Tuesday, October 19, 2010

လက်ဖက်ရည်ဆိုင်၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း - ကိုဉာဏ် (ပန်းလောင်မြေ)


teashoplibraryreading.png

ဒီပို့စ်ကို ရေးရခြင်းရည်ရွယ်ချက်က မနေ့ညက လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ကိုဉာဏ် အတွေးပွားခဲ့ရတာလေးတွေကို ဖွင့်အံချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း ရေးမယ်လို့ စိတ်ကူးပြီးတော့ နိဒါန်းပျိုးဖို့ စဉ်းစားတဲ့အခါ လက်ဖက်ရည်ဆိုင်အကြောင်းကို မပြောမဖြစ် ပြောရဦးမှာမို့ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ကျွန်တော် မြင်၊ တွေ့၊ ခံစား၊ တွေးမိသလို ရေးဖြစ်လိုက်ပါတယ်။

ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်
ကျွန်တော်ဟာ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ညနေခင်း ထမင်းစားပြီးချိန်တွေမှာ လက်ဖက်ရည်ဆိုင် မသွားရဘူးဆိုရင်တော့ နေမသိထိုင်မသာ ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ စကားဝိုင်းဖွဲ့ ပြောဆိုရတာ၊ ငြင်းခုံဆွေးနွေးရတာ၊ သတင်းတွေ၊ အသိပညာတွေ ဖလှယ်ရတာကို စွဲမက်ခုံမင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခုကို အခြားလူတွေသိအောင် တစ်ဆင့်ပြန်ပြောရတာ ကျွန်တော်နှစ်ခြိုက်ပါတယ်။ အဲဒီလို ပြောပြတဲ့အခါ ပြန်ကြားရတဲ့ သူတို့တွေရဲ့ တုံ့ပြန်မှုတွေကို ပိုမက်မောပါတယ်။ အကြောင်းအရာတစ်ခုကို ကိုယ်မြင်တာနဲ့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ မှတ်ချက်တွေ၊ ငြင်းခုံမှုတွေများ ကြားရတယ်ဆိုရင် အင်မတန်မှကို ပျော်ရွှင်ရပါတယ်။ ဘာလို့များ ငါ အဲဒီလို မတွေးခဲ့မိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ခဲ့ရတာတွေလည်း မရေနိုင်တော့ပါဘူး။ ဘာပဲပြောပြော လူပေါင်းစုံရဲ့ အတွေးအခေါ်၊ အသိအမြင်တွေကို အမြဲမပြတ် သိခွင့်၊ ကြားခွင့် ရနေတဲ့အတွက် ကျွန်တော့်အတွက် အဖိုးတန်တာ အမှန်ပါပဲ။ ကိုယ့်ရှုထောင့်တစ်ခုတည်းကနေပဲ တွေးတာထက်စာရင် သူများတွေကရော ဘယ်လိုတွေးသလဲလို့ သိခွင့်ရတာဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။ အဲဒါကြောင့်လည်း အခြားသူတွေက မကြာခဏ မေးငေါ့တတ်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းခြင်းဆိုတဲ့ အလုပ်ကြီးကို ကျွန်တော်ကိုဉာဏ် စွဲစွဲမြဲမြဲ မက်မက်မောမော လုပ်ဖြစ်နေတာ ထင်ပါရဲ့။

