Monday, August 16, 2010

ကြိုးကြာငှက်များနှင့် ဗုံသံများ - မောင်သာချို



တစ်ခါက အလွန်ချမ်းသာကြွယ်ဝသည့် လူလတ်ပိုင်းအရွယ် သူဌေးတစ်ယောက်နှင့် ကျွန်တော်တို့ ဆုံဖြစ်ကြပါသည်။ သူက သိန်းသုံးလေးထောင်လောက် တန်သည့် ကိုယ်ပိုင်ကား စီးနေသည့်သူ။ သူ့ကိုယ်ပိုင်ကားက တကယ့်ကိုယ်ပိုင်ကား ဖြစ်ပါသည်။ ကားတစ်စီးကို တစ်အိမ်လုံး ၀ိုင်းစီးနေတာမျိုးမဟုတ်။ သူ့မိသားစု အသိုင်းအ၀ိုင်းက လူတစ်ကိုယ် ကားတစ်စီး အသိုင်းအ၀ိုင်းဖြစ်ရာ သူ့ကားက သူ့ကားဆိုမှ သူ့ကား။ ကျွန်တော်တို့ အားလုံးကမူ ဘတ်စ်ကားတိုးစီးနေသူတွေ။

"ဆင်းရဲတာ ဂုဏ်ယူစရာ မဟုတ်ဘူးဗျ... ချမ်းသာတာမှ ဂုဏ်"

သူက သူ့အယူအဆကို သည်လိုပဲ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပါသည်။ တရုတ်ပြည်၏ ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်ကပင်လျှင် To get rich is glorious ဟု ဆိုခဲ့ပြီ မဟုတ်လား။ ချမ်းသာခြင်းသည် ဂုဏ်ကျက်သရေတဲ့။

"ချမ်းသာတာ ကောင်းပါတယ်
ဒါပေမယ့်.... ဘယ်လိုနည်းနဲ့
ချမ်းသာလာခဲ့တာလဲဆိုတာက
ရှိသေးတယ်လေ"

ဒါက ကျွန်တော်တို့ ၀ိုင်းထဲက တစ်ယောက်က သူ့စကားကို ပြန်၍ စောဒကတက်ခြင်း ဖြစ်ပါသည်။ သည်တော့ သူ မျက်နှာကွက်ခနဲ ဖြစ်သွားသည်။ ရိုးသားရင် အရိုးဝါးရမယ်ဆိုသော စကားကို ကျွန်တော်က အမှတ်ရမိသည်။ ချမ်းသာခြင်း ဆင်းရဲခြင်းနှင့် လူတို့၏ စိတ်ခံစားမှုများ။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ၏ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြောရာ၌ ကမ္ဘာ့ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလည်း ပါဝင်ပါသည်။ ကမ္ဘာပေါ်၌ လူအများစုမှာ တစ်ဒေါ်လာ သို့မဟုတ် တစ်ဒေါ်လာအောက် ၀င်ငွေများဖြင့် ရပ်တည်နေကြခြင်းဖြစ်ရာ သွေးပျက်ဖွယ် အနေအထားပင် ဖြစ်ပါသည်။

BBC က ဦးဆောင်ကောက်ယူသော စာရင်းဇယားများအရ ကမ္ဘာ့နံပါတ်တစ် ပြဿနာကို စစ်တမ်းထုတ်ကြရာ ဆင်းရဲမွဲတေမှု ပြဿနာတဲ့၊ အကြမ်းဖက်မှု ပြဿနာတဲ့၊ သဘာဝရာသီဥတု ဖောက်ပြန်မှုပြဿနာတဲ့၊ သည်ပြဿနာသုံးခုကပဲ ထိပ်တန်းကနေ စာရင်းထွက်လာပါသည်။ ဘာပဲဖြစ်ဖြစ် ဆင်းရဲတာဟာ ပြဿနာတစ်ခု ဖြစ်နေတာတော့ သေချာပါသည်။

လူတစ်ယောက်က သိန်းလေးငါးထောင်တန် ဇိမ်ခံကားကြီး စီးသွားနေစဉ် လူတစ်ယောက်က ဖိနပ်တစ်ရံဝယ်ဖို့ ခေါင်းခဲနေတာ ကျွန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက်က တစ်သိန်းကျော်တန် အရက်တစ်လုံးကို ထောင်ထားစဉ် လူတစ်ယောက်က တောအရက် တစ်ပိုင်းအတွက် မနည်းအားထုတ်နေရတာ ကျွန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက်က ကမ္ဘာ့ရှေ့နောက် လေယာဉ်ဖြင့် လူးလာခေါက်တုံ့နေစဉ် လူတစ်ယောက်က အိတ်ထဲက ဘတ်စ်ကားခလေးကို စမ်းစမ်းကြည့်နေရတာ ကျွန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက်က ၂၄ နာရီ လေအေးပေးစက် ဖွင့်ထားသည့် အခန်းထဲ၌ ရှိနေစဉ် လူတစ်ယောက်က ပုဆိုးနံငယ်ပိုင်းကလေး ရေဆွတ်ကာ ကိုယ်ခန္ဓာကို ပွတ်သပ်နေရတာ ကျွန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။ လူတစ်ယောက်က ကမ္ဘာ့ထိပ်သီး တက္ကသိုလ်ကြီးတစ်ခုသို့ ၀င်ခွင့်လျှောက်ထားနေစဉ် လူတစ်ယောက်က ရွှံ့ဗွက်တွေထဲဖြတ်ပြီး လယ်ကွင်းစပ်က စာသင်ကျောင်းကလေးဆီ သွားနေတာ ကျွန်တော်တို့ ကမ္ဘာကြီး ဖြစ်ပါသည်။

ဘာကြောင့် ဆင်းရဲသူ ဆင်းရဲကာ ချမ်းသာသူ ချမ်းသာနေကြပါလိမ့်။

ရှေးဘ၀အဆက်ဆက် ကုသိုလ်ကံကြမ္မာကြောင့်လား၊ ခေတ်စနစ် အဆင်အကွက်တွေကြောင့်လား။

တေးရေးဆရာ စိုင်းခမ်းလိတ်က ဆင်းရဲသားအတွေးဆိုသည့် သီချင်းတစ်ပုဒ် ဖွဲ့ခဲ့ဖူးပါသည်။ သည်သီချင်းကို ဒေါက်တာစိုင်းခမ်းလိတ်၏ အသံရှာဖွေမှုနှင့် လိုက်ဖက်ညီအောင် သီဆိုနိုင်စွမ်းရှိသော စိုင်းထီးဆိုင်က သီဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဆင်းရဲသားအတွေး
ရေး - စိုင်းခမ်းလိတ်

ကားကလေးတွေ အစီအရီ စီးသွားကြတယ် x x x လမ်းမမှာ မင်း ငေးမနေနဲ့ ကလေးရယ် x x x မကြားဝံ့ မနာသာ ပြောသွားကြမယ် x x x ရွှေလင်ဗန်းနဲ့ အချင်းဆေးသူ လူမှုရေးကျ ညံ့တတ်တယ် x x x

လူဆိုတာ မွေးလာကတည်းက အခွင့်အရေးချင်းကွာခြား x x x ကြယ်မြင်တဲ့ အမိုးငယ်အောက်က x x x ကိုယ်စဉ်းစား အခါခါ x x သူများတွေ အဖို့ရာ ဘ၀ဆိုတာ x x သိပ်ပြီးတော့များ လွယ်ကူနေသလား x x x

ငါးပြားတန်အကြော်လည်း x x x မရောင်းတော့ဘူးတဲ့ x x x ၀မ်းဝဖို့အရေး ရုန်းကန်ဦး ကလေးရယ် x x x ခါးလှဖို့ဆိုတာ စိတ်ကူးတစ်ခုပဲ x x ရွှေလင်ဗန်းရှင် လမင်းရယ် x x မြင်ပေမယ့်လည်း ဝေးလှတယ်။ x x x

ထီဆိုတာ ပေါက်နိုင်ဖို့ x x ထီလက်မှတ်လိုတယ် x x ငွေဆိုတာ ပိုက်ဆံနဲ့ x x ခေါ်မှ ရတယ် x x ကူမယ့်လူရှိရင် ဘ၀ဆိုတာ x x x ဒီထက်တော့များ လွယ်ကူလေမလား x x x

မိုးချုပ်ကနေ၀င် နေ့တွက်ကြည့်ရင် x x မနက်တွက် တစ်နပ်တင်းလို့နေမြဲ ကလေးရယ် x x ကြိုးစားဖို့အရာတောင် အားမရှိတော့တယ် x x မှန်မှန်လုပ်ပြီး အရိုးဝါးသူ x x တစ်ခါတစ်လေ အသားဟင်း တောင့်တတယ်။ x x x

ချောင်မှာ နှစ်ယောက်တည်းဖက်ပြီး x x ငိုတဲ့ရက်များ x x အမှောင်မှာနေပြီး အမိုက်ထဲ ရောက်သွားဖို့ မခက်ပါ x x အူမ မတောင့်ရင် x x ဘ၀ဆိုတာ သီလတွေ စောင့်ဖို့ လွယ်ကူနိုင်မလား x x x

မြက်ဟောင်းကိုမွှေရင် အပုပ်နံ့ထွက်မယ် x x တရားနဲ့သာ တို့ စိတ်ဖြေစို့ ကလေးရယ် x x ထွက်ပေါက်ကို မရှာဘူး ရောက်တော့တွေ့မယ် x x လူတွေမကောင်းကြောင်း ပြောမယ့်အစား x x နက်ဖြန်အကြောင်းပဲ ပြောကြမယ် x x x

ရင်မှာလေ အကောင်းဆုံးအတွက် မျှော်လင့်ချက် ပိုက်ထားကာရယ် x x အပြင်မှာလေ အဆိုးဆုံးအတွက် အဆင်သင့်ပြင်ထားကာရယ် x x တကယ်အကျနာလွန်းရင် ဘ၀ဆိုတာ x x နာလန်ထဖို့အရေး လွယ်ကူပါ့မလား x x x


လမ်းမပေါ်မှာ ကားတွေက ဖြတ်သွားလျက်။ မိန်းမပျိုကလေးတစ်ယောက်က ကားရောင်စုံကို လှမ်းငေးလို့။ မငေးနဲ့တဲ့။ ရွှေလင်ဗန်းနဲ့ အချင်းဆေးသူ အများစုဟာ လူလိုနားမလည်တာ များတယ်တဲ့။ မင်းကို ထိကပါး ရိကပါး စော်ကားမော်ကား စကားတွေ လှမ်းပြောသွားလိမ့်မယ်တဲ့။ လူသားတို့ဘ၀များ ကွာခြားကြပုံတွေကို စဉ်းစားကြည့်တဲ့အခါ တစ်ချို့တစ်ချို့သော ဘ၀တို့ လွယ်ကူလွန်းပုံတွေကို အံ့သြမိပါရဲ့ဟုလည်း တေးရေးဆရာက ဆိုပါသည်။ ၀မ်းဝဖို့ ခါးလှဖို့  ရုန်းကန်တိုက်ပွဲဝင်ကြပါစို့။ ထီပေါက်ဖို့ ထီလက်မှတ်လိုသလို ငွေကို ငွေနဲ့လိုက်ရမှာမို့ ကူညီမယ့်သူရှိရင် ပိုများလွယ်ကူ လေမလားဟုလည်း တေးရေးဆရာက ဆိုပါသည်။ ခုတော့ အမှောင်ထဲမှာ တို့နှစ်ယောက်သား ငိုကြဦးစို့ရဲ့တဲ့။ အူမ မတောင့်သော်လည်း သီလစောင့်လျက် နက်ဖြန်ကို ရင်ဆိုင်ကြဦးစို့တဲ့။ ဘ၀နာလန်ထလာဖို့ရော လွယ်မှလွယ်ပါ့မလား စသည်စသည်ဖြင့် ဖွဲ့ထားသည့် သီချင်းဖြစ်ပါသည်။

ချမ်းသာတာ ကောင်းသလား၊ မကောင်းဘူးလား။
ချမ်းသာဖို့အတွက် လွယ်သူလွယ်ပြီး ဘာကြောင့် ခက်သူခက်နေရပါသလဲ။
အူမတောင့်ဖို့ရာ သီလစောင့်ရမလား၊ မစောင့်ရဘူးလား။
ဆရာ စိုင်းခမ်းလိတ်ဆင်းရဲသားအတွေး ပဲ ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics