လောကကြီးဟာ တစ်ခါတလေ မဟုတ်ဘူး။ အမြဲတမ်း မတရားဘူး။ ချမ်းသာတဲ့လူတွေက ကျိကျိတက် ချမ်းသာကြပြီး ကျုပ်ကျတော့ ဆန်အိုးထဲ အပြည့်ရှိတယ်ရယ်လို့ကို မရှိဘူး။ တစ်ခါလာလည်း “ပညာ” နှစ်ခါလာလည်း “ပညာ” ခေတ်၊ ဘာလဲ... “ပြင်ပြင်ပြီး ညာညာ” နေတဲ့ ခေတ်ကို ပြောတာလား၊ ကျုပ်လည်း ခြောက်တန်းတော့ အောင်ခဲ့ပါတယ်။ ခုနစ်တန်းမှာ တဖုတ်ဖုတ်ကျလို့သာ။ ကျုပ်လည်း အလုပ်လုပ်တာပဲ။ ပေါင်းသင်၊ ခြံရှင်း၊ ရေလောင်း၊ သူဌေးလာရင် ခြံတံခါးဖွင့်ပေး၊ ကား ရေဆေးပေး၊ တစ်နေ့တစ်နေ့ အားတယ်ကို မရှိပါဘူး၊ ခြံညှပ်ရတဲ့ရက်နဲ့ မြေညှိရတဲ့ရက်များဆို နဖူးကချွေး ခြေမ,မကဘူး၊ ခြေသန်းအထိကျတာ....၊ ဒီလောက် အလုပ်လုပ်တာတောင် အကြောင်းမထင်သေးဘူး။
“ကိုဘမောင်.... အလုပ်လုပ်တဲ့အခါ စနစ်တကျနဲ့ လုပ်၊ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ စဉ်းစားပြီးမှ လုပ်”
သူဌေးပြောတတ်တဲ့ စကားပါ။ သူက ကျုပ်ထက် အသက်ဆယ်နှစ်လောက် ငယ်တာ၊ အောင့်သက်သက်နဲ့ “ဟုတ်ကဲ့” လုပ်လိုက်ရတယ်။ ရင်ထဲတော့ မရှင်းဘူး။ အလုပ်ပြီးရင် ပြီးတာပဲဟာကို အရစ်ရှည်ပြီး စဉ်းစားပါလေး ညာလေး လုပ်နေသေးတယ်၊ ကျုပ်က စဉ်းစားရမှာ ကြောက်တတ်တယ်၊ ဘယ်လောက် မြေပေါက်နေရနေရ ခပ်ပြုံးပြုံးထဲကကောင်ရယ်၊ ခုနစ်တန်းကျတာလည်း အတွက်အချက်နဲ့ အကျက်အမှတ်တွေက စဉ်းစားရလို့။ ပြောတတ်တာ ရှိသေးတယ် ”တတ်နိုင်ရင် အရက်မသောက်ပါနဲ့လား ကိုဘမောင်ရယ်”၊ ကျုပ် နားကိုမလည်တော့ဘူး၊ သူ့ကျတော့ ညနေတိုင်း ၀ီစကီနှစ်ပက် ချနေကျ၊ ကျုပ်က ငွေစလေးရွှင်မှ အဖြူမော့ရတာ၊ အင်း... တစ်ခုတော့ ရှိတယ်။ ကျုပ်က အရက်သောက်ရင် သူ့လိုတော့ စည်းကမ်းမထားဘူး။ တစ်ခါမော့ရင်တော့ တစ်ပိုင်းလောက်ကို ချပစ်တာ...။ သိုင်းကွက်နင်းပြီဆိုမှ အိမ်ပြန်တာ....။ ဘာပဲဖြစ်ဖြစ် အရက်ကြိုက်ကြတဲ့သူချင်းပဲ....၊ မတားသင့်ပါဘူးလေ။
