၂၀၁၀၊ ဇွန်လထုတ် (ဒီလထုတ်) အတွေးအမြင်စာအုပ်ကို ဖတ်နေရင်းနဲ့ ဆောင်းပါးတစ်ပုဒ်အရောက်မှာ ကျွန်တော်ကိုဉာဏ်တစ်ယောက် ရှေ့ဆက်ဖတ်လို့မရဘဲ ဖြစ်ခဲ့ရပါတယ်။ ဖတ်နေရင်းနဲ့ အိပ်ပျော်သွားတယ်လို့ မထင်လိုက်ပါနဲ့။ စာရွက်တွေစုတ်ပြဲနေလို့ ဆက်ဖတ်လို့ မရတာလည်း မဟုတ်ရပါဘူး။ အဲဒီဆောင်းပါးထဲက စာသားအချို့ကို ဖတ်ပြီးတဲ့အချိန်မှာ အတွေးတွေ နယ်ကျွံသွားမိလို့ပါ။ အတွေးတွေ ရပ်သွားတော့လည်း အဲဒီစာသားလေးတွေကို ထပ်ဖတ်ချင်မိပြန်ပါရော။ အဲဒီတော့ ထပ်ဖတ်မိပြန်ပါတယ်။ ဖတ်မိတော့လည်း တွေးမိတော့တာပါပဲ။ မီးခိုးမဆုံး မိုးမဆုံးပေါ့လေ။ လွန်ခဲ့တဲ့ (၄/၅) ရက်ကတည်းက ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့လူတွေကို ပြန်လည်ဝေငှချင်နေတာ၊ ဒါပေမယ့် ဘယ်လိုမှကို အချိန်မပေးနိုင်အောင် မလူးသာမလွန့်သာ ဖြစ်နေတဲ့အတွက် စိတ်ထဲမှာပဲ အကြွေးတင်နေတော့တယ်။ ဒီနေ့တော့ လျှပ်စီးမီးကလည်း သဘောကောင်း၊ စနေနေ့ တစ်နေ့လုံးကိုလည်း ထူးခြားအံ့သြစွာနဲ့ ကျွန်တော့်ကိုယ်ပိုင်အဖြစ် ရရှိခဲ့တဲ့အတွက် အခန်းမှာပဲ အေးဆေးသက်သာစွာ စာထိုင်ရိုက်ပြီး ကျွန်တော့်ဘလော့ဂ်မိတ်ဆွေတွေအတွက် ဖတ်စေချင်တာတွေကို စုစည်းဖြစ်ပါတယ်။ အစားကောင်းလေးများ စားရတဲ့အခါ ကိုယ်ချစ်တဲ့လူကို သတိရသတဲ့။ ကျွန်တော့်မှာလေ… စာကောင်းလေးများ ဖတ်ရရင် ခင်ဗျားတို့ကို ပြေးပြေးပြီး သတိရနေမိတယ်ဗျ။ မယုံမရှိပါနဲ့။ ဘယ်သူမှန်းမသိ၊ ဘယ်ဝါမှန်းမသိတဲ့ ခင်ဗျားတို့ ဘလော့ဂ်ဖတ်သူတွေကို သံယောဇဉ်တွယ်နေမိတဲ့ ကျွန်တော့်စိတ်ကိုကျွန်တော် ဂုဏ်ယူနေတာတော့ အသေအချာပါ။ တစ်ဆက်တည်း ကျွန်တော်ဖတ်သလို ခင်ဗျားတို့လည်း ဖတ်ရမှာပဲလေဆိုပြီး ၀မ်းသာမိတာကတော့ ပြောစရာလိုမယ် မထင်ပါဘူး။
ကဲ… စကားတွေရှည်နေလိုက်တာ။ ပြောလိုရင်းကို မျက်ခြေပြတ်နေပြီထင်ပါ့။ ဆောင်းပါးထဲက ကျွန်တော်သဘောကျမိတာလေးတွေကို ထုတ်နုတ်ပြပါ့မယ်။ အရင်ကလည်း ဆောင်းပါးမှာရေးထားတဲ့ အဲဒီလိုမျိုး အကြောင်းအရာတွေကို ဖတ်ဖူးပါတယ်။ သို့သော် အခုအချိန်ကျမှ ဘာဖြစ်လို့ အဲဒီစာသားတွေက ကျွန်တော့်ရင်ဘတ်ကို လာထိရသလဲဆိုတာတော့ မစဉ်းစားတတ်ဘူး။ အရင်ဦးဆုံးအနေနဲ့ ဆောင်းပါးပါအချက်လေးတွေကို ဖတ်ကြည့်ပါဦးနော်။ အဲဒီနောက်တော့ ကျွန်တော်တွေးမိတာတွေ၊ လတ်တလော ခံစားမိတာတွေကို ရေးပြထားပါသေးတယ်။ အားပေးလိုက်ကြပါဦး။
……………..