လက်ဖက်ရည်ဆိုင်ဆိုတာ အချိန်ဖြုန်းတဲ့နေရာ
အဲဒီလိုပြောတဲ့လူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့အမြင်မှာလည်း လက်ဖက်ရည်ဆိုင်ထိုင်တာဟာ အချိန်ကို ဖြုန်းတီးနေခြင်းလို့ မြင်ကြမှာပါပဲ။ အဲဒီအချိန် တစ်နာရီအတွင်းမှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်နိုင်တယ်၊ တရားဓမ္မတစ်ပုဒ်ကို နာကြားနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို (ပန်းချီဆွဲတာ၊ စာရေးတာ၊ ကဗျာစပ်တာ၊ သီချင်းရေးတာ စသဖြင့်ပေါ့လေ) လုပ်နိုင်တယ်၊ ဒါမှမဟုတ် အေးအေးဆေးဆေး အနားယူနိုင်တယ် စသဖြင့် တွေးကြမှာပါပဲ။ လူဆိုတာ ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ။ အဲဒီအတွက် ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်မနေပါနဲ့။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကိုင်ဆောင်ရွက်နေကြတာကိုး။ ပတ်ဝန်းကျင်အတွက်၊ လောကအတွက် အကျိုးယုတ်စေမယ့် ကိစ္စမျိုးကို လုပ်နေတာမျိုးဆိုရင်တော့ တားသင့်ရင် တားရမှာပေါ့လေ။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု
တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ငြင်းဆန်ရှုံ့ချခဲ့သူ တစ်ယောက်ပါ။ လက်ဖက်ရည်ဆိုင်မှာ ဟေးလေးဝါးလေးနဲ့ အချိန်ဖြုန်းနေတဲ့ လူငယ်တွေကို မြင်ရတိုင်း နှာခေါင်းရှုံ့ခဲ့သူ၊ မျက်စောင်းထိုးခဲ့သူပါ။ အခုတော့ အဲဒီလို မဖြစ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ အချို့အချို့သော ဝေလေလေ လူငယ်တွေကို မြင်ရတဲ့အခါမှာတော့ မဆီမဆိုင် ဘေးကနေပြီး စိတ်တိုမိ၊ ဒေါသထွက်မိ နေသေးတာပါပဲ။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတိုင်းဟာ အားအားလျားလျား လေကုန်ခံပြီး အချိန်ဖြုန်းနေကြတာပဲဆိုတဲ့ အမြင်ကတော့ ပျောက်သွားပါပြီ။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိကြသူတွေချည်းပဲလို့ မြင်မိပါတယ်။ အဲဒီလိုဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့စကားနဲ့ ရှေ့နောက်မညီလိုက်တာလို့ ထောက်စရာဖြစ်ပါတယ်။ ဟုတ်ကဲ့… ရှေ့နောက်ညီအောင် ရှင်းရရင်တော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေမှာတောင်မှ အချိန်ကုန်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုချင်တာပါ။ ကောင်းမွန်တဲ့ရည်ရွယ်ချက် ဟုတ်တာ၊ မဟုတ်တာကို ပြောလိုရင်းမဟုတ်ပါ။

တချို့တွေက လက်ဖက်ရည်သောက်၊ မုန့်စားရင်း ဗိုက်ထဲကို အစာဖြည့်ချင်လို့ လက်ဖက်ရည်ဆိုင်ကို လာကြတယ်။ အချို့တွေကျတော့ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင်လို့ လာသောက်ကြတာ။ အချို့ကျတော့ လက်ဖက်ရည်ဆိုင်ကို စုရပ်တစ်ခုအဖြစ် သဘောထားပြီး အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးကြတာ။ အချို့ကျတော့လည်း အိမ်မှာဆိုရင် တစ်ယောက်တည်းမို့ စကားပြောဖော်မရှိ၊ တိုင်ပင်စရာလူ မရှိတဲ့အတွက် လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့လူနဲ့ အလ္လာပသလ္လာပ စကားပြောဆိုရင်း အထီးကျန်မှုကို ဖြေဖျောက်ကြတာ။ ကျွန်တော့်လိုမျိုး အချို့အချို့တွေကတော့ လက်ဖက်ရည်ဆိုင်ကို ကုန်ကြမ်းရှာတဲ့ နေရာတစ်ခုအဖြစ် သဘောထားပြီး ထိုင်ကြတာပေါ့ဗျာ။

ကျွန်တော်အကြိုက်ဆုံး နေရာနှစ်ခု
အခုရေးနေတဲ့စာနဲ့ ဘာမှမဆိုင်ပေမယ့် စကားစပ်မိတုန်းမို့ ပြောချင်လေးတစ်ခု ရှိသေးရဲ့ဗျာ။ အခြားမဟုတ်ပါဘူး။ ကျွန်တော်က စာရေးချင်သူဆိုတော့ စာရေးဖို့အတွက် မလုပ်မဖြစ် လုပ်ရတဲ့အလုပ်ကတော့ စဉ်းစားခြင်းပါပဲ။ ဘာအကြောင်းအရာကို ရေးရမလဲဆိုတာကို စဉ်းစားရတာဟာ စာရေးတဲ့လူအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အင်မတန်မှ ကြုံတောင့်ကြုံခဲဆိုသလို တစ်ခုခုကို ချရေးရင်းနဲ့ မရည်ရွယ်ဘဲ လက်ကအလိုလို ရေးစရာတွေ ပေါ်လာတာမျိုးကို ကြုံရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ရေးမယ့် စာတစ်ခုကို စိတ်ကူးထဲမှာ အကြမ်းထည်ပြီးတဲ့အထိ စိတ်ကူးနဲ့ရေးကြည့်ပြီးမှ စာရေးရတာချည်းပါပဲ။ အခြားစာရေးသူတိုင်းလည်း ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြောချင်တာက ကျွန်တော်ရေးခဲ့သမျှ စာတွေအများစုကို စိတ်ကူးမိတာ၊ ရေးဖို့အတွေးရတဲ့ အဓိကနေရာနှစ်ခု ရှိပါတယ်။ အဲဒါကိုပြောချင်တာပါ။ အခြားမဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာပါ။

အဲဒီလိုပြောတော့ အချို့တွေက ရယ်ချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ မရယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာဟာ ကျွန်တော့်အတွက် စဉ်းစားခြင်းအမှုကို အေးအေးဆေးဆေး အချိန်ပေးပြီး ပြုနိုင်စေတဲ့ နေရာတွေ ဖြစ်နေလို့ပါပဲ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်နေရင်းနဲ့လည်း ရေးစရာတွေ ပေါ်လာတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်နဲ့အဖြတ်၊ ကားနဲ့အဖြတ်၊ မြင်းလှည်းနဲ့အဖြတ်မှာ ပြောသွားကြတဲ့ စကားတွေထဲက တစ်ခွန်းစ၊ နှစ်ခွန်းစကို အမှတ်မထင် ကြားလိုက်ရင်းနဲ့လည်း ရေးစရာကုန်ကြမ်း ရချင်ရတတ်တာမျိုးပါ။ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ သူများတွေပြောတဲ့ စကားသံတွေကို နားထောင်ရင်း၊ သူတို့လှုပ်ရှားနေသမျှကို လိုက်ကြည့်ရင်းနဲ့လည်း ရေးစရာတွေ တွေးမိတတ်ပါတယ်။ တစ်ခါတလေတော့လည်း မှာထားတဲ့ လက်ဖက်ရည်ခွက်က တစ်ကျိုက်မှ မသောက်ရသေးဘဲ အတွေးတွေ ရွက်လွှင့်ပြီး တမေ့တမော ထိုင်မိနေတတ်တာမျိုးလည်း ရှိပါရဲ့ဗျာ။

အိမ်သာတက်ရင်းနဲ့ စာရေးဖို့ အတွေးရတာ၊ စဉ်းစားမိတာ၊ အိမ်သာတက်ရင်း စာအုပ်တွေဖတ်ရတဲ့ အကျိုးကျေးဇူးတွေကို ဒီပို့စ်မှာ မရေးတော့ပါဘူး။ ကျွန်တော့်အတွက် ရေးစရာဆိုပေမယ့် ဒီစာကို ဖတ်နေရတဲ့သူ အတွက်ကျတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေမှာမျိုးကို မလိုလားလို့ပါ။ အဲဒီအကြောင်းကို သီးခြားရေးပါဦးမယ်။

လက်ဖက်ရည်ဆိုင် ပေါမှပေါ
လက်ဖက်ရည်ဆိုင်အကြောင်း ဆက်ရမယ်ဆိုရင် ကျွန်တော်လက်လှမ်းမီသလောက် အတွေ့အကြုံလေးနဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်မရှိတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆိုတာ ရှိမှရှိပါ့မလားလို့ တွေးမိပါတယ်။ ကျေးရွာတိုင်း စာကြည့်တိုက်တစ်ခု ရှိရမည်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုက လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေကို တွဲပေးလို့ မရနိုင်ဘူးလား ဆိုတာကိုပါ။

စာဖတ်တာကောင်းပါတယ်၊ ဒါပေမယ့်
ကျွန်တော့်အတွေးက ဒီလိုပါခင်ဗျ။ စာဖတ်တာဟာ မကောင်းဘူးလား။ ကောင်းတာပေါ့ခင်ဗျာ။ ချွင်းချက်မရှိကို ကောင်းပါတယ်။ ဘယ်လိုစာပေတွေ၊ ညာလိုစာပေတွေ ဆိုတာမျိုးတွေ ကျွန်တော်မပြောသေးပါဘူး။ စာဖတ်တယ်ဆိုတာ တစ်ခုတည်းနဲ့တင် ပြောနေတာပါ။ ကောင်းတဲ့စာပဲဖြစ်ဖြစ်၊ မကောင်းတဲ့စာပဲဖြစ်ဖြစ် စာဖတ်တဲ့လူဟာ စာမဖတ်တဲ့ လူထက်တော့ သာတာအမှန်ပါပဲ။ ထားပါတော့ဗျာ။  ဆက်ပြောရမယ်ဆိုရင် စာဖတ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဖတ်ဖို့စာတွေ ကောင်းဖို့လည်း လိုသေးတာကိုးခင်ဗျ။ အဲဒီတော့ ခင်ဗျားကပြောလိမ့်မယ်။ ဒါများ ဘာခက်တာမှတ်လို့၊ ဖတ်စရာ စာအုပ်ကောင်းတွေမှ အများကြီးပဲလို့။ ဟုတ်ပါတယ်၊ မြန်မာလို ရေးထားတဲ့ ဖတ်စရာ စာအုပ်ကောင်းတွေဟာ သေသွားတဲ့အထိ ဖတ်လို့မကုန်အောင် များပြားလှပါတယ်။ ဒါပေမယ့် အဲဒီလို ဖတ်လို့ကောင်းတဲ့ စာအုပ်တွေဟာ ဈေးနှုန်းကလည်း အင်မတန်ကောင်းတာကိုးဗျ။