ကျုပ်ကို သူဌေးက လစာ တစ်သောင်းခွဲပေးတယ်။ တစ်ခါတလေ စိတ်ကောင်းဝင်တဲ့အခါမျိုး နှစ်ထောင်သုံးထောင် ပေးတတ်ပါတယ်။ ကလေးတွေကိုလည်း ကျောင်းတော့ ထားပေးရှာပါတယ်။ ကျောင်းဖွင့်ရာသီဆို ကျုပ် မျက်လုံးပြူးနေရတယ်။ ကျောင်းဝင်ကြေး၊ စာအုပ်စာတမ်းကြေး၊ ဘာကြေးညာကြေးနဲ့၊ မိန်းမကလည်း မွေးသလား မမေးနဲ့၊ ကျုပ်အသက် ငါးဆယ့်ငါးနှစ်မှာ ကလေးက ငါးယောက်ခွဲ၊ လေးယောက်က ကျောင်းနေပြီ၊ ပညာရေးမှာ ကျုပ်ကလေးတွေအပေါ် ကျုပ်ထက် ကျုပ်သူဌေးက ပိုပြီးဂရုစိုက်တယ်။ ကျုပ်ကတော့ အောင်အောင် မအောင်အောင်ပဲ။ ကျုပ်လည်း ခြောက်တန်းပဲ အောင်ခဲ့တာပဲဟာ။ ထမင်းစားလို့ကတော့ ဖြစ်နေပါတယ်။
သူဌေးအိမ်မှာ နိုင်ငံခြားကသွင်းလာတဲ့ ခွေးကြီးတွေ ရှိသေးတယ်။ ကျုပ်ခါးလောက်ကို မြင့်တာ၊ ပတတ်များ ရပ်လိုက်လို့ကတော့ ကျုပ်တစ်ရပ် ကျော်သဗျ။ ကျွေးရတာလည်း မပြောနဲ့တော့၊ ခွေးလေးကောင်ကို တစ်လ ငါးသောင်းကျော်၊ တိရစ္ဆာန်ဆရာဝန် ဆိုတဲ့သူက အိမ်ကို မှန်မှန်လာတယ်။ ခွေးတွေကို တစ်ပတ်တစ်ခါ ရေချိုးပေးရတယ်။ ခွေးတစ်ကောင်တန်ဖိုးက မြန်မာပြည်အရောက် လေးသိန်းလောက် ကျတယ်ဆိုပဲ။ ကျုပ်တော့ ကြားတောင် မကြားဖူးပါဘူးဗျာ။ ပိုက်ဆံရှိတဲ့သူများ ကြီးကိုကြီးကျယ်လွန်းတယ်။ ကျုပ်တို့ သားအမိ သားအဖတွေသာ အသားနပ်မှန်အောင် မစားရတာ၊ ခွေးတွေက အမဲသား နေ့တိုင်း။ ဖျားနာရင် ကျုပ်တို့က ဆရာမောင်ဆေးနီမှုန့်နဲ့ ပြီးသွားတယ်။ ခွေးတွေက ဆရာဝန် ကိုယ်တိုင်လာပြီး ဆေးထိုးပြီးမှ ပြီးတာ။
တစ်နှစ်လောက်ကြာမှ ကျုပ် သဘောပေါက်လာတယ်ဗျို့။ ခွေးမကြီးနှစ်ကောင် သားမွေးရော၊ အဖြူမက ကိုးကောင်ပေါက်ပြီး အညိုမက ခုနစ်ကောင် ပေါက်တယ်။ တစ်ကောင်သုံးသိန်းနဲ့ ရောင်းတာ လက်တောင်မလည်ဘူး။ စုစုပေါင်း သူဌေး လေးဆယ့်ရှစ်သိန်း ရသွားတယ်။ ကျုပ်ကို နှစ်သောင်း မုန့်ဖိုးပေးတယ်။ အကျိုးပေးချင်တဲ့သူများ ဘာလုပ်လုပ် အကျိုးကိုပေးတယ်။ ကျုပ်လေ... မုန့်ဖိုးနှစ်သောင်းရတော့ မြောက်ကြွမြောက်ကြွနဲ့၊ မြေကြီးနဲ့ ခြေဖ၀ါး ထိတယ်တောင် မထင်ဘူး။ မိန်းမကို ငါးထောင်ပေးပြီး တစ်သောင်းခွဲကို တစ်နေရာမှာ သိမ်းထားလိုက်တယ်။ ကျုပ်သူဌေးခြံနဲ့ သုံးခြံကျော်လောက်က ဒရိုင်ဘာနဲ့ ကျုပ်က မျက်မှန်းတန်းမိပြီး နှစ်လုံးနဲ့ သုံးလုံး ထိုးရမယ့်နေရာကို သိထားတယ်။ ဒီဘ၀က ကျုပ်လည်း ကျွတ်ချင်ပြီ။ ကျုပ်က စီးပွားရေးလုပ်တတ်တာ မဟုတ်ဘူး။ ထွက်ပေါက်ဆိုလို့ ဒီတစ်ပေါက်တည်း ရှိတာရယ်။ နှစ်လုံးက အဆရှစ်ဆယ် ရတယ်၊ သုံးလုံးက အဆ ငါးရာ့ငါးဆယ် ရတယ်။ တစ်သောင်းဖိုးထိုးလို့ ပေါက်ရင် ကျုပ် အသက်ရှူ တော်တော်ချောင်သွားမှာ။ တစ်ခါတလေ ၀ီစကီလေး မော့ဖူးတယ်လည်း ရှိသွားမှာပေါ့။ မိန်းမကတော့ ကျုပ်ပေးတဲ့ ငါးထောင်နဲ့ပဲ ကြည့်စီစဉ်ပါလေ့စေ။ ကျုပ်လည်း တိုးတက်ချင်ပါတယ်။ တိုးတက်အောင် စီးပွားရှာရမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် စီးပွား ဘယ်လို၊ ဘယ်က စရှာရမလဲ ဆိုတာသာ မသိတာ၊ စာတိုပေစလေး ဖတ်တော့ အဟုတ်သားပဲ။ ဘယ်ကစလုပ်ရမယ်ဆိုတာ ကျုပ်ဦးနှောက်က မမီဘူးဗျ။
ကျုပ်မိန်းမက အင်မတန်အေးတယ်။ ရိုးလိုက်တာလည်း အံ့ရော။ ကုမ္ပဏီကို သူဌေးသွားရင် ခြံညှပ်သလိုနဲ့ ဟိုခြံကို ကျုပ်ပြေးလို့ရပြီ။ ဘယ်သူသိတာ မှတ်လို့၊ ကျုပ်တို့များ အဲဒီလို အဲဒီလို။ သူများသူဌေးတွေ အိမ်လာရင် အတွင်းရေးမှူးမလေး ဆိုလား။ စက္ကထရီဆိုလား ပါပါလာတတ်တယ်။ ကျုပ်သူဌေးမှာ မရှိဘူးဗျ။ အလုပ်များရင် သူ့မန်နေဂျာတွေနဲ့သာ တာဝန်ခွဲပြီး ကုန်းလုပ်ကြတာ။ ကျုပ်က အတွင်းရေးမှူး ထားကြည့်ဖို့ပြောတော့ “ခင်ဗျား မသိပါဘူး” တဲ့။ ဘာသိစရာလိုသေးလို့လဲ။ ခြောက်တန်းသာ အောင်ပေမယ့် ဒီနေ့ခေတ် ဖြစ်ပျက်နေတာ ဘမောင်တို့ သိပါတယ်နော့။ ကျုပ်သာ သူ့လိုပိုက်ဆံရှိလို့ကတော့.. ဟင်း........။
တစ်ခါတလေ ကျုပ်သူဌေးကို ကျုပ် နားမလည်ဘူး။ သူဌေးဆီ လာကြတဲ့အထဲမှာ အမျိုးသားရော၊ အမျိုးသမီးရော၊ အလုပ်လျှောက်တဲ့အထဲမှာလည်း အမျိုးသမီးတွေက အရွယ်စုံ၊ ရွယ်ရွယ်ထဲကလည်း ပါသလို ရော်ရော်ထဲကလည်း ပါတယ်။ သူတို့အပြောနဲ့ အကြည့်က ကျုပ်လို ခြောက်တန်းအဘိုးကြီးတောင် နားလည်နိုင်သေးတာ၊ သူဌေးဘာလို့ နားမလည်နိုင်တာလဲ မသိဘူး။ ယောက်ျားတွေနဲ့ ဆက်ဆံရင် အပြုံးအရယ်ရှိသလောက် မိန်းမတွေနဲ့ဆို ဟက်ဟက်ပက်ပက် သိပ်မရှိလှဘူး။ ကျုပ်သာ သူဌေးနေရာမှာ ရှိလိုက်လို့ကတော့ ၀က်ဝက်ကွဲပြီသာ မှတ်။ ဘာတဲ့.... ပြောကြတာ မှတ်မိသေးတယ်။ “သွားမပါရင်နေ ကားပါရင် ပြီးရော” တဲ့။ ကျုပ်မှာက သွားတွေအပြည့်အစုံ ရှိပါသေးတယ်။ ကားပဲ လိုနေတာ ဟဲ ဟဲ။
