Thursday, September 23, 2010

သူလိုကိုယ်လို ကမ္ဘာကြီး - ချမ်းငြိမ်း


ဒူမွန်ကတော့ "ရိုက်ညီနောင်" လို လေယာဉ်ပျံကို စတင်ဖန်တီးခဲ့သူလို့ အသိအမှတ်ပြု ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဇရာပိုင်းရောက်လာချိန် သူတွေ့ရှိကြိုးပမ်းခဲ့တဲ့ လေယာဉ်ပျံနဲ့ စစ်ပွဲတွေမှာ ဗုံးကြဲချပြီး လူတွေသေအောင် အသုံးချနေကြတာ တွေ့ရတော့ ယူကျုံးမရဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
(တေးရေး သုခမိန်လှိုင်၊ မောင်သစ်မင်း၏ တေးမြုံငှက် စာအုပ်မှ)

လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီဒီယာတွေပေါ်မှာ သတင်းတစ်ခု တက်ခဲ့ပါတယ်။ ပမာဏကြီးမားတဲ့ ဂြိုဟ်သိမ်နှစ်ခုဟာ ကမ္ဘာနဲ့ အနီးကပ်ဆုံး အကွာအဝေးတစ်ခုက ဖြတ်သန်းသွားတယ်ဆိုတဲ့ သတင်းပါပဲ။ ဖြစ်ပြီးမှ သိရတာဆိုတော့ လူတွေ ထိတ်လန့်တုန်လှုပ်မှု သိပ်တော့မရှိပါဘူး။ ဒါပေမယ့် အဲဒီသတင်းဟာ မိမိတို့ရဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်မှုအတွက် သေချာမှုရော ရှိပါရဲ့လားဆိုတဲ့ သတိပေးချက် ပေါ်ထွက်လာသလိုပါပဲ။ တစ်ဆက်တည်းမှာပဲ ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းရဲ့ မကြာသေးမီက ထုတ်ပြန်ပြောကြားချက်ကိုလည်း အမှတ်ရမိစေပါတယ်။ စတီဖင်ဟော့ကင်း ဆိုသူကတော့ ၂၀ ရာစုမှာ သြဇာတိက္ကမ အရှိဆုံး အတော်ဆုံးလို့ သတ်မှတ်ကြတဲ့ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း ပြီးရင် ကမ္ဘာမှာ အတော်ဆုံး သဘောတရားရေးရာ ရူပဗေဒပညာရှင်တစ်ဦးပါ။ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကာလနဲ့အချိန်၊ မက္ကင်းနစ်နဲ့ ဘလက်ဟိုးလို့ခေါ်တဲ့ စကြ၀ဠာထဲက တွင်းနက်ကြီးတွေအကြောင်း အထူးပြု လေ့လာခဲ့သူပါ။ သူဟာ ကျောင်းသားဘ၀မှာပဲ အာရုံကြော ချို့ယွင်းမှုကြောင့် မသန်စွမ်းဖြစ်ကာ ဘီးတပ်ကုလားထိုင်လေးပေါ်မှာ ဘ၀တစ်လျှောက်လုံး နေခဲ့ရသူပါ။ ဒါပေမယ့် သူဟာ အင်မတန်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ အိုင်းစတိုင်းဟာ သူ့ရဲ့ နှိုင်းရဓမ္မတရား၊ ရီလေတီဗီတီကို သူထိုးတဲ့ တယောလေးထဲ ထည့်ထားတယ်လို့ ဆိုကြသလို ဟော့ကင်းဟာလည်း သူ့ရဲ့ ရူပဗေဒနဲ့ ပတ်သက်တဲ့ ကမ္ဘာကြီးပေါ် တွေးခေါ်ရှုမြင်ပုံတွေကို ဘီးတပ်ကုလားထိုင်လေးပေါ် တင်ထားတယ်လို့တောင် ပြောရမယ့် ပုဂ္ဂိုလ်မျိုးပါ။ ဟော့ကင်းက "လူသားမျိုးနွယ်အတွက် ကြီးမားတဲ့အန္တရာယ်ကြီးကို ကျွန်တော် မြင်နေပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ကာလရှည် ရပ်တည်နိုင်ရေး နည်းလမ်းကတော့ အာကာသထဲကို ဖြန့်ကြက်ဖို့ပါပဲ" လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သူဘာကြောင့် ဒီလိုပြောကြား ရပါသလဲ။
stephenhawking.jpg

တစ်နေ့က အိမ်မှာရှိတဲ့ စာအုပ်ပုံကိုရှင်းတုန်း နိုင်ငံခြားမဂ္ဂဇင်းတစ်စောင်က စာမဲ့ကာတွန်း ရုပ်ပုံတစ်ခုကို အသေအချာ ကြည့်မိပါတယ်။ ကာတွန်းက ၂၀ ရာစု အစောပိုင်း လက်ရာတစ်ခုပါ။ ပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က ကာတွန်း၊ ပုံမှာ ကလေးကို ချီပိုးထားတဲ့ မိန်းမတစ်ယောက်ဟာ ကမ္ဘာကြီးကိုလည်း ကျောပေါ်မှာ မနိုင်မနင်း တင်ထမ်းထားတာပါ။ အဲဒီ ကမ္ဘာလုံးကြီးပေါ်မှာတော့ ယောက်ျားနှစ်ယောက်ဟာ သူသေကိုယ်သေ ဓားနဲ့ ခုတ်ထစ်နေကြတဲ့ ပုံပါပဲ။ အဓိပ္ပါယ်ကတော့ ၂၀ ရာစု ကမ္ဘာကြီးမှာ ယောက်ျားတွေ စစ်မက်ဖြစ်ပွားနေချိန် မိန်းမတွေက နောက်ပိုင်းတာဝန် အ၀၀ကိုယူပြီး သားသမီးတွေပါ ထိန်းကျောင်းနေရတဲ့ ဖြစ်စဉ်ကို သရုပ်ဖော်ထားခြင်းပါပဲ။ အတော်လေး ထိမိတဲ့ ကာတွန်းပါ။ သိကြတဲ့အတိုင်း ၂၀ ရာစုအတွင်းမှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့တယ် မဟုတ်လား။ အဲဒီကာလတွေကို ရည်ညွှန်းပြီး ကာတွန်းဆရာက ရေးဆွဲခဲ့တာပါ။ တစ်နည်းပြောရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ကမ္ဘာကြီးရဲ့ သရုပ်သကန် အစစ်အမှန်ကို ဖော်ကျူးထားတဲ့ပုံပါ။ အခုနှစ်ပေါင်းများစွာ ကျော်လွန်လာပြီးတဲ့နောက် ၂၁ ရာစုကို ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာကြီးဟာ ဟိုတုန်းက အချိန်တွေနဲ့ နှိုင်းစာရှု ဘာများပြောင်းလဲခဲ့ပါသလဲ။ ကာတွန်းထဲကအတိုင်း ဆက်လက်ကျန်ရှိနေမြဲလား။ သိသာထင်သာ မြင်သာရှိတဲ့ နည်းပညာပိုင်း တိုးတက်မှုတွေ၊ ဆေးသိပ္ပံ တိုးတက်မှုအချို့ ရှိခဲ့ပေမယ့် ယနေ့ကမ္ဘာကြီးကတော့ အခြေခံဖြတ်သန်းမှု ဘာမှကို မပြောင်းလဲသေးပါဘူး။ ဆိုရရင် ပိုလို့သာ ဆိုးလာတယ်လို့ပဲ ပြောရမှာပါ။ ယနေ့ ကမ္ဘာကြီးကို ကြည့်ပါ။

အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ စစ်မက်ဖြစ်ပွားမှု၊ အေ့စ်ရောဂါ၊ သစ်တောပြုန်းတီးမှု၊ သယံဇာတ ရှားပါးလာခြင်း၊ ငလျင်၊ မုန်တိုင်းကြီးများ၊ ရေနံယိုဖိတ်မှုများ၊ တောမီးအကြီးအကျယ် လောင်ကျွမ်းမှု၊ ပါကစ္စတန်ရေကြီးမှု၊ အာဖရိကတိုက်ရှိ ကလေးသူငယ်များ အာဟာရချို့တဲ့မှုများကြောင့် နေ့စဉ် သေဆုံးနေခြင်း၊ လူမျိုးဖြုတ်စစ်ပွဲများ၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဝါဒ၊ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ….။

