နည်းနည်းတော့ပြောဦးမယ်ဗျာ... ကျွန်တော်ကိုဉာဏ်က ကြုံခဲ့ရသမျှ စိတ်ဆိုးရတဲ့အကြောင်းတွေကို ရေးနေပါတယ်ဆိုမှ မင်းရေးတဲ့ အားကြီးစိတ်ဆိုးတယ်က ကောင်းတယ်ကွလို့ လာပြောကြသူတွေ ရှိသေးသကိုးဗျ။ ပြောတာလည်း ရိုးရိုးတန်းတန်း မပြောဘူး။ စပ်ဖြီးဖြီး မျက်နှာပေးနဲ့ အခုတောင် ပြန်တွေးမိပြီး ရယ်ချင်နေတဲ့ပုံစံမျိုးနဲ့။ ကဲ... ကျွန်တော့်မှာ ဘယ်လောက် ကသိကအောက် နိုင်လိုက်သလဲ စဉ်းစားကြည့်ဗျာ။ ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတာကို ခင်ဗျားတို့က သဘောကျ၊ ကျေနပ်နေကြတယ်ပေါ့လေ။ အားကြီးစိတ်ဆိုးဖို့ ကောင်းတဲ့လူတွေပဲ။ :D အလကားပြောတာပါဗျာ... အဲဒီလိုမျိုး ပျော်စေ၊ ပြုံးကြစေတော့ရယ်လို့ ရေးထားတာတွေပါ။ ဒါပေမယ့် မဟုတ်မက လုပ်ကြံပြီး ရေးထားတာတွေ တစ်ခုမှ မပါပါဘူး။ ကျွန်တော်တကယ် ကြုံရသမျှကို ပြန်ပြီး ဖောက်သည်ချတာပါ။ ကျွန်တော်နဲ့ ခံစားချက်တူ၊ အဖြစ်တူတဲ့ သူတွေအတွက်တော့ "ဟုတ်သဟ၊ ငါတို့လည်း ဒါမျိုးကြုံရတာပဲ" ဆိုပြီး ကိုယ်ချင်းစာစိတ် ၀င်မိပါလိမ့်မယ်။ ကိုယ်ကြုံခဲ့ရတာတွေကို ပြန်လွမ်းမိပါလိမ့်မယ်။ ဟော... အချို့တွေအတွက်တော့ ရယ်စရာ၊ မောစရာလေးတွေ ဖြစ်နေပါလိမ့်မယ်။ ဇာတ်ကားတွေထဲမှာလည်း ကျွန်တော်တို့ ကြုံဖူးကြပါတယ်။ အမှတ်တမဲ့ ခလုတ်တိုက်မိတဲ့အခန်း၊ မထင်မှတ်ဘဲ ပုဆိုးကျွတ်ကျတဲ့အခန်း၊ မတော်တဆ ငှက်ပျောခွံကို တက်နင်းမိတဲ့အခန်းတွေကို ကျွန်တော်တို့တွေ အားပါးတရ ရယ်မောကြတယ် မဟုတ်လား။ တကယ်တော့ အဲဒီလို ဖြစ်ခဲ့တဲ့ လူတွေနေရာက ခံစားကြည့်ရင် ဘယ်ရယ်နိုင်မလဲဗျာ။ ချော်လဲတဲ့လူက နာသွားမှာပဲ၊ ပုဆိုးကျွတ်ကျတဲ့လူဟာ ရှက်သွားရှာမှာပဲ၊ ငှက်ပျောခွံကို နင်းမိရင် အနာတရ ဖြစ်သွားမှာပါပဲ။ ဘေးလူအနေနဲ့ကတော့ သူတို့မြင်တဲ့ အမြင်အပေါ်မှာ သူတို့ခံစားမိသလို ရယ်မောတာကို အပြစ်ပြောလို့ မဖြစ်ပါဘူး။ အဲဒီသဘောပါပဲ ကျွန်တော်ကိုဉာဏ်က ဘယ်လောက်ပဲ စိတ်ဆိုးစရာတွေ ကြုံခဲ့ရသည်ဖြစ်စေ၊ ဘေးကနေ ပြန်ဖတ်ရတဲ့လူအတွက်က ရယ်စရာ၊ ဟားစရာ ဖြစ်နေမှာ အသေအချာပါပဲ။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ခံစားချက်တူလို့ သဘောကျတဲ့ လူတွေကိုရော၊ ဘေးလူနေရာကကြည့်ပြီး ရယ်မောကြသူတွေကိုရောကို ကျေးဇူးတင်ပါတယ်။ ဖတ်ရတာ သဘောကျတယ်ဆိုတဲ့အတွက် ကျွန်တော်လည်း ရေးရကျိုးနပ်တာပေါ့။ တစ်ခုခု ခံစားရတယ်ဆိုရင် မဆိုးဘူးမဟုတ်လား။ ကျွန်တော့်အနေနဲ့လည်း ကြုံခဲ့ဆုံခဲ့ရသမျှတွေဟာ အခုတော့ ဟာသတစ်ခုလို ပြန်ပြောပြစရာတွေပါပဲ။ နောင်နှစ်တွေကြာလာတဲ့အခါ အခုရေးခဲ့တဲ့ စာလေးတွေကို ပြန်ဖတ်ပြီး အခုထက်ပိုပြီး ကြည်နူးရ၊ ပျော်ရွှင်ရဦးမယ်လို့ ယုံကြည်ပါတယ်။ အဲ... ကောင်းတယ်လည်းမပြော၊ ဆိုးတယ်လည်းမဆိုဘဲ ဒီအတိုင်း လာဖတ်နေတဲ့ ဘလော့ဂ်ဖတ်သူ လူ့ရေခဲတုံးကြီးတွေကိုတော့ ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးချင်သဗျနော်။ :P
ကျွန်တော်နှင့် ဂျာနယ်ဆိုင်
အပတ်စဉ်ထွက်နေတဲ့ ဂျာနယ်အရေအတွက်ဟာ အမျိုးအစား ၁၅၀ ကျော်တယ်လို့ ပြောတဲ့အခါတိုင်း သူငယ်ချင်းတွေက မျက်လုံးပြူးကြတယ်၊ ပါးစပ်အဟောင်းသား ဖြစ်ကြတယ်။ ဟုတ်ရဲ့လားတဲ့။ ကျွန်တော်ကလည်း ဟုတ်တယ်ကွလို့ ပြန်ဖြေရတာပေါ့။ သိလို့လားဆိုတော့ သိတာပေါ့ဗျာ... ဂျာနယ်တွေမှာ ပါနေတာပဲ။ ဟုတ်ဘူးလား? အဲဒီအထဲကမှ ကျွန်တော်ယူတဲ့ ဂျာနယ်က ၁၄-၁၅ စောင်လောက်ပဲ ရှိတာပါဗျာ။ အဲဒါကိုပဲ အတော်များနေပြီကိုး။ တစ်ပတ်လုံး ထွက်သမျှဂျာနယ်ကို ဖတ်တဲ့လူတော့ ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ အဲ... စာပေစိစစ်ရေးက လူတွေကတော့ ဖတ်ချင်သည်ဖြစ်စေ၊ မဖတ်ချင်သည်ဖြစ်စေ ဖတ်ရမယ်ထင်တယ်နော်။
ထားလိုက်ပါတော့ဗျာ... ဟိုးအရင်တုန်းကတော့ ညနေပိုင်း ကျောင်းဆင်းချိန်ဆိုရင် မြို့ထဲသွားပြီး ဂျာနယ်လေးဘာလေး သွားဝယ်ရတာပေါ့။ ဒီနေ့ ဘာထွက်လဲဆိုပြီး ထွက်တဲ့ဂျာနယ်တွေထဲက သဘောကျတာ၊ ဖတ်ချင်တာလေးတွေကို ၀ယ်ရတာပေါ့။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်နေကုန်က စာသင်ခန်းမှာဆိုတော့ အပြင်ထွက်လို့မရ၊ ထွက်လို့ရတဲ့ ညနေပိုင်းကျတော့ တချို့ဂျာနယ်တွေက ကုန်သွားဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ။ ပြီးတော့ နောက်တစ်ခုက တစ်နေ့တစ်နေ့ ၀ယ်တဲ့ဂျာနယ်ဖိုးကို လက်ငင်းရှင်းရတာ ဖြစ်လေတော့ တစ်ခါတလေ လကုန်ပိုင်းတွေမှာ ၀န်ထမ်းတို့ ထုံးစံအတိုင်း အခက်အခဲဖြစ်တယ်လေဗျာ။ ၀ယ်ချင်တဲ့ဂျာနယ်က သုံးစောင်လောက် ဖြစ်နေတဲ့အချိန် အိတ်ကပ်ထဲမှာ ပါလာတာက နှစ်စောင်ဖိုးလောက်ပဲဆိုရင် ဘယ်ဂျာနယ်ကို ချန်ခဲ့ရမလဲဆိုတာ အတော်ခေါင်းစားရတယ်ဗျ။ နှစ်စောင်ကို ယူလာခဲ့ပြီး နောက်တစ်စောင်ကို ပြီးမှပြန်လာဝယ်မယ်လို့ စိတ်ကူးနဲ့ ပြန်လာရတယ်။ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး ပြန်လာတဲ့အခါ စောစောကချန်ခဲ့တဲ့ ဂျာနယ်က ၀ယ်သွားလို့ ကုန်သွားပြီဆိုတာမျိုးနဲ့ ကြုံရသေးတယ်။ အတော်စိတ်ညစ်ဖို့ ကောင်းတာပါဗျာ။ ကျန်တဲ့ဆိုင်တွေလည်း ရှိတာပဲလို့ ပြောစရာရှိတယ်။ ဂျာနယ်ဆိုင်တွေက ဂျာနယ်တိုင်း မတင်ဘူးဗျ။ သူတို့တင်တဲ့ ရုပ်ရှင်၊ ဂီတ၊ အနုပညာသတင်း၊ ပေါ့ပ်တို့နဲ့ဆိုင်တဲ့ ဂျာနယ်တွေကိုလည်း ကျွန်တော်က ၀ယ်မဖတ်ဖြစ်ဘူးလေ။ ကျွန်တော်ဖတ်ချင်တဲ့ ဂျာနယ်တွေက နှစ်ဆိုင်လောက်မှာပဲ တင်တယ်။ တချို့ဂျာနယ် (၂)စောင်လောက်ဆိုရင် အခုယူနေတဲ့ ဆိုင်တစ်ဆိုင်တည်းမှာပဲ တွေ့ရတယ်။ အခြားဆိုင်တွေမှာ မတင်ကြဘူးဗျ။
အဲဒီလိုတွေ အဆင်မပြေဖြစ်လေတော့ ကျွန်တော်ကိုဉာဏ်က အဆင်ပြေမယ့် နည်းလမ်းကို စဉ်းစားရတာပေါ့ဗျာ။ ဂျာနယ်မကျန်တော့တာလည်း မဖြစ်ရလေအောင်၊ လကုန်ပိုင်း ပိုက်ဆံနည်းနေလို့ ၀ယ်ချင်တဲ့ဂျာနယ် မ၀ယ်နိုင်လည်း မဖြစ်ရလေအောင် စဉ်းစားရတာပေါ့။ ဘာမှတော့ မထူးဆန်းပါဘူး။ လိုချင်တဲ့ ဂျာနယ်အမျိုးအစားတွေကို စာရင်းပေးပြီး ကျွန်တော့်နာမည်နဲ့ လပေးမှာလိုက်ရတာပေါ့။ သူ့ဟာသူ ဘယ်နေ့မှာ ဘာဂျာနယ်ပဲထွက်ထွက် ကျွန်တော့်အတွက် ချန်ထားပြီးသား ဖြစ်တဲ့အတွက် ဒီနေ့သွားမယူနိုင်လည်း နောက်နေ့မှ သွားယူလို့ရတယ်။ ဟော.. ဘယ်လောက်အဆင်ပြေသလဲ။ ပို်က်ဆံကျတော့လည်း လကုန်ကတည်းက လစာထုတ်တဲ့အချိန်မှာ ရှင်းထားတာဖြစ်လေတော့ တစ်လုံးတစ်ခဲတည်း ပေးလိုက်ရတာ ဖြစ်ပေမယ့် ဂျာနယ်အတွက်ဆိုပြီး အရင်လို ၀န်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး။ ပြောရရင်တော့ အဆင်ပြေတာပေါ့ဗျာ။