နောက်ပြီး ရှိသေးတယ်။ ချမ်းသာပြီး တခြား လူ့စည်းစိမ် မခံတတ်တာ။ ကျုပ်တောင် ငါးပိရည် အစပ်မမှန်ရင် မိန်းမကို ဆူဖြစ်သေးတယ်။ ကျုပ်သူဌေးက ကျွေးတာနဲ့စားတာ၊ ဟင်း ကြေးမများဘူး။။ ဧည့်သည်တွေ လာတဲ့အခါ ဟိုတယ်မှာ လိုက်ကျွေးတာကလွဲလို့ သူ့ဘာသာသူ သွားစားတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ပိုက်ဆံရှိပြီး ဘ၀မတန်ဘူးလို့ ပြောရင် ကျုပ်အလွန်လို့ ပြောကြမယ် မထင်ဘူး။ တစ်ခါတစ်ခါ စိတ်ကူးယဉ်ကြည့်မိတယ်။ ကျုပ်သာ သူ့လို ချမ်းသာရင် ဘာလုပ်ရင်ကောင်းမလဲ ဆိုတာ..... အားပါးပါး လုပ်စရာတွေကတော့ အစုံပဲဗျို့။ အနှိပ်ခန်း၊ ကာရာအိုကေ၊ မျက်နှာပေါင်းတင်၊ ပန်းကုံးစွပ်လို့ရတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်ကြီးတွေ၊ ကပွဲရုံတွေ တန်းစီလို့ပဲ။ အပတ်တောင်လည်မှာ မဟုတ်ဘူး။ ပိုက်ဆံရှိရင် သုံးရမယ့်နေရာတွေ စဉ်းစားကြည့်တော့ ထွက်လာလိုက်တဲ့စိတ်ကူးတွေ ဒလဟောပဲ။ တစ်ခါတစ်လေ အဲဒီလိုသုံးဖို့ ဘယ်လိုရှာမလဲလို့ တွက်ကြည့်ပြန်တယ်။ အဲဒါတော့ သိပ်စဉ်းစားလို့ မရဘူးဗျို့။ ကျုပ်က စဉ်းစားရတာဆို သိပ်အမြင်ကတ်တဲ့အကောင်။
ရှိသေးတယ်။ သူဌေးကို “သူဌေး” လို့ ခေါ်ရင်လည်း မကြိုက်ပြန်ဘူး။ ကျုပ်ထက် အသက်လည်းငယ်ပြန်တော့ ဘယ်လိုခေါ်ရမှာလဲ။ အခေါ်အဝေါ်ကတော့ ထားပါတော့လေ။ ကျုပ်များ ချမ်းသာလို့ကတော့လား “သူကြွယ်” လို့ကို... မခေါ်လည်း ပိုက်ဆံပေးပြီး ခေါ်ခိုင်းပစ်မှာ။ ရှိသေးတယ် ရှိသေးတယ်၊ စွပ်ကျယ်တစ်ထည်နဲ့ စက်ရုံထဲလည်း လျှောက်သွားရဲ့။ သူ့အလုပ်လား၊ မန်နေဂျာတွေပြောလိုက်ရင် ပြီးတာကို။ အဲဒီစွပ်ကျယ်နဲ့ ခြံထဲအလျှောက်ကောင်းလို့ ကားတစ်စီးဝင်အလာမှာ ခြံစောင့်မှတ်ပြီး အသံမာမာနဲ့ တံခါးဖွင့်ခိုင်းတာကို ခံလိုက်ရတာ၊ ကောင်းတယ်၊ ဒါလည်း အမှတ်က မရှိပါဘူး၊ ခပ်ပြုံးပြုံးပဲ။
ကျုပ်သာ ပိုက်ဆံရှိလို့ကတော့ မနက်စောစောထဖို့ စိတ်မကူးဘူးဗျို့။ အိပ်ရာသာ စောစောဝင်ချင်ဝင်မှာ။ သူက စောစောထတော့ ကျုပ်က မနေသာဘူး။ ည ကျုပ် တစ်ရေးနိုးတဲ့ခါ သူက စာဖတ်ကောင်းတုန်းရှိသေး၊ ကံပေးလို့ ချမ်းသာပြီပဲဟာ ဒီလောက်ကြိုးစားဖို့ လိုသေးလို့လား။ ၀ဋ်များနော် အတော်ကြီးပ၊ ကျုပ် ကြိုက်တာလေးတစ်ခုတော့ ရှိတယ်။ ကျေးဇူးတရား သိတတ်မှုလေး၊ ကျုပ်သူဌေး ကျေးဇူးတရားသိတတ်တာက လူကြီးတွေမှ မဟုတ်ဘူး၊ လက်အောက်ငယ်သားတွေကိုပါ၊ သနားတတ်တာလည်း လွန်ရော၊ တစ်လတစ်လ ထောက်ပံ့ပေးထားတဲ့သူတွေကို မန်နေဂျာတစ်ယောက်က လကုန်ရင် ထိုင်ထိုင်ပေးနေရတာ။ အိုမင်းမစွမ်း တွေ့လို့ကတော့ လမ်းမှာ ကားရပ်ပြီးတော့ကို ပေးတာ၊ နည်းနည်း မဟုတ်ဘူးနော်၊ အထပ်လိုက်။ “နောင် တွေ့ဖြစ်ချင်မှ တွေ့ဖြစ်မှာ” ဆိုတဲ့ဆင်ခြေက ပါလိုက်သေး။ ကျုပ်ဆို အဲသလောက်တော့ စေတနာ မရှိနိုင်ပါဘူး။ ကိုယ်ရှာတာပဲဟာ မသကာ ပေး တစ်ရာမျိုး ငါးဆယ်မျိုးပေါ့၊ လမ်းဘေးကလူပဲ။ သူပြောဖူးတာလေးတစ်ခုတော့ သတိရမိတယ်။ “အရွယ်သုံးပါးမှာ တတိယအရွယ်က ပြန်မှီရတဲ့အရွယ်၊ ကျုပ်တို့လည်း တစ်ချိန် ဒီအရွယ် ရောက်ကြမှာပဲ” တဲ့။
ကျုပ်သူဌေးမှာ ကောင်းတာလေးတစ်ခုတော့ ရှိတယ်။ ကတိတည်တယ်ဗျ။ ကျုပ်ကို တစ်လကြာရင် နာရီလေးတစ်လုံး ၀ယ်ပေးမယ်ဆိုတာ ကျုပ်တောင် သတိမရဘူး။ သူက ခေါ်ပေးတာ။ ကျုပ်မကြိုက်တာလည်း ရှိပြန်ရော။ အသုံးလိုလို့ ငွေတစ်ထောင် ချေးမိတုန်းကပေါ့။ ကျုပ်ပေးရမယ့်ရက်လေး နှစ်ရက် ကျော်မိပါတယ်။ သူဌေးလုပ်ပြီး သတိတရ ပြန်တောင်းတယ်ဗျ။ “မပေးနိုင်သေးရင်လည်း အကျိုးအကြောင်းပြောရမယ်” ဆိုပြီး ခပ်တည်တည် ဆူလိုက်သေးတယ်။ သူ့လုပ်ပုံတွေကလေ ကျုပ်စိတ်ကူးနဲ့ တည့်ကိုမတည့်ဘူး။
တစ်ခါတစ်ခါ ကျုပ် သူဌေးအကြောင်း စဉ်းစားမိတယ်။ ပညာတတ်လို့ ချမ်းသာတာလား၊ အလုပ်လုပ်လို့ ချမ်းသာတာလား၊ စည်းကမ်းရှိလို့ ချမ်းသာတာလား၊ ကံကောင်းလို့ ချမ်းသာတာလား။ ကျုပ်က ဉာဏ်တော့သိပ်မမီဘူးဗျို့။ ကံအကြောင်း ဘုန်းကြီးကျောင်းမှာတော့ တစ်စွန်းတစ်စ ကြားဖူးတယ်။ “ကံ” ကြောင့်ပဲ ဖြစ်မှာပါ။ အလုပ်လုပ်လို့သာ ချမ်းသာတယ်ဆိုရင် ကျုပ်လည်း ချမ်းသာရမှာပေါ့။ “ကံ” ကြောင့်ပဲဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် ကျုပ်ပြောတာပေါ့။ “ကံ” တွေများ မျက်နှာလိုက်ပါတယ် လို့။ လောကကြီး တရားကိုမတရားဘူး။

ဆရာ့စာတွေကိုအရမ်းကိုကြိုက်နှစ်သက်သူမို့
ReplyDeleteလာရောက်ဖတ်သွားပါတယ်။
လင့်ပါယူသွားတယ်။
ဆရာနေဇင်လတ်စာတွေကိုအဆင်ပြေရင်ပြေသလိုတင်ပေးပါ။
အော... မကောင်းတဲ့သူလည်း မကောင်းတဲ့သူအလျောက်...
ReplyDeleteအားပေးတဲ့သူတော့ ရှိတာပါပဲလား.... ...