ကျွန်တော်ပြောတာတွေက ပြောရင်းကနေ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အစအဆုံး ဖတ်ပြီးရင်တော့ ကျွန်တော်ပြောချင်နေတာတွေ၊ ကျွန်တော်တွေးမိနေတာတွေဟာ ဘာတွေလဲဆိုတာ စာဖတ်သူ နားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အရေးအသား ကျွမ်းကျင်လွန်းတဲ့ စာရေးဆရာ မဟုတ်လေတော့ အစီအစဉ်မကျ၊ အရေးအသားမပြေပြစ်၊ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေခဲ့ရင် အနည်းငယ် သည်းခံပြီးတော့ ဖတ်ပေးစေချင်ပါတယ်။ ကျွန်တော်သေသေချာချာ တွေးမိတဲ့အရာ၊ ယုံကြည်တဲ့အရာကို ရေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော့်ရင်ထဲက ခံစားချက်ဟာ စာဖတ်သူရဲ့ ရင်ထဲကို Heart to Heart ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ရေးနေတာကို ဆက်ပါ့မယ်။

သိချင်စိတ်များနှင့် ပြည့်နေသော လူဆိုသည့်သတ္တ၀ါ
စောစောကပြောသလို လူတိုင်း စာဖတ်ကြပါ၊ စာဖတ်ကြပါလို့ တိုက်တွန်းကြပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာမဖတ်ချင်တဲ့လူ မရှိဘူးခင်ဗျ။ အဲဒီလိုဆိုတော့ အချို့က ငြင်းချင်ကြလိမ့်မယ်။ ဘယ်သူကတော့ စာဖတ်တာကို လုံးဝကို ၀ါသနာမပါတာကွလို့။ ဟုတ်ကဲ့… ဒီလို စဉ်းစားရအောင်ပါ။ လူတိုင်းမှာ သူ့စိတ်ဝင်စားမှုနဲ့သူတော့ ရှိကြပါတယ်။ ဆိုပါတော့ဗျာ… လူပြိန်းကြိုက် ခပ်ပေါပေါဥပမာနဲ့ပဲ ပြောကြရအောင်ပါ။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ အကြောင်းကို စိတ်ဝင်စားတဲ့လူပဲ ဆိုပါတော့။ (ဒီလိုရေးတဲ့အတွက် ကျွန်တော့်ကို မေတ္တာတော်တွေ အတုံးလိုက်၊ အတစ်လိုက်၊ အထုပ်လိုက်၊ အထည်လိုက် ပို့သကြမှာကိုလည်း မျှော်လင့်ထားကြောင်းပါ။ ဤကား စကားချပ်) ဘယ်မင်းသားက ဘယ်မင်းသမီးနဲ့ ဘာဖြစ်နေတာတဲ့ ဆိုတာမျိုးကို သူစိတ်ဝင်စားမှာ အသေအချာပါပဲ။ အဲဒီလို စိတ်ဝင်စားတယ်ဆိုတာဟာ စာဖတ်ချင်တာနဲ့ အတူတူပါပဲ။

ကိုဉာဏ်ရာ… မင်းဟာကလည်း ရှုပ်နေတာပဲလို့ မတွေးပါနဲ့ဗျာ။ စောစောကလို သတင်းမျိုးကို စိတ်ဝင်စားတော့ အဲဒီသတင်းအကြောင်း သိတဲ့လူပြောတာကို သူနားထောင်မှာပါပဲ။ ပြီးရင် သူ့အမြင်၊ သူ့မှတ်ချက်၊ သူသိထားတာတွေကို ပြောမှာပါပဲ။ ဒါဟာ စာဖတ်ခြင်းပါပဲ။ ဒါပေမယ့် သူကိုယ်တိုင် စာဖတ်တာ မဟုတ်ပါဘူး။ အခြားသူဖတ်တာကတစ်ဆင့် သူက ပြန်သိခြင်းပါပဲ။ တစ်ဆင့်ခံ စာဖတ်ခြင်းပေါ့ခင်ဗျာ။ အဲ… အဲဒီလိုလူမျိုးကိုပဲ စောစောကသတင်းကို ရော့.. ဒီဂျာနယ်ထဲမှာ ဒီလိုရေးထားတယ်၊ ဓာတ်ပုံနဲ့ ဒီလိုပါတယ်ကွဆိုရင် အဲဒီလူဟာ သေချာပေါက် အဲဒီဂျာနယ်ကို လှန်ကြည့်၊ ဖတ်ကြည့်မှာ အသေအချာပါပဲ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင် မဆုံးနိုင်တာမို့ ဒီအကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကျွန်တော်ဘာပြောချင်တယ်ဆိုတာ အတန်ငယ်တော့ဖြင့် ရိပ်စားမိမယ် ထင်ပါရဲ့။

