
ပြောရမယ်ဆိုရင် ကျွန်တော်တို့က စာအုပ်ကောင်းလေးတွေ ကြိုက်တယ်။ အဲသည်တော့ ခင်ဗျားတို့က မေးတယ်။ စာအုပ်ကောင်းဆိုတာ ဘာလဲလို့၊ ဟုတ်တယ် မေးလေ။ အဲသည်တော့ ကျွန်တော်တို့ကလည်း မေးမှာပေါ့။ ခင်ဗျားသိတဲ့ စာအုပ်ကောင်းဆိုတာကကော ဘာတုန်းလို့၊ အဲသည့်အခါ ကြားထဲကနေ ငြိမ်နားထောင်နေတဲ့ ဟိုငတိတွေကလည်း ၀င်ပါလာမှာပါပဲ။ ဟေ့လူကြီးတွေ ဘူဒါကြီးတွေ ခုနစ်ဆွေး ရှစ်ဆွေးကြီးတွေ ခင်ဗျားကြီးတို့ ကြိုက်တယ်ဆိုတဲ့ စာအုပ်တွေ ခေတ်မရှိတော့ဘူး။ ဒိတ်အောက်နေပြီလို့ ၀င်ပြောရင် ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ။ သူတို့တွေကို စာအုပ်ကောင်း မဖတ်ဖူးတဲ့ ငအတွေ ငချွတ်တွေလို့ ပြန်ပက်မလား၊ သူတို့ဖတ်တဲ့ စာအုပ်တွ ခင်ဗျားတို့ ကျွန်တော်တို့ ကိုင်တောင်မကြည့်ဖူးဘူး မဟုတ်လား။ အဲဒါပဲလေ ဒါကြောင့် ကျွန်တော်တို့ ပြောပါပကော ခင်ဗျားတို့ ကျွန်တော်တို့ သူတို့ဟာ အမြဲတမ်း ကွဲလွဲနေကြမှာပါလို့။ ဒါတောင် ပြောကြသေးတယ် မဟုတ်လား။ တူရင် တွဲလုပ်၊ မတူ ခွဲလုပ် ဆိုတာလ။ ကိုင်း အခု ခင်ဗျားတို့ ကျွန်တော်တို့ သူတို့အကြားမှာ တူတာက ဘာတုန်း၊ မတူတာက ဘာတဲ့တုန်း၊ သူတို့က ကျွန်တော်တို့ကို ဟေ့ ဘိုးတော်တွေ ခင်ဗျားတို့ လေဒီဂါဂါ သိသလားမေးရင် ဘာပြန်ဖြေကြမလဲ။ အဲသည့်အခါ ခင်ဗျားတို့ ကျွန်တော်တို့က ဘယ်လို ပြန်မေးသင့်သလဲ။ ဥပမာ ဟေ့ကောင်လေးတွေ မင်းတို့ လေဒီဂါဂါလောက်များတော့ ပျင်းတောင်ပျင်းသေးတယ်ဟေ့။ မင်းတို့ ဆိုဖီယာလောရင့်ကြီး သိသလားကွလို့ ပြန်မေးကြမလား။ ဒါမှမဟုတ် မင်းတို့ ပုစွန်တုပ်ကြီး မြင့်မြင့်ဌေး သိသလား။ ဒါမှမဟုတ် ပန်ဒိုရာသန်းအေး သိလားလို့ ပြန်မေးကြမယ်ဆိုရင်ကော ဘယ့်နှယ်နေမလဲ။
ပြောမယ့်သာပြောနေရတာပါ တကယ်တော့ ခင်ဗျားတို့ ကျွန်တော်တို့ သူတို့ဆိုတာက အသက်ချင်းလည်း မတူ၊ အရွယ်ချင်းလည်း မတူ၊ အတွေ့အကြုံချင်းလည်း မတူ၊ ဖြတ်သန်းပုံချင်းလည်း မတူ၊ ယုံကြည်ချက်ချင်းလည်း မတူ၊ ရပ်တည်ချက်ချင်းလည်း မတူကြမှတော့ ဘယ်မှာလာပြီး တစ်ထပ်တည်းဖြစ်နိုင်မှာတုန်း။ သို့သော် တူတာတစ်ခုကတော့ ရှိနိုင်ကောင်း