ကဲ... နိဒါန်းတွေလည်း အဲလောက်ပျိုးလာခဲ့ပြီဆိုတော့ ပြောချင်တာလေးတွေ ပြောလို့ရပြီထင်ပါရဲ့။ သာမန်အားဖြင့် ကြည့်ရင်တော့ အပေါ်မှာ ပြောထားတဲ့အတိုင်းဆိုရင် အားလုံးအဆင်ပြေနေတာပေါ့ဗျာ။ ဒါပေမယ့် အဲလိုမဟုတ်ဘူးဗျ။ ဇာတ်လမ်းက အခုမှစမှာ။ ဂျာနယ်တွေမှာ ကျွန်တော်အဓိကဖတ်တာက ဆောင်းပါးတွေနဲ့ သတင်းတွေပါ။ ရော်... မောင်ဉာဏ်ကတော့ လုပ်ချလိုက်ပြန်ပြီ၊ ဂျာနယ်ဆိုတာ သတင်းနဲ့ ဆောင်းပါးတွေပဲ ပါတာပဲလေ၊ ဘာဖတ်ချင်သေးလို့လဲလို့ မေးလာမယ့်လူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့... ရှိပါတယ်ခင်ဗျ။ ဂျာနယ်တွေမှာ သတင်းနဲ့ ဆောင်းပါးတွေပဲ ပါတယ်လို့ မထင်မှတ်လိုက်ပါနဲ့ခင်ဗျ။ အတင်းအဖျင်းတွေ၊ အတင်းအဓမ္မကြော်ငြာတွေ၊ ကောလာဟလတွေ၊ အရေမရ အဖတ်မရ အင်တာဗျူးတွေ စသည် စသည်ဖြင့် မျိုးစုံ မျိုးစုံ ပါတတ်သေးတယ်ခင်ဗျ။
ပြောချင်တာကဗျာ... အဲဒီလို အဓိကဖတ်တဲ့ ဆောင်းပါးတွေ (တစ်ခါတလေ အဖိုးတန် အင်တာဗျူးတွေ)ဟာ အပိုင်းလိုက်သဘောမျိုး၊ အခန်းဆက်သဘောမျိုး နှစ်ပတ်ဆက်၊ တစ်ခါတလေ သုံးပတ်ဆက် (လျှပ်တစ်ပြက်လိုဂျာနယ်ဆိုရင် အခန်းဆက်ဝတ္ထုရှည်တောင် ပါလိုက်သေး) ဖော်ပြလေ့ရှိပါတယ်။ သူများအိမ်မှာ ထမင်းဖိတ်ကျွေးတဲ့အခါ ထမင်းကလည်း ဆာနေတဲ့အချိန်၊ ချက်ထားတဲ့ ဟင်းလေးကလည်း အစပ်အဟပ်တည့်လို့ စားကောင်းနေတဲ့အချိန်မျိုးမှာ တစ်ပန်းကန်ပဲ စားရသေးတယ်၊ ထမင်းလိုက်ပွဲ ထပ်ထည့်မယ်ကြံတော့ ထမင်းကုန်သွားတယ်ဆိုရင် ဘယ်လိုခံစားရမလဲဗျ။ ဗိုက်ကလည်း မပြည့်သေး၊ လျှာကလည်း ထပ်စားချင်နေသေးတယ်။ ထမင်းကလည်း မရှိတော့ဘူး။ ဟူး.... တွေးကြည့်တာတောင် အတော်စိတ်ဆင်းရဲရတယ်။ အဲဒါက ဗိုက်ထဲကိုဖြည့်တဲ့ အစားအစာကိစ္စပါ။ စိတ်ကိုဖြည့်တဲ့ အစာကိစ္စက အဲဒီထက် ပိုဆိုးတယ်ဗျ။ အခန်းဆက်ဆောင်းပါးလေးက တအားကို ဆက်ဖတ်ချင်နေပါတယ်ဆိုမှ နောက်တစ်ပတ် ဂျာနယ်သွားယူတဲ့အခါ မေ့ပြီးတော့ ချန်မထားလိုက်ရဘူးတို့၊ မလာတော့ဘူးထင်ပြီး ရောင်းလိုက်တယ်တို့ ပြောလာတဲ့အခါ ကျွန်တော်ကိုဉာဏ် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်စမ်းပါဗျာ။ အဲဒီလိုမျိုးများ ကြုံရတဲ့နေ့ဆိုရင် ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်ဗျ။
ဖတ်ချင်တဲ့ဂျာနယ် မဖတ်ရလို့၊ ချန်မထားလို့ စိတ်တိုနေပါတယ်ဆိုမှ ဆိုင်က ကျေးဇူးရှင်တွေက ဘာပြောတတ်သေးတယ်ထင်လဲ။ အခြားဂျာနယ်တစ်စောင် အစားယူလိုက်ပါတဲ့။ ကျွန်တော်ပြောရင်လည်း နားလည်မှာမဟုတ်မှန်း သိနေလေတော့ ဘာမှပြန်မပြောတော့ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာက ထုံးစံရှိတယ်မဟုတ်လား၊ Customer တို့အမျက် အပြင်မထွက်ရတဲ့။ အင်း... အင်း.... ဒီအတိုင်းပဲ ရှိပါစေတော့ပေါ့ဗျာ။ သူတို့က ဂျာနယ်တစ်စောင်က ဘယ်လောက်တန်တယ်ဆိုတာ သိတယ်။ အဲဒီဂျာနယ် မရတဲ့အခါ သူတို့တန်ဖိုးညီတဲ့ အခြားဂျာနယ်တစ်ခုကို အစားထိုးပေးရမယ်၊ အဲဒီလောက်ပဲ သိတာကိုး။ သူတို့တွေ ဒေါက်ဖိနပ်ဝယ်တဲ့အချိန် ရောင်းတဲ့ဆိုင်က ဒေါက်ဖိနပ်တော့မရှိဘူး၊ သူနဲ့တန်ဖိုးတူတဲ့ ဘွတ်ဖိနပ်ပဲရှိတယ်၊ အဲဒါပဲ ၀ယ်စီးပါဆိုရင် ဘယ်နှယ့်နေမယ် မပြောတတ်ဘူး။ အခုလည်း အဲဒီသဘောမျိုး ကျွန်တော်ကြုံရတဲ့အတွက် အားကြီးစိတ်ဆိုးတယ်ဗျာ။
နောက်တစ်ချက် ကျွန်တော်အင်မတန်ကို စိတ်ဆိုးရတာ ရှိသေးတယ်။ တံဆိပ်တုံး ထုတဲ့ကိစ္စပါ။ ရောင်းသမျှ ဂျာနယ်တွေတိုင်းမှာ သူတို့ဆိုင်တံဆိပ်တုံးကို ထုပေးထားပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်သိပ်နားမလည်ဘူးဗျ။ ဘာကိစ္စ တံဆိပ်တုံး ထုပေးရတာလဲ။ ဆိုင်မှားမှာကြောက်လို့လား။ ဆိုင်မှားရအောင်လည်း သူ့ဆိုင်နဲ့သူ ရောင်းတာပဲ။ ဟိုဖက်ခန်း ဒီဖက်ခန်း ရောင်းတဲ့ဂျာနယ်ဆိုင်လည်း မရှိပါဘူး။ အဲလိုမှ မဟုတ်ရင် ဒီဆိုင်က ၀ယ်သွားတယ်ဆိုတာ သိစေချင်လို့လား။ အဲဒါဆိုလည်း သိနေတာပဲလေ။ ဒါမှမဟုတ် သူတို့ဆိုင်ကို တစ်နည်းနည်းနဲ့ ကြော်ငြာတာလား။ ဒါတော့ နည်းနည်းဖြစ်နိုင်မယ်ထင်တယ်။ ထားပါလေ။ သူ့ဟာသူ ပေါက်နေတဲ့ဆံပင်ကို ရေသောက်မြစ်က ဘယ်မှာလဲလို့ မစဉ်းစားတော့ပါဘူး။ ပြောချင်တာက အဲဒီလို တံဆိပ်တုံးထုတဲ့အခါ ထုံးစံအတိုင်း ရှေ့ဆုံးမျက်နှာမှာ ထုရတာကိုးဗျ။ ဟိုးအရင်တုန်းကတော့ အဲဒီတံဆိပ်တုံးကိစ္စကို ကျွန်တော် အခုလောက် အလာ့ဂျစ် မဖြစ်ဘူးဗျ။ အခုတော့ ဖြစ်စရာတွေ ကြုံလာရလို့ ဖြစ်နေရပြီဗျာ။
ဂျာနယ်တွေမှာ သူများနဲ့မတူတာက ထုံးစံအတိုင်း ဆရာမြတ်ခိုင်ပေါ့။ သူ့ရဲ့ လျှပ်တစ်ပြက်နဲ့ မော်နီတာဂျာနယ်တွေရဲ့ အဆင်အပြင်ဟာ သူများတွေနဲ့ မတူဘူးဗျ။ အဲဒီဂျာနယ်တွေကြောင့် ဂျာနယ်ဆိုင်နဲ့ကျွန်တော် ဘယ်လိုစိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတာ ပြောပြမယ်။ ဒီလိုဗျ... ဒီလို...။ မော်နီတာဂျာနယ်ကိုပဲ ပြောပါတော့မယ်ဗျာ။ မော်နီတာဂျာနယ်ဟာ အခု အမှတ် (၁၆)အထိ ထွက်ပြီးသွားပြီဗျ။ ကျွန်တော့်အမှတ် မမှားဘူးဆိုရင် အမှတ်စဉ်တိုင်းမှာ မျက်နှာဖုံးဓာတ်ပုံအပြည့်နဲ့ ထွက်ခဲ့တာချည်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ သခင်ကိုယ်တော်မှိုင်းပုံ၊ ဆရာစံပုံ၊ ချေကွေဗားရားပုံ၊ ဂန္ဒီပုံ၊ မင်းသုဝဏ်ပုံ၊ ဦးသန့်ပုံ စသည်ဖြင့်ပေါ့လေ။ အခုနောက်ဆုံး အမှတ်စဉ်ကတော့ ကမ္ဘာကျော် ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးရဲ့ ဓာတ်ပုံပေါ့ဗျာ။ အနီးစပ်ဆုံးဂျာနယ်နဲ့ ကြုံရတာကိုပဲ ပြောပြတော့မယ်။ တဂိုးရဲ့ဓာတ်ပုံက အဖြူအမည်းပုံခင်ဗျ။ ဘင်္ဂါလီကဗျာဆရာကြီးဆိုတော့ သိတဲ့အတိုင်းပဲ နှုတ်ခမ်းမွေးရှည်ရှည်၊ မုတ်ဆိတ်မွေးရှည်ရှည်၊ ဆံပင်ရှည်ရှည်ကြီးနဲ့ပေါ့လေ။
စောစောက တံဆိပ်တုံးနဲ့ ပြန်ဆက်ရရင် တံဆိပ်တုံးဆိုတာမျိုးက မြင်သာထင်သာတဲ့နေရာမှာ ထုရတာကိုးဗျ။ ဒါမှ အလွယ်တကူ ဖတ်နိုင်၊ မြင်နိုင်မှာကိုး။ မော်နီတာဂျာနယ်နဲ့ မျက်နှာဖုံးတစ်ခုလုံးမှာ ထင်ထင်လင်းလင်းဖြစ်ပြီး မြင်သာတဲ့နေရာက ရှားရှားပါးပါး တစ်နေရာလေးပဲ ရှိတယ်ဗျ။ တံဆိပ်တုံးထုဖို့အတွက် နေရာပေးထားသလားတောင် ထင်မှတ်ရတယ်။ ဂျာနယ်ဆိုင်က မမတွေကလည်း လူရည်လည်လေးတွေပဲ၊ သိတယ်မလား။ အဲဒီနေရာကို ထင်ထင်ရှားရှားကြီး တံဆိပ်တုံး ထုပေးလိုက်တာပေါ့။ ဘယ်နေရာမှတ်နေတုန်းဗျ။ ရာဘင်ဒြာနတ်တဂိုးရဲ့ နဖူးပေါ်မှာပါဗျား။ ပြောမနေပါနဲ့တော့ဗျာ... ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။