………………………
တကယ်လည်း သူဟာ စင်ကာပူနိုင်ငံကို တတိယကမ္ဘာလို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံကနေ ပထမကမ္ဘာလို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာအောင် ဆောင်ရွက်လာနိုင်ခဲ့တယ်။
လီကွမ်ယူးဟာ စင်ကာပူနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို သဘောပေါက်တယ်။ သူတို့အတွက် ပိုင်ဆိုင်ခွင့်တွေ ပေးလိုက်တယ်။ အထူးသဖြင့် အိမ်ပိုင်တွေဖြစ်လာအောင် အကြွေးစနစ်တွေနဲ့ ၀ယ်လို့ရအောင် လုပ်ပေးလိုက်တယ်။ ဒါဟာ ပြည်သူတွေကို အလုပ်လုပ်စေဖို့ နှိုးဆွတယ်။ မက်လုံးတွေပေးတာပဲပေါ့။
ဒီလို အလုပ်လုပ်ကြတဲ့အတွက် သူတို့ ချမ်းသာလာကြတယ်။
သူတို့ဟာ သူတို့အိမ်ကို စောင့်ရှောက်ဖို့လိုတယ်။ ဒီအတွက် အလုပ်လုပ်လာကြတယ်။
အလုပ်ကောင်းကောင်းရဖို့ ပညာကောင်းကောင်း တတ်ရမယ်။ ဒီအတွက် ကျောင်းတွေတည်ထောင်ပေးတယ်။ ဒါပေမယ့် ကျောင်းပညာနဲ့ မလုံလောက်ဘူး။ တစ်ဖက်က အတွေ့အကြုံကို ရယူသလို တစ်ဖက်ကလည်း စာဖတ်ရတယ်။ စင်ကာပူမှာ MRT ဘူတာအားလုံးရဲ့ အနီးအနားမှာ စာကြည့်တိုက်တစ်ခု ရှိနေတယ်။ စာကြည့်တိုက်အသင်းဝင် တစ်ယောက်ဟာ စာအုပ် (၁၀) အုပ်အထိ ငှားလို့ရတယ်။ စာကြည့်တိုက်ဝင်တိုင်းဟာ စာအုပ်တွေကို ကြိုက်တဲ့စာကြည့်တိုက် အခွဲတွေက ငှားရမ်းထုတ်ယူနိုင်ပြီး ကြိုက်တဲ့စာကြည့်တိုက်မှာ အပ်နိုင်တယ်။ လိုအပ်တဲ့စာအုပ်ကိုလည်း စာရင်းပေးကာ စာကြည့်တိုက်ကို အမှာစာပေးထားလို့ရတယ်။
ပညာနဲ့ဥစ္စာ နှစ်ခုလုံးရလာတော့ စင်ကာပူနိုင်ငံသားတွေဟာ ဘ၀ကို ပိုပြီးခိုင်မာအောင် တည်ဆောက်လိုလာကြတယ်။ မမှန်မကန် လုပ်ရပ်တွေကို ရွံ့မုန်းလာကြတယ်။ ဒါနဲ့ပဲ စင်ကာပူဟာ တတိယနိုင်ငံကနေ ပထမနိုင်ငံ ဖြစ်လာတော့တာပါပဲ။
…………
………………
…………………………
အခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ စင်ကာပူဆိုတဲ့စကားလုံးကို အတော်များများ သုံးကြတာကို သတိထားမိတယ်။ စာအုပ်တွေထဲမှာ၊ ဂျာနယ်တွေထဲမှာ၊ မဂ္ဂဇင်းတွေထဲမှာ၊ နောက်ဆုံး ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေမှာကအစ နည်းလမ်းအမျိုးမျိုးနဲ့ တမက်တမောကို သုံးကြတယ်။ စည်းကမ်းရှိမှုကို ပြချင်ရင်လည်း စင်ကာပူကို ညွှန်တယ်၊ တိုးတက်မှုကို ပြချင်တော့လည်း စင်ကာပူပဲ၊ အလုပ်အကိုင်အတွက် မစားရ၀ခမန်း ညွှန်းတော့လည်း စင်ကာပူမှစင်ကာပူ၊ နိုင်ငံခြားထွက်တယ်၊ ပညာသင်တယ်ဆိုရင်လည်း စလုံးဆိုတဲ့ စင်ကာပူပဲ။ တိုးတက်တဲ့နိုင်ငံတွေကို အားကျတာ၊ သူတို့လိုမျိုး ဖြစ်ချင်တာဟာ ကောင်းပါတယ်။ ကိုယ့်ထက်တော်တဲ့လူ၊ ကိုယ့်ထက်သာတဲ့လူကို လေးစားကြ၊ အားကျကြတာ သဘာဝပဲလေ။ ဒါပေမယ့် အဲဒီလို တိုးတက်နေတာ၊ တော်နေတာ၊ သာနေတာဟာ ဘာကြောင့်လဲ ဆိုတာကိုကျတော့ မစဉ်းစားချင်ကြဘူး။ သူတို့လိုမျိုးတော့ တိုးတက်ချင်တယ်၊ တော်ချင်တယ်၊ သူတို့လို အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ လိုက်နာကျင့်ကြံဖို့ကိုတော့ မလုပ်ချင်ကြဘူး။
တစ်ခုခုများဆိုရင် သူတို့စင်ကာပူနိုင်ငံရဲ့ စနစ်ကဘယ်လို၊ ငါတို့မြန်မာပြည်ရဲ့စနစ်က ဘယ်ညာ စသည်ဖြင့် ပြောတတ်ကြပါတယ်။ မှန်ချင်လည်း မှန်ပါလိမ့်မယ်။ ဟုတ်ချင်လည်း ဟုတ်နေပါလိမ့်မယ်။ ထားလိုက်ပါ။ အဲဒါက ကိုယ်တစ်ယောက်တည်းနဲ့ ပြုပြင်ယူလို့ရတဲ့ ကိစ္စမှ မဟုတ်တာပဲ။ အဲဒီလို စနစ်ကြီးတစ်ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း ဖြစ်ချင်နေရုံနဲ့ ရတာမျိုး မဟုတ်ဘူးလေ။ ဒါဆိုရင် ဘာလုပ်ရမလဲ။ ရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပြင်ပေါ့။ ကိုယ်ကိုယ်တိုင်ကရော စင်ကာပူနိုင်ငံသား တစ်ယောက်နဲ့တန်းတူ အရည်အချင်းရှိရဲ့လား။ သူတော်သလို ကိုယ်တော်ရဲ့လား၊ သူကြိုးစားသလို ကိုယ်ကြိုးစားရဲ့လား၊ သူစည်းကမ်းဥပဒေကို လိုက်နာသလို ကိုယ်ကရော လိုက်နာရဲ့လား စသည်စသည်ဖြင့်ပေါ့လေ။ ကိုယ်ကိုယ်တိုင်ကမှ ဘာမှမဟုတ်တဲ့လူ ဆိုရင်တော့ ဘာစနစ်ပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲတက်တက် ဥုံဖွဆိုပြီး ရွှေမင်းသားလေး ဖြစ်လာမှာမဟုတ်ပါဘူး။