ရှိမှာပေါ့။ အဲဒါက မကောင်းတာလုပ်တာမျိုး ဆိုရင်တော့ ဒါမျိုးက ညှိစရာမလိုအောင် တူကြတယ်မဟုတ်လား။ မကောင်းမှုလုပ်ဖို့က ဘယ်သူ့ကိုမှ မောင်းထုပြီး လူစုခဲ့ကြလို့တုန်း။ အေး… ကောင်းမှုဆိုရင်တော့ သေချာပေါက် ကွဲလွဲပြီ။ ဘယ်နည်းနဲ့မှ တူစရာမရှိဘူး။ ခင်ဗျားတို့က တစ်ရာဖိုးလောက် လှူတာကို အလှူကြီးပေးရာ ရောက်တယ်လို့ စဉ်းစားတယ်မဟုတ်လား။ ကျွန်တော်တို့ကလည်း ငွေတစ်သိန်းလောက် လှူလိုက်ရတယ်ဆိုရင်ပဲ တွန့်နေပြီလေ။ အဲသည့်အချိန်မှာ ကိုယ်တော်ချောတွေက သိန်းသုံးလေးထောင်လောက်များ ရင်းလိုက်ရတာမျိုးကို ပျင်းတောင်ပျင်းသေးတယ်လို့ ပြောနေကြတော့ ဘယ်နှယ့်လုပ်မလဲ။ အဲသည့်ကိုယ်တော်တွေ ဘာစာမှ မဖတ်လို့ တန်ဖိုးမသိတာလို့ ပြောကြမလား။
ခုပဲ ကြည့်လိုက်လေ။ ခင်ဗျားတို့က ကျွန်တော်တို့ကို မေးတယ်။ ဟေ့ကောင်တွေ မင်းတို့ ဗိုပ်ချုပ်အောင်ဆန်း သိသလားမေးရင် ကိုယ်တော်တွေက ပြုံးမှာပေါ့။ ဟား ဗိုလ်ချုပ်အောင်ဆန်းများ ခင်ဗျားကြီးတို့ထက်တောင် ပိုသိသေးတယ်။ ခင်ဗျားကြီးတို့ ဗိုလ်ချုပ်အောင်ဆန်းကို သိတယ်ဆိုတာ ပါးပါးလေးပါလို့ ငေါ့မှာပေါ့။ သင်းတို့က ကိုင်းကွာ မင်းတို့ ဆရာစံသိသလားလို့ မေးကြည့်ပါလား။ ဆရာစံ ဘာလုပ်တာတုန်း (၁၃၀၀) ပြည့် အရေးတော်ပုံတုန်းက သူပုန်ထတယ်ဆိုတာလားလို့ ကယောင်ကတမ်းတွေ လျှောက်လုပ်ကုန်မှာ သေချာပေါက်ပဲ။ ဆရာစံမှ မသိဘဲနေမှတော့ ဆရာစံ ဘယ်အချိန် သူပုန်ထတယ်၊ ဘာအတွက် သူပုန်ထတယ်ဆိုတာတွေ လိုက်မေးမနေနဲ့တော့၊ ဝေးကုန်လိမ့်မယ်။ ဆရာစံလောက် ခဏထားဦး၊ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်တော့ ကိုယ်တော်တွေက အလွတ်ရနေပြန်ရော။ ဒါကြောင့် ကျွန်တော်တို့ ပြောပါပကောလား။ ခင်ဗျားတို့ ကျွန်တော်တို့ သူတို့ ဆိုတာတွေဟာ မတူနိုင်ပါဘူးလို့။ အဲဒါကိုများ ခင်ဗျားတို့က တူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်လို့ လုပ်ချင်ကြသေး။ အံ့ အံ့ပါရဲ့ဗျာ။
မြတ်ခိုင် ဘာလဲ ဆိုတာတော့ သိတယ်
ReplyDeleteရွှေစင်ဦး
မြတ်ခိုင် ဆိုတာ NGA PHAR GYI par
ReplyDeletesu khaing