အင်တာနက်မှာ ရှာကြည့်တဲ့အခါ ခပ်ဆင်ဆင် အောက်မှာပြထားတဲ့ ဓာတ်ပုံကို တွေ့တယ်ဗျ။ ကျွန်တော့်စိတ်ထဲမှာတော့ မော်နီတာ မျက်နှာဖုံးဟာ ဒီဓာတ်ပုံလို့ ထင်တာပါပဲ။ အဲဒီဓာတ်ပုံကို ဂျာနယ်ရှေ့ဆုံးစာမျက်နှာ တစ်မျက်နှာစာအပြည့် အကြီးချဲ့ပြီး မြင်ကြည့်လိုက်ဗျာ။ ပြီးတော့ တဂိုးရဲ့ နဖူးပေါ်မှာ တံဆိပ်တုံးကြီးနဲ့။ ဟူး.... ကိုယ့်ဘာသာကိုယ်သာ မျက်စိထဲမှာ မြင်ယောင်ကြည့်လိုက်ပါတော့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်၊ အင်္ဂါနေ့။
ညနေ ၅ နာရီ ၁၂ မိနစ်တွင်ပြီး၏။
ဒီလိုဗျ..ကိုညဏ့်စာတွေနေ့တိုင်းဖတ်ဖြစ်ပါတယ်။ကျနော့်လိုဘဲဖတ်နေသူတွေလဲရှိ
ReplyDeleteကြတာ ကိုညဏ်အသိဆုံးပါ။ဒါပေမဲ့ ကိုယ်တွေက blogger တွေမဟုတ်ဘူးလေ၊စာဖတ်သ္မားတွေသက်သက်ဆိုတော့ blog တိုင်းကိုဝင်ဖတ် ကွန်မန့်တွေဝင်ရေးနဲ့ အမြင်မတူတာတွေ ၀င်မန့်မိရင် ငပွကြီးဖြစ်မှာလဲစိုးရသေးတယ်ဗျ။
နောက်ပြီး blogger က ဝေဖန်မခံနှိုင်လို့ ပြဿနာတွေဖြစ်တာလဲမြင်တွေ့နေရတော့ ရှောင်တာလဲပါပါတယ်၊တော်ကြာ"ခင်ဗျား အဖြစ်ရှိရင် ကိုယ်ပိုင်blog လေးလုပ်ပြီးရေးပါလား"ဆိုရင် ပြောစရာ တွေ ငြင်းစရာတွေ ပေရှည်ကုန်မှာစိုးရသေးဗျ။
ကိုညဏ့်blog ကို နေ့တိုင်းဖတ်ဖြစ်ပါတယ်။တင်ပေးတဲ့ စာတွေကိုလဲ ဖတ်သူတော်တော်များများကြိုက်နှစ်သက်ကြပါတယ်။
အိမ်သာတက်ရတဲ့ကိစ္စလောက်ကိုရေး၊ပုဇွန်လေး၆ကောင်လောက်နဲ့ချက်တဲ့ဟင်းကို ဘလော့အဖြစ်ရေး၊လင်တရူးထနေတာကိုလူတကာသိအောင်ဘလော့မှာတင်ရေးနေတဲ့ ဘလော့တွေကိုဖတ်မိရင် ကျနော်လဲ အားကြီးစိတ်စိုးတယ်ဗျ။ကိုယ်ပိုင်တဲ့ဘလော့ကိုယ်ရေးချင်ရာရေးမယ်ဆိုတော့လဲ ကျနော်တို့သွားဖတ်မိတဲ့သူရဲ့အပြစ်ပါဘဲဗျာ။
ဆက်လုပ်ပါဗျာ။ ခင်ဗျားရဲ့စေတနာနဲ့လုပ်ရပ်ကို အပြည့်အ၀အားပေးနေပါတယ်။
မှတ်ချက်။ အားကြီးအားပေးနေတယ်။
ကိုဥာဏ်မြတ်ခိုင်အကြောင်းသိပုံမရသေးဘူးထင်တယ်၊မကြာမကြာဒီလူ.ကိုချီးမွမ်းတာတွေ.ရတယ်။လေ.လာကြည်.ပါဦးဘယ်လိုဂျာနယ်လစ်ဇင်လည်းဆိုတာ
ReplyDeleteကွန်းမန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ရေးချင်တဲ့စိတ်လေး ပေါ်လာတဲ့အတွက် စာထဲမှာ ထည့်ရေးလိုက်တာပါ။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်နေကြသူတွေဟာ ဘယ်လိုလူတွေဆိုတာ ကျွန်တော်နားလည်ပါတယ်။ တော်ရုံစာဖတ်ချင်တဲ့လူဟာ ဒီဘလော့ဂ်ကို မလာဘူးဆိုတာလည်း သိပါတယ်ခင်ဗျား။ ကျွန်တော်ကလည်း ကွန်းမန့်တွေလိုချင်လို့ စာတွေတင်ပေးနေတာ မဟုတ်တဲ့အတွက် မရေးရင်လည်း ဘာမှမဖြစ်ပါဘူး။ ရေးရင်တော့လည်း ဖတ်ရတာပေါ့လေ။ မြန်မာပြည်က ဖတ်တဲ့လူတွေဆိုရင် ပိုဆိုးသေးသဗျ။ ဟိုကျော်ဒီခွနဲ့ ဖတ်ကြရတာကိုး။ ကျွန်တော်တောင် အခုမှပဲ reply လုပ်နိုင်တော့တယ်။ အဲဒါကြောင့်လည်း စီဘောက်မှာ အော်ချင်တာလေးတွေ အော်လို့ရအောင် လုပ်ပေးထားတာပါ။ ကွန်းမန့်ချန်ခဲ့သည်ဖြစ်စေ၊ မချန်ခဲ့သည်ဖြစ်စေ လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခြားနီးစပ်ရာ မိတ်ဆွေတွေကိုလည်း ပြန်လည်ညွှန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက်ကတစ်ရာ၊ တစ်ရာကတစ်ထောင်၊ တစ်ထောင်ကတစ်သောင်း အသိပညာတွေ တိုးပွားစေမယ်ဆိုရင် ကျွန်တော်ပင်ပန်းရကျိုး နပ်ပါတယ်။ အားကြီးအားပေးတဲ့အတွက် ကျေးဇူးပါဗျာ။
ReplyDeleteမှတ်ချက်။ အားကြီးကျေးဇူးတင်တယ်ပေါ့ဗျာ။
ဆရာမြတ်ခိုင်ကို ချီးကျူးတာမဟုတ်ပါဘူး။ သူလုပ်တာလေးတွေကို ချီးကျူးတာပါ။ စာရေးတဲ့လူ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးဘူးလို့ ကျွန်တော်က ခံယူပါတယ်။ သူရေးတဲ့စာ၊ သူဖန်တီးတဲ့ အလုပ်ဟာ ဖတ်တဲ့သူတွေအတွက် အကျိုးရှိစေတယ်ဆိုရင် ကျွန်တော်ကတော့ သဘောကျပါတယ်။ လူဆိုတာ အပြစ်မကင်းတဲ့အတွက် ဆရာမြတ်ခိုင်မှာလည်း ပြောစရာအပြစ်တွေရှိချင် ရှိမှာပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒါမျိုးတွေကို သိပ်ပြီး စိတ်မ၀င်စားပါဘူး။ သိလည်း တကယ်ကို မသိပါဘူး။ ကျွန်တော့်ခံယူချက်ကတော့ သူရေးတဲ့စာ၊ သူလုပ်တဲ့အလုပ် ကောင်းတယ်ဆိုရင် ချီးကျူးမယ်၊ မကောင်းဘူးဆိုရင် မကောင်းတဲ့အကြောင်း ပြောဆိုဝေဖန်မယ်။ ကျွန်တော့်ခံယူချက် မှန်တယ်မမှန်ဘူးဆိုတာ မပြောလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကွန်းမန့်အတွက် ကျေးဇူးတင်ပါတယ်။ စေတနာအတွက် အသိအမှတ်ပြုပါတယ်။ :)
ReplyDelete