ဒီမိုကရေစီစံပြအဖြစ် ညွှန်းတတ်ကြလွန်းတဲ့ အမေရိကန်နိုင်ငံမှာတောင်မှ နိုင်ငံသားတိုင်းဟာ သန်းကြွယ်သူဌေးတွေ၊ လုပ်ငန်းရှင်တွေ မဟုတ်ကြပါဘူး။ ခြေသလုံးအိမ်တိုင်တွေ၊ တောင်းစားနေသူတွေ၊ လစ်ရင်လစ်သလို ခိုးဆိုးတိုက်ခိုက်နေသူတွေ၊ အငတ်ငတ်အပြတ်ပြတ်နဲ့ အစိုးရရဲ့ ထောက်ပံ့ကြေးယူပြီး အသက်ဆက်နေရသူတွေ စုံသမှစုံလို့ပါပဲ။ အလုပ်လုပ်တဲ့လူတွေက အလုပ်လုပ်တဲ့အကျိုးကို ခံစားရပြီး၊ ဘာမှမလုပ်တဲ့လူက ဘာမှမရှိဖြစ်တယ်လို့ပဲ ပြောနိုင်မယ်ထင်ပါတယ်။ တစ်ဆက်တည်းပြောလိုတာက တစ်ကမ္ဘာလုံးက အံ့သြထိတ်လန့်ရလောက်အောင် တိုးတက်လာနေတဲ့ တရုတ်နိုင်ငံဟာ အမေရိကန်လို ဒီမိုကရေစီနိုင်ငံ မဟုတ်ပါဘူး။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ ကွန်မြူနစ်နိုင်ငံတစ်ခုပါ။ ဒါပေမယ့် တရုတ်တွေအားလုံး တောင်းစားနေကြသူတွေ မဟုတ်ပါဘူး။ နိုင်ငံသားတွေရဲ့ ၀င်ငွေတွေ၊ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာနေတယ်ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံနေကြပါပြီ။ သူတို့တွေ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုရင် အလုပ်လုပ်ကြလို့ပါပဲ။ တရုတ်နိုင်ငံအထိ သွားမကြည့်ပါနဲ့။ သူတို့လူမျိုးတွေ အလုပ် လုပ်-မလုပ်ဆိုတာ ကိုယ့်နိုင်ငံမှာရှိတဲ့ တရုတ်တွေကိုပဲ လေ့လာကြည့်လို့ရပါတယ်။ ဒီလိုပြောတော့ မြန်မာကိုအထင်သေးသလား၊ ဘာလားလဲ တွေးမနေကြပါနဲ့။ ကိုယ့်မြန်မာတွေကို ကမ္ဘာမှာ အတော်ဆုံးလူမျိုး၊ အချမ်းသာဆုံးလူမျိုးတွေ ဖြစ်စေချင်တဲ့စိတ် ခင်ဗျားတို့နည်းတူ ကျွန်တော့်မှာလည်း ရှိပါတယ်။ အခြားနိုင်ငံတွေက လူငယ်တွေအားလုံး မြန်မာပြည်မှာ ကျောင်းလာတက်ဖို့ပဲ အိပ်မက်မက်နေကြတဲ့ အခြေအနေမျိုးကို မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဘာကြောင့် မမက်မောရမလဲ၊ မမျှော်လင့်ရမလဲ၊ မလိုချင်ရမလဲ။ တစ်နေ့မှာ အဲဒီလိုနိုင်ငံမျိုး ဖြစ်လာမယ်လို့လည်း ယုံကြည်တာပေါ့ဗျာ။ အခြားနိုင်ငံသားတွေက မြန်မာနိုင်ငံကိုရောက်ဖူးရင် သေပျော်ပါပြီဆိုတာမျိုးကို ကျွန်တော်ကြားချင်တာပေါ့။
ဒါပေမယ့် ယုံကြည်နေရုံ၊ အိပ်မက်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်တာ အသေအချာပါပဲ။ မြန်မာနိုင်ငံကြီး တိုးတက်ဖို့အတွက်ဆိုရင် မြန်မာနိုင်ငံအတွင်းက နိုင်ငံသားတွေအားလုံး အလုပ်လုပ်ကြဖို့ လိုပါတယ်။ ကိုယ်ကျရာတာဝန်ကို ကျေပြွန်ရုံတင်မဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြဖို့ လိုပါတယ်။ တစ်ယောက်ချင်းမှသည် တစ်နိုင်ငံလုံးအထိ ညီညီညွတ်ညွတ်၊ ကြိုးကြိုးစားစား လုပ်ဆောင်ကြမယ်ဆိုရင် ဆောင်းပါးမှာရေးထားတဲ့ စင်ကာပူလိုမျိုး တတိယနိုင်ငံအဖြစ်ကနေ ပထမနိုင်ငံအဖြစ်ကို မရောက်စရာအကြောင်း မရှိပါ။ သို့သော် သာမန်ကြိုးစားမှုဖြင့်တော့ နှစ်(၅၀)လောက် နောက်ကျကျန်နေရစ်ခဲ့သော နိုင်ငံတစ်ခုကို ပထမနိုင်ငံတစ်ခု ဖြစ်ချင်နေလို့မရပါ။ သူများနိုင်ငံတွေထက် အဆ-၅၀ မကြိုးစားနိုင်လျှင်သော်မှ ၅-ဆလောက် ပိုကြိုးစားရပါလိမ့်မည်။ သို့မှသာ အိပ်မက်တွေအတိုင်း ဖြစ်လာပါလိမ့်မည်။
မာတင်လူသာကင်း၏ ကမ္ဘာကျော် စကားတစ်ခွန်းကို ချက်ချင်းပဲ ပြန်သတိရမိပါသည်။
"I Have A Dream That One Day This Nation Will Rise Up And ………….."
ကဲ.... ကျွန်တော်တို့တွေလည်း အိပ်မက်တွေ မက်ကြရအောင်လားဗျာ။ အလုပ်တွေ လုပ်ရင်းနဲ့ပေါ့။
အညွှန်း - နိုင်ငံအတွက်လိုအပ်သူ မန်နေဂျာလေလား၊ ခေါင်းဆောင်လေလား၊ ဒေါက်တာခင်မောင်ညို
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်၊ စနေနေ့။
ည ၇ နာရီ ၂၉ မိနစ်တွင်ပြီး၏။
ကိုယ်ကိုယ်တိုင်ကမှ ဘာမှမဟုတ်တဲ့လူ ဆိုရင်တော့ ဘာစနစ်ပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲတက်တက် ဥုံဖွဆိုပြီး ရွှေမင်းသားလေး ဖြစ်လာမှာမဟုတ်ပါဘူး။
ReplyDeleteတိယနိုင်ငံအဖြစ်ကနေ ပထမနိုင်ငံအဖြစ်ကို မရောက်စရာအကြောင်း မရှိပါ။ သို့သော် သာမန်ကြိုးစားမှုဖြင့်တော့ နှစ်(၅၀)လောက် နောက်ကျကျန်နေရစ်ခဲ့သော နိုင်ငံတစ်ခုကို ပထမနိုင်ငံတစ်ခု ဖြစ်ချင်နေလို့မရပါ။ သူများနိုင်ငံတွေထက် အဆ-၅၀ မကြိုးစားနိုင်လျှင်သော်မှ ၅-ဆလောက် ပိုကြိုးစားရပါလိမ့်မည်။ သို့မှသာ အိပ်မက်တွေအတိုင်း ဖြစ်လာပါလိမ့်မည်။
I agree I agree!!