ဘယ်လောက်ပဲ မအားလပ်တဲ့လူတွေ ဖြစ်နေပါစေ။ စာဖတ်တာကို ၀ါသနာပါသူချည်းပါပဲ။ ဥပမာတွေ နည်းနည်းပြောပါရစေ။ တစ်နေကုန် အိမ်ထဲကအိမ်ပြင် မထွက်နိုင်အောင် အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ အင်္ကျီတွေ မင်စွန်းသွားရင် ဘယ်လိုလျှော်ရမလဲ၊ သံပုရာသီးကို အရည်ပိုထွက်အောင် ဘယ်လိုညှစ်ရမလဲ၊ အသားတွေကို အကြာကြီးခံအောင် ဘယ်လိုလုပ်ရသလဲ၊ ဘုရားပန်းအိုးတွေ ကြေးညှိတက်နေရင် ဘယ်လိုတိုက်ချွတ်ရသလဲ၊ ၀မ်းကိုက်တာပျောက်ချင်ရင် ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအရွက်မျိုးကို စားနိုင်သလဲ၊ အသားတွေ မြန်မြန်နူးချင်ရင် ဘာထည့်ပြီး ချက်ရသလဲ စသည်စသည့်ဖြင့် သိချင်ကြသူချည်းပါပဲ။ တစ်နေကုန် ဖုန်းတစ်လုံး၊ ကားတစ်စီးနဲ့ အလုပ်ရှုပ်နေတဲ့ ပွဲစားလို လူမျိုးတွေကရော စာဖတ်တာ ၀ါသနာမပါဘူးလား။ ကြည့်ရအောင်ပါ။ ဘယ်မြို့မှာ ဘာလေလံပွဲရှိတယ်၊ ဘယ်ကားဈေးက ဘယ်လောက်ဖြစ်နေပြီ၊ ဘယ်မြို့မှာ ဘာလိုင်စင်တွေ ချပေးနေတယ်၊ ဘာဈေးနှုန်းကတော့ တက်သွားတယ်၊ ကျသွားတယ်၊ ရာသီဥတုကြောင့် စိုက်ခင်းအခြေအနေတွေ ဘယ်လိုရှိတယ်၊ ကမ္ဘာ့အရေးအခင်းကြောင့် ဘာပစ္စည်းတွေ ဈေးနှုန်းပြောင်းသွားတယ်၊ ဘယ်နိုင်ငံက မြန်မာပြည်မှာလာပြီး ရင်းနှီးမြှုပ်နှံမယ်၊ ဒါဆိုရင် ဘာတွေအလားအလာ ကောင်းနိုင်တယ် စသည်စသည်ဖြင့် သိချင်ကြတာပါပဲ။ နောက်ဆုံး ဆိုက်ကားနင်းနေတဲ့လူ၊ အငှားကားမောင်းနေတဲ့လူတောင်မှ ဘယ်နေ့မှာ ဘယ်ဘောလုံးပွဲရှိတယ်၊ ဘယ်ဘောလုံးသမားက ဒဏ်ရာရနေတယ်၊ ဘယ်အသင်းကတော့ ဘယ်သူ့ကိုဝယ်လိုက်တယ်၊ ဒီနေ့ကန်မယ့်ပွဲကို ဘယ်ဂျာနယ်က ဘယ်လိုခန့်မှန်းထားတယ် စသည်ဖြင့် စိတ်ဝင်စားကြတာပါပဲ။

စာအုပ်တွေရဲ့တန်ဖိုး
ကျွန်တော်ပြောခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်ရင် အဲဒီလို သိချင်တာတွေအားလုံးကို ကျွန်တော်တို့တွေ ဘယ်ကနေ ရယူနိုင်သလဲ။ စာအုပ်တွေထဲမှာ ရှိပါတယ်။ အကြောင်းအရာအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ဗဟုသုတအမျိုးမျိုးဟာ စာအုပ်တွေထဲမှာ ရှိနေကြပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောခဲ့သလို လူတိုင်းဟာ သိချင်စိတ်တွေနဲ့ ပြည့်နေကြတာဆိုတော့ အဲဒီလိုသိနိုင်တဲ့ စာအုပ်တွေကို ဖတ်ချင်စိတ် ရှိကြမယ်ဆိုတာ မလွဲလောက်ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျွန်တော်က ရဲရဲဝံ့ဝံ့ ပြောတာပါ။ လူတိုင်းမှာ စာဖတ်ချင်စိတ် (သိချင်စိတ်) ရှိကြပါတယ်။