ကမ္ဘာကြီးဟာ အကြီးအကျယ် နာကျင်ကိုက်ခဲနေပါပြီ။ အဲဒီဖြစ်စဉ်တွေနဲ့အတူ လူသားတွေ ကြားထဲမှာလည်း လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယတွေနဲ့ ကျပ်ခဲနေလိုက်တာ၊ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မွန်းကျပ်လိုက်တာ။ တကယ်တော့ နေစကြ၀ဠာထဲကကြည့်ရင် ကမ္ဘာကြီးဟာ အမြဲဆူပွက်နေတဲ့ ရေနွေးအိုးကြီး တစ်ခုလို မြင်တွေ့ရမှာပါ။

တစ်နေ့ကပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ထွက်ရှိခဲ့ဖူးတဲ့ မောင်သစ်မင်းရေးတဲ့ တေးမြုံငှက် စာအုပ်လေး ပြန်ဖတ်မိပါတယ်။ အဲဒီစာအုပ်ရဲ့ အမှာစာကိုတော့ တေးရေး သုခမိန်လှိုင် (သိဒ္ဓိတ္ထလှိုင်) က ရေးသားပေးခဲ့တာပါ။ အဲဒီအမှာမှာ ၂၀ ရာစု ကမ္ဘာကြီးအကြောင်းကို သူ့အမြင် Opinion ပုံစံမျိုးနဲ့ ရေးသားခဲ့တာပါ။ ဒီအမှာကို ဖတ်ရတော့ အခုနှစ်ပေါင်း ၃၀ ကျော်လာချိန်မှာလည်း ကမ္ဘာကြီးဟာ ဘာမှ သိပ်မပြောင်းလဲသေးဘူးဆိုတာ အထူးသဖြင့် လူသားတွေရဲ့ အခြေခံစိတ်ဓာတ်တွေဟာ ဘာမှ သိပ်မပြောင်းလဲသေးဘူးဆိုတာ တွေးမိပါတယ်။ စတီဖင်ဟော့ကင်းကလည်း ဒါကို ဆိုလိုတာပါ။ ဒီလိုသာ ရှေ့ဆက်သွားနေရင် ရာစုနှစ်ခုအတွင်း လူတွေရဲ့ မိုက်မဲမှု၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာမှုကြောင့် လူသားမျိုးနွယ်ကြီး တစ်ခုလုံး ကြေပျက်သွားနိုင်တယ် ဆိုတာပါပဲ။ သည်ဖြစ်ရပ်တွေကြောင့်ပဲ နိုင်ငံကျော် တေးပြုစာဆို မြို့မငြိမ်းဟာ ဘီးကျိုးလေးတစ်ချောင်း၊ အ၀တ်အထည်လေး အနည်းငယ်နဲ့ ဖိနပ်လေးတစ်ရန်ကို သစ်ပင်တစ်ပင်ရဲ့ သောက်ရေအိုးစဉ် ရှေ့မှာ ထားခဲ့ပြီး လော်လီကားကြီးတစ်စီးရဲ့ ဘီးအောက်မှာ သူ့ခေါင်းကို ထိုးဝင်ခံခဲ့တာပါ။ ကမ္ဘာကြီးကို သူနားလည်သိရှိသွားချိန်မှာ လူတွေကို နားလည်သွားချိန်မှာ မြို့မငြိမ်းဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ပဲ ဆိုရမှာပါ။ တကယ်တမ်း ကျွန်တော်တို့ မေ့နေတာကတော့ လူသန်းပေါင်း ခြောက်ထောင်ကျော် တင်ဆောင်ထားတဲ့ ကမ္ဘာဆိုတဲ့ မိမိတို့နေထိုင်ရာ ဂြိုဟ်ဟာ ရပ်တည်နေတာ မဟုတ်။ တစ်နာရီ မိုင်ခြောက်သောင်းနှုန်းနဲ့ အာကာသထဲ အမြန်ရွေ့လျား နေတယ်ဆိုတာပါပဲ။ ကမ္ဘာလို ဂြိုဟ်တွေလည်း နေစကြ၀ဠာထဲမှာ ထောင်သောင်းချီ ပြေးလွှားသွားနေကြတာပါ။ တကယ်တော့ လူမဆိုထားနဲ့ ကမ္ဘာကြီးတောင် သူလိုကိုယ်လို ကမ္ဘာကြီးမဟုတ်လား။

1 comment:

  1. Anonymous4:28 PM

    Very good post Ko Nyan. Of course, world health is still worse. Apprx 10% of world population has tried to recover the world and the rest has destroyed it. Seems that we have killed ourselves or sucide uncautiously.

    ReplyDelete

 
Web Statistics