Friday, September 24, 2010

မြန်မာဘောလုံးသတင်းများ


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ပြီးသွားကတည်းက ဘောလုံးအကြောင်းနဲ့ အဆက်ပြတ်သလို ဖြစ်နေခဲ့ပါတယ်။ အခြားအကြောင်းအရာတွေကို စိတ်ဝင်စားမှု ပိုနေတဲ့အတွက် အားကစားဂျာနယ်ကိုတောင် သေချာမဖတ်ဖြစ်ပါဘူး။ အင်တာနက်မှာလည်း ဘယ်နေ့က ဘယ်ပွဲမှာ ဘယ်လိုရလဒ်နဲ့ ပြီးသွားသလဲ ဆိုတာလောက်ကိုပဲ ကြည့်ဖြစ်တော့တယ်။ ဒီနေ့တော့ အကြောင်းတိုက်ဆိုင်လာတဲ့အတွက် မြန်မာဘောလုံး သတင်းလေးတွေအကြောင်း နည်းနည်းပါးပါး ရေးလိုက်ပါတယ်ဗျာ။ အချိန်ပေးပြီး ရေးထားတာ မဟုတ်တဲ့အတွက် ဖတ်လို့မကောင်းရင်၊ အချက်အလက်တွေ လိုနေရင် နားလည်ပေးကြပါဗျို့။

(၁)
ဒီနေ့ညနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံကိုယ်စားပြု ရတနာပုံအသင်းဟာ AFC President's Cup ပထမအကြိုဗိုလ်လုပွဲအဖြစ် တာဂျစ်ကစ္စတန်ကလပ် ဗာကတ်ရှ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းဟာ ဒုတိယအကြိုဗိုလ်လုပွဲက အနိုင်ရလာတဲ့အသင်းနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အခုပွဲစဉ်တွေကို အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ သူများအသင်းတွေကိုပဲ အားပေးနေရတဲ့ မြန်မာပရိသတ်တွေအတွက် ကိုယ့်မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်မှာကို အားပေးကြည့်ရှု နိုင်ကြတဲ့အကြောင်း သတင်းပေးတာပါ။ ဒီနေ့ ရတနာပုံအသင်းရဲ့ ပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသမယ်လို့ ဂျာနယ်အချို့မှာ ဖတ်ရပါတယ်။ ညနေကျရင်တော့ အားပေးရပါဦးမယ်။ ရတနာပုံ အောင်မြင်ပါစေ....။
၂၄-၉-၂၀၁၀ (သောကြာနေ့)
ပထမအကြိုဗိုလ်လုပွဲ
ရတနာပုံ (မြန်မာ) - ဗာကတ်ရှ် (တာဂျစ်ကစ္စတန်)
ဒုတိယအကြိုဗိုလ်လုပွဲ
ဒိုဒွိုင်းဘစ်ရှက် (ကာဇက်စတန်) - အိုင်တီတီယူ (တာ့ခ်မင်နစ္စတန်)

(၂)
၂၀၁၀ မြန်မာနေရှင်နယ်လိဂ်ကတော့ အသင်း (၁၁)သင်း ပါဝင်ကစားလျက် ရှိပါတယ်။ အသင်းအများစုဟာ ပွဲစဉ်(၁၅)ပွဲစဉ် ယှဉ်ပြိုင်ကစားပြီးတဲ့ အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ရတနာပုံအသင်းက ရယူထားတာကို တွေ့ရပါတယ်။ ရမှတ်ပေါင်း ၃၄ မှတ်နဲ့ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ကမ္ဘောဇအသင်းက ရမှတ်ပေါင်း ၃၀ နဲ့ ရပ်တည်လျက် ရှိပါတယ်။ အောက်ဆုံးနေရာမှာတော့ အမှတ်မရသေးတဲ့ ဇွဲကပင်အသင်း ရှိနေပြီး သူ့အပေါ်ကပ်လျက် ဒုတိယနောက်ဆုံး နေရာမှာတော့ ၅ မှတ် ရရှိထားတဲ့ နေပြည်တော်အသင်း ရှိနေပါတယ်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။

(၃)
အရင်တုန်းက တိုက်ဂါးဖလားလို့ နာမည်တွင်ခဲ့ပြီး ဒေသတွင်း နိုင်ငံအလိုက် ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၁၀ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ပူးတွဲအိမ်ရှင် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်မယ့် အဲဒီပြိုင်ပွဲအတွက် ပွဲစဉ်ဇယား ရေးဆွဲပြီးတဲ့အခါ အုပ်စုတွင်း တွေ့ဆုံမှုအခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
အုပ်စု (က)
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ခြေစစ်ပွဲပထမရအသင်း
အုပ်စု (ခ)
ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာ၊ ခြေစစ်ပွဲဒုတိယရအသင်း

မြန်မာအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကတော့-
၂-၁၂-၂၀၁၀ - ဗီယက်နမ် နှင့် မြန်မာ
၅-၁၂-၂၀၁၀ - မြန်မာ နှင့် စင်ကာပူ
၈-၁၂-၂၀၁၀ - မြန်မာ နှင့် ခြေစစ်ပွဲဒုတိယရအသင်း

AFC President's Cup ပြိုင်ပွဲဝင် ရတနာပုံအသင်းနှင့် AFF Suzuki Cup 2010 ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းတို့ အောင်မြင်ကြပါစေကြောင်းနှင့် မြန်မာနိုင်ပြီဟု ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်ချင်ကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၀၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics