
ပါဝါ၏အနက်
ပါဝါ (အာဏာ) ဆိုသည်မှာ ခေတ်သစ်အဓိပ္ပါယ်အရ ဆုံးဖြတ်ချက် ချမှတ်ခွင့်ရခြင်းနှင့် ဆုံးဖြတ်ချက် အကောင်အထည်ဖော်ခွင့် ရရှိခြင်းတို့ကို ယေဘုယျ ရည်ညွှန်းသည်။ ဤဖွင့်ဆိုချက်သည် ပြောရလွယ်သလောက် လက်တွေ့၌ အလွန်ခက်သည်။ ထို့ကြောင့် အချို့ပညာရှင်တို့က နိုင်ငံရေးသည် ဖြစ်နိုင်ခြေဆိုင်ရာ အတတ်ပညာဟူသော အနက်အဓိပ္ပါယ်ကို ပြင်ဆင်ပြောဆိုလာသည်။ ပြင်ဆင်ပုံမှာ နိုင်ငံရေးသည် မဖြစ်နိုင်ခြေနီးပါးကို ရှာဖွေရသောအတတ်ပညာ The Art of the near-impossible ဟူ၍ ဖြစ်သည်။
"မဖြစ်နိုင်ခြေနီးပါး" ဟု ဆိုရသည့်အကြောင်းမှာ နိုင်ငံရေး၌ သက်ဆိုင်ရာပလေယာတို့၏ အုပ်စု အကျိုးစီးပွားတို့ကို ညှိနှိုင်း၍ အပေးအယူ အလျှော့အတင်းလုပ်ရာ၌ အခက်အခဲတွေများစွာ ကြီးစွာရှိသောကြောင့် ဖြစ်သည်။ ဂိုဏ်းဂဏစိတ်၊ ပါတီစွဲပြင်းထန်လွန်းလေ အပေးအယူ ညှိနှိုင်းရခက်လေ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသည် မဖြစ်နိုင်ခြေနီးပါးရှိရသော အလားအလာတို့ကို ရှာဖွေဆောင်ရွက်ရသော အတတ်ပညာဟု ပညာရှင်အမျိုးအစားအလိုက် အဓိပ္ပါယ်အသစ် ဖွင့်ဆိုသည်။
ဖိအားနှင့် ရှင်သန်ရေး
သို့သော် လက်တွေ့ရင်ဆိုင်ရသော ပကတိအစစ်အမှန်ဘက်မှကြည့်လျှင် အကျိုးစီးပွားချင်းညှိနှိုင်း၍ ရှင်သန်ရနိုင်မည်ဆိုသော ဖိအားက ပြင်းပြင်းထန်ထန် ရှိနေသည်ကို တွေ့ရှိကြရမည်။ ဤဖိအားကြောင့် မည်သူပင် မဖြစ်နိုင်ဟု ဆိုစေကာမူ ဖြစ်အောင်ညှိနှိုင်းကြရမည်။ ဤအခြေအနေမျိုးကို Survival Strategy ဟု ခေါ်သည်။
ရှင်သန်ရေးမဟာဗျူဟာသည် ၀န်းကျင်အခြေအနေ ဆိုးဝါးမှုကို အနုမာန မှန်းဆချက်ပြုထားသည်။ အခြေအနေဆိုးဝါး၍ ရှင်သန်ရန် မနည်းကြိုးပမ်းရမည်ဟု ယူဆသည်။ ထို့ကြောင့် ပကတိအခြေအနေကို အာဃာတအစွဲအလမ်း ကင်းကင်းနှင့် သုံးသပ်ရန်လိုသည်။ ထို့အပြင် အုပ်စိုးသူအုပ်စု၏ စေတနာကိုလည်း မှန်ကန်စွာ အကဲဖြတ်နိုင်ရန်လိုသည်။
လက်တွေ့ပြောရလျှင် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အပြောင်းအလဲကို တကယ်ဖြစ်ပေါ်နိုင်မလားဟု မေးခွန်းထုတ်ခြင်း ဖြစ်သည်။ အာဏာလက်ရှိ တပ်မတော်အစိုးရကလည်း အပြောင်းအလဲဖြစ်ရန်အတွက် စေတနာမှန်ဖြင့် ကျင်းပပြုလုပ်ပေးခြင်း ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ရမည်။ ဤဆန်းစစ်မှုကို နိုင်ငံရေးပါတီတို့ကလည်း ပြုလုပ်ပြီးဖြစ်သည်။ နိုင်ငံရေးပါတီပေါင်း ၄၀ နီးပါးက လာမည့်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြတော့မည့် အချက်က တပ်မတော်အစိုးရမှ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပုံစံသစ် အစိုးရသို့ ကူးပြောင်းတော့မည်ဖြစ်ကြောင်း သေချာနေသည်။
ပယောဂ
ထိုအခြေအနေတွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် နှိုးဆော်မှုများ ရှိလာသည်။ ရွေးကောက်ပွဲ ဆန့်ကျင်သူတို့သည် ဆန့်ကျင်ရန်ပြောရုံဖြင့် မလုံလောက်။ မိမိတို့က ဘာလုပ်ပေးနိုင်သနည်းဟု မိမိတို့၏ စွမ်းပကားကို ပြသနိုင်ရပေမည်။ တကယ်၌ ဘာမျှ စွမ်းပကားမရှိပေ။ လေပဲရှိသည်။ လေလုံးထွား မီးရှူးမီးပန်း ဖောက်ပြသော နိုင်ငံရေးခေတ်သည် ကုန်ပြီ။
ရွေးကောက်ပွဲသပိတ်မှောက်လျှင် ရှိရင်းစွဲအခြေအနေသာ ဆက်ရှိပြီး၊ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို မြင်ရမည်။ အပြောင်းအလဲ မဖြစ်ပေါ်သော အပြောင်းအလဲကို မျှော်လင့်ကြသည်မှာ လူ၏ နိုင်ငံရေးစရိုက်ဖြစ်လေရာ သပိတ်မှောက်လျှင် ဟာကွက်ထဲ ပစ်ထည့်သည့်သဘောသာ ဖြစ်သည်။ အပြောင်းအလဲ မဖြစ်ပေ။
ရွေးကောက်ပွဲသည် မိမိဖြစ်စေချင်သည့် ပုံစံမဟုတ်ဟု ထားဘိဦး၊ ရွေးကောက်ပွဲသည် အနည်းဆုံး အထိုင်တော့ ရွေ့သွားသည်။ လိုရင်းချုပ်ပြောရလျှင် အပြောင်းအလဲသည် မိမိ၏ ပယောဂကြောင့် မဖြစ်ပေါ်နိုင်။ အာဏာရှိသူ၏ ပယောဂကြောင့်သာ ဖြစ်နိုင်သည်။ ဤအချက်သည် အခြေခံအမှန်တရား ဖြစ်သည်။ အာဏာရှိသူ၏ ပယောဂကြောင့်ဖြစ်သော အပြောင်းအလဲကို အခြေခံပြီး မိမိဖြစ်လိုသော အရာတို့ကို စဉ်းစားသုံးသပ်ကြည့်ရမည်။ အခြားနည်းလမ်း မရှိပါပေ။
No comments:
Post a Comment