ဒီနေ့ခေတ် ဂျာနယ်တွေ သိပ်အဖိုးတန်တယ် (ဈေးကြီးတယ်)
ဒီနေ့ဂျာနယ်တစ်စောင်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅၀၀ ၀န်းကျင်မှာ ရှိပါတယ်။ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်ပဲ ရှိတဲ့လူတစ်ယောက်ဟာ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ဖို့အတွက် ဘယ်လောက်စဉ်းစားရမလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါ။ ၁၀ ယောက်လောက်စုပြီး ၀ယ်ဖတ်ရင် အဆင်ပြေမှာပေါ့လို့ ပြောမယ့်လူတွေ၊ အကြံပေးမယ့်လူတွေ ရှိမှာပါပဲ။ အဲဒီဆယ်ယောက်ဟာ ၀ါသနာ ၁၀ မျိုးဖြစ်နေရင် ဘယ်နှယ့်လုပ်ကြမတုန်း။ တစ်ယောက်က ဘောလုံး၊ တစ်ယောက်က အနုပညာ၊ တစ်ယောက်က ဈေးကွက်၊ တစ်ယောက်က နိုင်ငံရေး၊ တစ်ယောက်က သတင်းမှသတင်း၊ တစ်ယောက်က အလှအပ၊ တစ်ယောက်က နည်းပညာ၊ တစ်ယောက်က မှုခင်းသတင်း၊ တစ်ယောက်က ကျန်းမာရေး၊ ကဲ… မခက်ချေဘူးလား။ အဲဒါကြောင့်ပြောပါတယ်။ စာဖတ်တာကောင်းတယ်။ စာအုပ်တွေ၊ ဂျာနယ်တွေလည်း ကောင်းကြတယ်။ အဲ… ဈေးနှုန်းတွေလည်း ကောင်းကြတယ်လေ။ (ဒါတောင် ပိုက်ဆံရှိပေမယ့် ၀ယ်ဖတ်လို့မရတဲ့ နေရာတွေအကြောင်း မပြောသေးပါဘူး။)

စာကြည့်တိုက်တွေကို အားကိုးရမလား
အမေရိကန်သမ္မတကြီး လင်ကွန်းဟာ ဘယ်နှမိုင်ဝေးတဲ့ နေရာမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်တွေ သွားငှားဖတ်တယ်။ မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးဟာ စာဖတ်ချင်လွန်းလို့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုဒုက္ခတွေကြားကနေ ခရီးအဝေးကြီးသွားပြီး စာဖတ်ခဲ့တယ်။ ဘယ်ပညာရှင်ကြီးဟာ သူ့ဘ၀ရဲ့ အချိန်အများစုကို စာကြည့်တိုက်ထဲမှာ မြှုပ်နှံထားခဲ့တယ် စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ ထောက်ပြကြ၊ ရေးသားကြမယ့်သူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့… သူတို့က သူတို့ပါခင်ဗျာ။ ဒီနေ့ခေတ်မှာ တစ်ပတ်လောက် အလုပ်မလုပ်ဘဲ စာကြည့်တိုက်ထဲမှာချည်း သွားထို်င်ပြီး စာဖတ်နေလို့ရှိရင် အဲဒီလူဟာ ပညာရှင်ကြီး၊ သူဌေးကြီး၊ နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်မဖြစ်တော့ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ တစ်ပတ်လောက် ဘာမှမစားဘဲ အာဟာရပြတ်ပြီး သေနိုင်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံရယ်မှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ လူတိုင်းလူတိုင်းဟာ နေ့စဉ်လှုပ်ရှားရုန်းကန်ပြီး ဘ၀တိုက်ပွဲ ၀င်နေကြရတာပါ။ နေ့စဉ် အလုပ်မလုပ်တဲ့လူဟာ သူ့ဘ၀ရပ်တည်ချက်အတွက် ခက်ခဲစေတဲ့ အချိန်ကာလကြီးပါ။ ဒါဖြင့် ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတွေက စာဖတ်နိုင်တာပေါ့လို့ ပြောစရာရှိပါတယ်။ မထင်လိုက်ပါနဲ့၊ ကျားကြီးရင် ခြေရာလည်း ကြီးတယ်လေဗျာ။

စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်လိုကွာ
ကဲ… နည်းနည်းလေး ဆက်စပ်ကြည့်ရအောင်ဗျာ။ စာကြည့်တိုက်တွေမှာ အဖိုးတန်စာအုပ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ အခမဲ့ ဖတ်ရှုနိုင်တယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ဖတ်ချင်တဲ့အခါ အဲဒီနေရာကို သီးသန့်သွားရတယ်။ မှတ်ပုံတင်ရတယ်။ ဟိုဖြည့်ဒီဖြည့်တွေ ဖြည့်ရတယ်။ တစ်ခါတလေမှာ ဟိုပေးဒီပေးတွေလည်း ပေးရတတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက စာကြည့်တိုက်တွေဟာ သွားချင်စရာ မကောင်းပါဘူး။ ကျွန်တော်ဆိုလိုတာက ဘယ်လိုလူပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ဖို့၊ မသောက်ဘူးဆိုရင်တောင် ခဏ၀င်ထိုင်ပြီး ရေနွေးကြမ်းသောက်ဖို့၊ တစ်ဆိုင်လုံး လူပြည့်နေရင်တောင် စားပွဲဝိုင်းတစ်ခုခုရဲ့ နေရာလွတ်တစ်ခုခုမှာ ဒီနေရာမှာ ထိုင်ပါရစေနော်ဆိုပြီး ခွင့်တောင်းပြီး ၀င်ထိုင်ဖို့ ၀န်မလေးကြပါဘူး။ လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တံခါးဖွင့်ထားတဲ့နေရာတစ်ခုလို့ ခံယူထားကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ဘယ်သူတွေထိုင်နေလို့ မသွားရဲဘူး၊ ဘယ်လိုလူမျိုးတွေပဲ အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်ကြတာ စတဲ့ သိမ်ငယ်စိတ်တွေ မရှိတတ်ကြပါဘူး။ ခပ်လွယ်လွယ်ပြောရရင် လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တကယ့်ကို ပြောမနာဆိုမနာ ငယ်ပေါင်းရောင်းရင်း ဘော်ဒါကြီးလို့ ခံစားမှတ်ယူကြတာပါပဲ။

အဲ… စာကြည့်တိုက်တွေကျတော့ အဲဒီလို မဟုတ်ဘူးခင်ဗျ။ သွားချင်စရာကောင်းတဲ့ အချက်အလက်တွေ နည်းပါးနေတတ်တယ်။ အကြောင်းအချက် အမျိုးမျိုးနဲ့ တသီးတခြား ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရဲ့ အားသာချက်တွေကို ပြောခဲ့ပြီးဖြစ်တဲ့အတွက် ဆက်စပ်စဉ်းစားပြီး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ဆိုတဲ့အတွက် စာကြည့်တိုက်တွေကို စော်ကားတာ မဟုတ်ပါဘူး။ စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင်ရဲ့ သဘောသဘာဝဟာ မတူကွဲပြားခြားနားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ စာကြည့်တိုက်ဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ စာဖတ်ရတဲ့နေရာ။ လက်ဖက်ရည်ဆိုင်ဆိုတာက အဲဒါနဲ့ ဆန့်ကျင်ဘက်။

ဆူညံလို့ စာဖတ်လို့မရတာမဟုတ်ဘူး၊ စာတကယ်မဖတ်လို့ ဆူညံနေတာ
ဒါပေမယ့် အဲဒီအယူအဆက တစ်သက်လုံး ကျွန်တော်တို့ ခံယူလာခဲ့တဲ့ အတွေးအခေါ်အဟောင်းကြီးပါ။ ကျွန်တော်ကတော့ အဲဒီအယူအဆကို ဆန့်ကျင်ပါတယ်။ စာကြည့်တိုက်ဆိုတာ ငြိမ်သက်ပြီး သရဲခြောက်မတတ် တိတ်ဆိတ်နေရမယ် ဆိုတဲ့အယူအဆကို လက်မခံပါ။ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးမှ စာဖတ်လို့ရတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်လက်မခံပါ။ ရထားတွေပေါ်မှာ၊ မြေအောက်ရထားတွေပေါ်မှာ၊ ဘတ်စ်ကားတွေပေါ်မှာ ခရီးသွားရင်း စာမဖတ်ကြဘူးလား၊ လက်ဖက်ရည်ဆိုင်မှာ စာမဖတ်ကြဘူးလား၊ ရှေ့တန်းစစ်မြေပြင်က ဗုံးသံတွေ၊ သေနတ်သံတွေကြားမှာ စာမဖတ်ကြဘူးလား။ ကျွန်တော့်အမြင်ကတော့ ဖတ်နေတဲ့စာထဲမှာ တကယ်ပဲ အာရုံဝင်စားနေတယ်ဆိုရင် အခြားသောအသံတွေဟာ အလိုလို အသံမဲ့နေပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ကလေးက တစ်နေရာတည်းမှာ ရှိနေဖို့ပဲ လိုတာပါ။

ဒါဖြင့်ရင် စာဖတ်ခြင်းဟာ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာလည်း လုပ်လို့ရတဲ့အလုပ်ပဲ။ စာဖတ်တာကို ဘယ်နေရာမှဖတ်မှ၊ ဘယ်လိုအနေအထားမှာဖတ်မှ၊ ဘယ်လိုအချိန်မှာဖတ်မှ စသည်ဖြင့် သတ်မှတ်မနေကြပါနဲ့။ အဲဒါတွေက အခွံအကာတွေသာ ဖြစ်ပါတယ်။ အနှစ်သာရက စာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖတ်ဖတ် စာဖတ်ဖြစ်ဖို့ကသာ အဓိကပါ။

ကျွန်တော့်အတွေးတွေ
မြို့တိုင်းရွာတိုင်းမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေကို လက်ဖက်ရည်ဆိုင်တွေနဲ့ တွဲဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေဘေးမှာ ဖွင့်လှစ်ရင် မကောင်းဘူးလား။ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်မယ့်အစား စာကြည့်တိုက်က ဂျာနယ်တစ်စောင်ကို ဆွဲယူဖတ်ရှုနိုင်တာပေါ့။ ရသမျှအချိန်လေးမှာ ပညာရပ်ဆိုင်ရာ စာအုပ်တစ်ခုခုကို လေ့လာနိုင်တာပေါ့။ ငြင်းရင်းခုံရင်းနဲ့ ကိုးကားစရာလိုလာရင် ဘေးနားမှာပဲ အလွယ်တကူ ရှာဖွေပြောဆိုနိုင်တာပေါ့။ ကဲ… အဆင်မပြေဘူးလား။ လက်ဖက်ရည်ဆိုင်က တကယ့်ဘော်ဒါကြီး၊ စာကြည့်တိုက်ဆိုတာက ရတနာသိုက်၊ အဲဒီနှစ်ခု ပူးပေါင်းမိတဲ့အခါ အကျိုးမဖြစ်ထွန်းနိုင်ဘူးလား။
bookstea.gif

အကျိုးရှိမယ်ဆိုရင် ကိုယ့်ပေါင်က အသားကိုတောင် လှီးထုတ်ရတယ်
တစ်ခါတလေမှာ စည်းကမ်းတွေ၊ ဘောင်တွေကို လျစ်လျူရှုသင့်ရင် ရှုရမယ်လို့ ကျွန်တော်ထင်ပါတယ်။ စည်းပျက်ကမ်းပျက် ဖြစ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဆိုပါတော့ လက်ဖက်ရည်ဆိုင်ဘေးမှာ စာကြည့်တိုက် ဖွင့်တဲ့အတွက် စာအုပ်တွေ ပေရေကုန်မှာ၊ စည်းကမ်းမရှိသူတွေကြောင့် ပျက်စီးပျောက်ဆုံးမှာ စတာစတာတွေကို စဉ်းစားနေမယ်ဆိုရင်တော့ ကျွန်တော့်အတွေးဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်း စာဖတ်ကြစေချင်တယ်။ ဖတ်လို့ရအောင်လည်း ဖန်တီးပေးကြစေချင်တယ်။ ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင် ပျက်စီးပျောက်ဆုံးသွားတာထက် လူတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ အဲဒီဂျာနယ်က အသိအမြင်တစ်ခုခု၊ အကျိုးကျေးဇူးတစ်ခုခု ရလိုက်တာက ပိုပြီးကျေနပ်စရာကောင်းတယ်၊ တန်ဖိုးထားအပ်တယ်လို့ မြင်မိပါတယ်။ မဆီမဆိုင်လို့ ဆိုရမလားပဲ။ တွေးမိတာတစ်ခုက မျက်နှာအစားထိုး ကုသတဲ့အခါ၊ လက်အစားထိုး ကုသတဲ့အခါမျိုးတွေမှာ ပေါင်ကအသားကိုလှီးပြီး အစားထိုးကုသတာကို သတိရမိတယ်။

ကျွန်တော့်အိပ်မက်
နိဂုံးချုပ်ပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တွေက စာကြည့်တိုက်ဆန်လာတဲ့အချိန်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေ တွဲဖွင့်နိုင်တဲ့အချိန်၊ ဒါမှမဟုတ် စာကြည့်တိုက်တွေက လက်ဖက်ရည်ဆိုင်ဆန်လာပြီး မွေ့လျော်ပျော်မွေ့ဖွယ် ကောင်းတဲ့နေရာတွေ ဖြစ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်နေမိကြောင်းပါခင်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
နေ့လည် ၃ နာရီ ၁၇ မိနစ်တွင်ပြီး၏။

1 comment:

  1. လ္ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွဲဖွင့်သင့်တယ် ဆိုတဲ့ အတွေးခေါ် ကောင်းတယ် ဗျ ။ စာကြည့်တိုက် ကိုသွားဖတ်ဖို့ဆိုရင် အချိန်သက်သက်ပေးရတာတွေ ၊ မန်ဘာဝင်ရတာတွေရှိတယ် ။ ဆိုတော့ သာမန်လူတန်းစားတွေအတွက်တသီးတသန့်ဆန်သွားတယ် ။အဲဒါကြောင့် အသိဥာဏ်တွေးခေါ် မှုဆိုင်ရာ တိုးတက်မှုမှာလည်းသီးခြားစီဖြစ်သွားတယ် ။ လူတန်းစားအားလုံး level up ဖို့ဆိုရင်တော့ အကို့အတွေးခေါ်တိုင်း တွဲဖွင့်တာက ပိုအဆင်ပြေလိမ့်မယ်ထင်တယ် ။

    ReplyDelete

 
Web Statistics