာ ပက်ဂျီဆန်နဲ့ ဟွန်ဒါကို တွဲပေးလိုက်ရင် အတော်အလုပ်ဖြစ်နိုင်မယ် ဆိုတာပါပဲ။ ပါရာဂွေးအသင်းမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူးတွေကို အချိန်မီ လဲလှယ်တာ၊ ကစားကွက်ပြောင်းလဲတာ မလုပ်ခဲ့တာကလည်း နည်းပြရဲ့ အမှားတစ်ခုပါပဲ။ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဟွန်ဒါရဲ့ ကန်သွင်းချက် အနည်းငယ်ဝေ့ပြီး ဂိုးမ၀င်ခဲ့တာ၊ အလယ်တန်းက နံပါတ်-၈ ရဲ့ လှပသေသပ်ပြီး အံ့သြလောက်တဲ့ ကန်သွင်းချက် ဂိုးဘားတန်းထိပြီး ထွက်သွားခဲ့ရတာတွေဟာ ဂျပန်အသင်းအတွက် နစ်နာခဲ့ရပါတယ်။ ပါရာဂွေးအသင်းထက်စာရင် ဂျပန်အသင်းကတောင် အပေးအယူ အချိတ်အဆက် ပိုကောင်းခဲ့တယ်လို့ ပြောနိုင်ပါသေးတယ်။ မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် အချိန်ပို ၃၀ မိနစ် ဆက်ကစားရာမှာလည်း တစ်သင်းနဲ့တစ်သင်း ထိန်းကစားသွားပြီး ပင်နယ်တီအထိ ဆွဲခေါ်သွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ရဲ့ နောက်ဆုံးပွဲစဉ်ကျမှ ပထမဆုံးအချိန်ပိုနဲ့ ပထမဆုံးပင်နယ်တီ ဆုံးဖြတ်မှုကို မြင်တွေ့ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ ပင်နယ်တီကန်သွင်းရာမှာတော့ ဂျပန်အသင်းက တစ်လုံးမ၀င်ဘဲ ပါရာဂွေးအသင်းက ၅ ဂိုးလုံးဝင်အောင် ကန်သွင်းနိုင်ခဲ့တဲ့အတွက် ဂျပန်အသင်းရဲ့ နောက်ဆုံးပင်နယ်တီကို ကန်သွင်းစရာ မလိုတော့ဘဲ ၅ ဂိုး ၃ ဂိုးနဲ့ ပါရာဂွေးအသင်း အနိုင်ရသွားခဲ့ပြီး စပိန်နဲ့ ပေါ်တူဂီအသင်း အနိုင်ရသူနဲ့ ဆုံတွေ့ရတော့မှာပါ။
hondau.png
Man of the Match - ဟွန်ဒါ (ဂျပန်)

ဘောလုံးပရိသတ်တွေအတွက် ကျေနပ်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး အလယ်တန်းအားပြု ကစားတတ်တဲ့ စပိန်အသင်းနဲ့ လျင်မြန်မှုကို အသုံးချပြီး အရည်အသွေးမြင့် ကစားသမားတွေကို အားပြုပြီး ကစားတတ်တဲ့ ပေါ်တူဂီအသင်းတို့ အားပြိုင်မှုဟာ စိတ်ဝင်စားမှုအတိ ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအလယ်တန်းဖြစ်တဲ့ ဇာဗီနဲ့ အင်နီယေစတာတို့ရဲ့ အထိုင်ချမှုမှာ အလွန်ဆိုက အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် စပိန်အလယ်တန်းဟာ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တောရက်စ်ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမတွေ့ခဲ့ပါဘူး။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးသစ် ဒေးဗစ်ဗီလာကလည်း အလယ်တန်းနဲ့ အကောင်းဆုံး ချိတ်ဆက်ကစားနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း မွှေနှောက်ထိုးဖောက်ပြီး ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပေါ်တူဂီအသင်းကတော့ အသင်းလိုက်စုစည်းမှု အပိုင်းမှာ စပိန်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ စီရော်နယ်လ်ဒိုကို အားပြုကစားတဲ့ ကစားကွက်နဲ့ပဲ အဓိကယှဉ်ပြိုင်သွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုကိုပဲ ထိန်းချုပ်ကစားရမယ်ဆိုတာ သိနေတဲ့ စပိန်နောက်တန်းအတွက် အရာရာလွယ်ကူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စီရော်နယ်လ်ဒိုဆီကပဲ ဘောလုံးထွက်နိုင်တာကို သိထားတဲ့အတွက် နှစ်ယောက်သုံးယောက် လူကပ်ကစားပြီး ဘောလုံးပျက်အောင် ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းမှာ ဒန်နီမပါတာဟာ သိသာခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဂိုးသွင်းစက် ဒေးဗစ်ဗီလာက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီတို့အနေနဲ့ ချေပဂိုးရဖို့အတွက် ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားခဲ့ပေမယ့်လည်း လိုအပ်တဲ့ ချေပဂိုးကိုတော့ မရရှိခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ တံတောင်ထုတ်ပြီး ကစားခဲ့တာကြောင့် ရီကာဒိုကော်စတာ အနီကတ်လက်ဆောင် ရခဲ့လိုက်ပါသေးတယ်။ အုပ်စုအဆင့်မှာ လှုပ်လီလှုပ်လဲ့နဲ့ တက်လာခဲ့တဲ့ ဥရောပချန်ပီယံ စပိန်အတွက်တော့ ပေါ်တူဂီကို အနိုင်ရရှိခဲ့တာကြောင့် ဂျပန်ကို ကျော်ဖြတ်လာတဲ့ ပါရာဂွေးနဲ့ ဆုံတွေ့ရတော့မှာပါ။
xavit.png
Man of the Match - ဇာဗီ (စပိန်)
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၄၈ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics