Thursday, September 30, 2010

မျိုးဆက်သစ် စက်ဝိုင်းလား၊ ဒန်းလား - မောင်စူးစမ်း


newgeneration.png
ဋီကာတောင်းဆို
ဒီမိုကရေစီ၏ ကံကြမ္မာသည် မျိုးဆက်သစ်တို့ လက်ထဲတွင်ရှိသည်ဟု ပညာရှင်တို့က ကောက်ချက်ဆွဲထားကြသည်။ ဒီမိုကရေစီ၏ ကံကြမ္မာသာမက နိုင်ငံ၏ကံကြမ္မာ၊ လူ့အဖွဲ့အစည်း၏ ကံကြမ္မာတို့သည်လည်း မျိုးဆက်သစ်တို့လက်ထဲတွင် ကျရောက်နေသည်ဟု ပြောကြသည်။ ဤသို့သော ကောက်ချက်သည် အထူးအဆန်းတော့ မဟုတ်ပေ။ သမိုင်း၏ ပြဿနာတစ်ရပ်ကို သမားရိုးကျနည်းအတိုင်း ဖြေရှင်းပြခြင်းဖြစ်သည်။ အံ့သြစရာမဟုတ်ဟု ဆိုရမည်။

သို့သော် ဖြစ်ရပ်နှင့် အတွေးအခေါ်တို့က အလွန်လျင်မြန်စွာ ပြောင်းလဲနေသောအခါတွင် မျိုးဆက်သစ်နှင့် ပတ်သက်သော အယူအဆသည်လည်း အသေးစိတ် အစစ်အဆေး ခံလာရသည်။ မျိုးဆက်သစ်ကို ဘယ်လိုနားလည်ရမည်နည်းဟု စိန်ခေါ်ကြည့်လာသည်။ မျိုးဆက်သစ်ဆိုပြီး ယေဘုယျပြောလို့ မရပြီ။ မျိုးဆက်သစ်အပေါ် အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုဋီကာကို တောင်းဆိုကြသည်။

နှစ် ၃၀
မျိုးဆက်သစ်ဖွဲ့စည်းမှုက ထွေပြားသည်။ မျိုးဆက်သစ်၏ နိုင်ငံရေးအရ အရေးကြီးပုံကို ပြောဆိုသည်မှာ မျိုးဆက်သစ်၏ နိုင်ငံရေးသက်တမ်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ မျိုးဆက်သစ်၏ နိုင်ငံရေးသက်တမ်းသည် နှစ် ၃၀ ရှိသည်ဟု ပညာရှင်တို့က ခန့်မှန်းသည်။ ဤနိုင်ငံရေးသက်တမ်း နှစ် ၃၀ ကိုပင် ၁၅ နှစ်စီ နှစ်ပိုင်းခွဲသည်။ ပထမပိုင်းသည် မျိုးဆက်သစ်၏ နိုင်ငံရေးလောကထဲ ၀င်ရောက်ပုံ၊ ကျင်လည်ပုံအပိုင်း ဖြစ်သည်။ ပထမပိုင်း၌ မိမိအရင် ရောက်ပြီး နိုင်ငံရေးအာဏာ ရရှိနေသူတို့အား စိန်ခေါ်ဆန့်ကျင်ရသည်။ အတိုက်အခံ ပြုရသည်။

ဒုတိယ ၁၅ နှစ် ပိုင်း၌ မိမိတို့ကိုယ်တိုင် အာဏာရရှိလာသည်။ အာဏာရရှိလာ၍ နောက်မျိုးဆက်သစ်၏ ဝေဖန်တိုက်ခိုက်မှုကို ခံရသည်။ ဤသို့အားဖြင့် မျိုးဆက်သစ်က အတိုက်အခံနေရာနှင့် အာဏာနေရာကို အလှည့်နှင့်ယူ၊ အလှည့်နှင့် အာဏာရနေရာမှ ဆင်းပေးရသည့် ဖြစ်စဉ်ကို နိုင်ငံရေးစက်ဝိုင်းလို့ ခေါ်သည်။ စက်ဝိုင်းပုံသဏ္ဌာန်ကို သဘောမတူသော ပညာရှင်တို့က မျိုးဆက်သစ်တို့ အရွှေ့အပြောင်းကို ဟိုဘက်ယိမ်း ဒီဘက်ယိမ်းသော ဒန်းလွှဲခြင်းအဖြစ် မြင်သည်။ သို့ဖြင့် မျိုးဆက်ဖြစ်ထွန်းမှု ပုံသဏ္ဌာန်သည် စက်ဝိုင်းလား၊ ဒန်းလွှဲခြင်းလားဟု အငြင်းပွားနေကြသည်။

ဝိရောဓိနှင့် ပဋိပက္ခ
မျိုးဆက်သစ်ဖြစ်ထွန်းမှုသည် ဆိုခဲ့ပါအတိုင်း အငြင်းပွားလျက် ရှိသည်။ ခေတ်ကာလအလိုက် ပေါ်ထွန်းသော ဖြစ်ရပ်ကြီးနှင့် အိုင်ဒီယာကြီးတို့၏ သြဇာသက်ရောက်မှုကိုလည်း ထည့်သွင်းရေးသားကြသည်။ မျိုးဆက်သစ် အရွှေ့အပြောင်း (စက်ဝိုင်းသဏ္ဌာန်ဖြစ်စေ၊ ဒန်းလွှဲပုံသဏ္ဌာန်ဖြစ်စေ) ကို သြဇာလွှမ်းမိုးသော ခေတ်ရေစီးကြောင်းနှင့် ဖြစ်ရပ်ကြီးတို့ကို ရှာဖွေကြည့်ကြသည်။ သဘောမှာ အပြောင်းအလဲကို တောင်းဆိုသော ဆန့်ကျင်ဘက်ပဋိပက္ခတို့ကို ရှာဖွေတွေ့ရှိရန် ဖြစ်သည်။

မျိုးဆက်သစ်အရွှေ့အပြောင်း လွှမ်းမိုးသောခေတ်ကာလ အိုင်ဒီယာနှင့် ဖြစ်ရပ်ကြီးတို့သည် ၀ိရောဓိနှင့် ပဋိပက္ခတို့ကို မွေးထုတ်တတ်လေရာ ထိုမှတစ်ဆင့် အပြောင်းအလဲကို တောင်းဆိုသော အသံတို့ကို မွေးထုတ်သည်။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင်မှုဖြစ်စေ၊ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုဖြစ်စေ ထိုသို့ အပြောင်းအလဲကို တောင်းဆိုသော အသံတို့ကို အချိန်မီ ကောင်းမွန်မှန်ကန်စွာ နားစွင့်နိုင်ရမည်။ ပါဝါတန်ခိုးဖြင့် နားစွင့်ရန်မလိုဟု ထင်လျှင်မှားမည်။

လာမည့် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အာဏာရှိသူတို့က အပြောင်းအလဲပြုလုပ်ရန် ဆိုသောအသံကို နားစွင့်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
အညွှန်း - The Cycles of American Politics On A+M Schlesingn

No comments:

Post a Comment

 
Web Statistics