Last Modified: 11 June 2010, 12:43 pm
(၁)
မနက်မိုးလင်း အိပ်ရာနိုးလို့ ပတ်ဝန်းကျင်ကို ကြည့်မိတော့မှပဲ မြင်ကွင်းတွေက တစ်မျိုးထူးနေတယ်။ ဘာများပါလိမ့်ပေါ့။ သေချာကြည့်တော့မှ မြေကြီးပေါ်မှာ ရေတွေအိုင်နေတာမှ နည်းတာမဟုတ်ဘူး။ သေချာပါတယ်လေ...ညက မိုးကောင်းထားတာပဲ ဖြစ်မှာပေါ့။ တစ်ညလုံးရွာထားတဲ့မိုးပဲ ဖြစ်ရမယ်။ ရေအတော်လေး တင်ကျန်နေတာကို တွေ့ရတယ်။ သစ်ပင်တွေ၊ ပန်းပင်တွေကတော့ တစ်ညလုံး ရေချိုးထားရတာဆိုတော့ လန်းဆန်းနေကြတယ်။ မိုးရွာတာများပေမယ့် လေမပါဘူးဆိုတာတော့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်မှာလှန်းထားတဲ့ အ၀တ်တွေကို ရေစိုတာမတွေ့ရလို့ပဲ။ ဘာပဲဖြစ်ဖြစ် မနက်လင်းတဲ့အချိန်မှာ စိမ်းစိမ်းစိုစို၊ အေးအေးချမ်းချမ်းလေး ဖြစ်နေတဲ့အတွက် စိတ်ကြည်နူးမိတာတော့ အမှန်ပါပဲ။
(၂)
မနေ့ညနေက သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ရွှေအမြုတေစာမျက်နှာ hack ခံလိုက်ရတယ်တဲ့။ အံ့သြမှုနဲ့အတူ တစ်ဆက်တည်း ပြန်ပြောမိတယ်။ အဲဒီစာမျက်နှာက နိုင်ငံရေးစာမျက်နှာလည်းမဟုတ်၊ ဘာလည်းမဟုတ်နဲ့ ဘာဖြစ်လို့ hack ခံရတာလဲ။ ဖတ်စရာတွေအများကြီးမို့ မကြာခဏ သွားဖတ်နေရတဲ့ စာမျက်နှာတစ်ခုဆိုတော့ စိတ်မကောင်းဖြစ်မိတာလည်း အမှန်ပဲ။ ဘာအကြောင်းနဲ့ ဘယ်သူက လုပ်တာပဲဖြစ်ဖြစ် အခုလိုမျိုး အွန်လိုင်းပေါ်မှာ ရသစာပေတွေ ဖတ်ခွင့်ရနေတဲ့ စာမျက်နှာတစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်တာကိုတော့ ဆန့်ကျင်ပါတယ်။ စာဖတ်သူတစ်ယောက်အတွက် အဆိပ်အတောက် ဖြစ်စေမယ့် စာပေမျိုး တင်ထားတဲ့ စာမျက်နှာလည်း မဟုတ်ပါဘဲ ဘယ်လိုရည်ရွယ်ချက်နဲ့များ လုပ်ခဲ့ကြသလဲဆိုတာ စဉ်းစားစရာပါ။ ရွှေအမြုတေစာမျက်နှာကို အခုမနက်ဖွင့်ကြည့်တော့ ဖွင့်လို့မရတော့တာကို တွေ့ရတယ်။
(၃)
အခုရက်ပိုင်း အင်တာနက်ကွန်နက်ရှင်း မကောင်းဘူးလို့ အသံတွေကြားရတယ်။ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်။ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကလည်း ကြားရဖန်များလွန်းလို့ စိတ်ကိုမ၀င်စားတော့ဘူး။ အင်တာနက်ဆိုင်တွေ အထိနာကြတယ်လို့တော့ ကြားနေရတာပဲ။ ကျွန်တော့်မှာ အင်တာနက်ကဖေး ဖွင့်ထားတာ မရှိတဲ့အတွက် အဲဒါတွေ သေချာမသိဘူး။ ကျွန်တော်သေချာသိတာက မြန်မာနိုင်ငံကနေ ဖတ်ရှုကြတဲ့ ဘလော့ဂ်ဧည့်သည်တွေ ဒီတစ်ပတ်အတွင်းမှာ သိသိသာသာ နည်းသွားတာပါပဲ။ အရင်ကဆိုရင် မြန်မာပြည်ကဧည့်သည် (၉၀)ကျော်အထက်မှာ အမြဲတမ်းရှိတယ်။ အခုတော့ (၆၀)တောင် မကျော်ချင်တော့ဘူး။ အခြားနိုင်ငံတွေကတော့ ပုံမှန်ပါပဲ။ Visitors မှတ်တမ်းကိုကြည့်ပြီး တစ်ခုပဲအံ့သြမိတယ်။ စင်ကာပူမှာ ကျွန်တော်တို့မြန်မာလူမျိုးတွေ ဘယ်လောက်တောင် ရှိနေသလဲဆိုတာပါပဲ။
(၄)
ပုဂ္ဂလိကဆီဆိုင်တွေ ဖွင့်တော့မယ်လို့ သတင်းတွေထွက်နေတယ်။ တစ်ဂါလံကို ၂၅၀၀ ကျပ်ထက် မပိုသောဈေးနဲ့ပဲ ရောင်းရမယ်လို့ သဲ့သဲ့ကြားရတယ်။ ဟုတ်မဟုတ်တော့ ဖွင့်မှပဲ သိရမှာပါ။ အဲဒီဆိုင်ကြီးတွေ ဖွင့်လာတဲ့အခါကျရင် လမ်းဘေးမှာ လက်လီရောင်းနေတဲ့ စက်သုံးဆီဆိုင်တွေရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခုလောလောဆယ် ကျွန်တော်ကြုံတိုင်း မေးကြည့်တာကတော့ သူတို့တွေက ဘာမှကို အရေးမစိုက်တာ တွေ့ရတယ်။ ပုဂ္ဂလိကဆီဆိုင်ပဲဖွင့်ဖွင့်၊ အလကားပဲပေးပေး၊ သူတို့လုပ်ငန်းဟာ ရပ်သွားစရာ အကြောင်းမရှိဘူးတဲ့။ သေသေချာချာကို အပိုင်ပြောတာခင်ဗျ။ အဲဒါကြောင့်ပဲထင်ပါရဲ့။ ခင်ဗျားတို့ဆီကလည်း ဈေးချတော့လေဗျာ။ အခုပဲ ၂၅၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းတော့မယ်လို့ဆိုတော့ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေတဲ့။ သူတို့ကတော့ ၃၀၀၀ ကျပ်ကို လုံးဝကို လျှော့မပေးနိုင်ဘူးဆိုပဲ။ ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲဗျာ... ၀ယ်ခဲ့ရတာပေါ့။ :) သိတယ်မလား၊ စကားတောင်ရှိသေးတာပဲ၊ "၀ယ်သူ အမြဲတမ်း အလျှော့ပေးရတယ်" တဲ့။
ပျော်ရွှင်ကြပါစေ...။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၈ နာရီ ၃၇ မိနစ်တွင်ပြီး၏။
No comments:
Post a Comment