Monday, November 01, 2010

November ရောက်လေပြီ


အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး၊ တစ်လပြီးတစ်လ ဖြတ်သန်း၊ တစ်နှစ်ပြီးတစ်နှစ် ပြီးဆုံးသွားတာဟာ အထူးအဆန်းကိစ္စတော့ မဟုတ်ပါဘူး။ ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်ဆုံးသွားလိုက်တာ အခုဆိုရင် ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလကိုတောင် ရောက်လာခဲ့ပါပေါ့။

နိုဝင်ဘာလဆိုတာ အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ၁၁ ခုမြောက် “လ” ပေါ့။ ဘာမှ မထူးဆန်းပါဘူး။ အဲ... အဲဒီလက မထူးဆန်းပေမယ့် အဲဒီလအတွင်းမှာ ရေးထိုးကြမယ့် သမိုင်းမှတ်တမ်းတွေ၊ အဖြစ်အပျက်တွေ၊ ပုံရိပ်တွေကတော့ စိတ်ဝင်စားစရာတွေ၊ ပျော်ရွှင်စရာတွေ၊ တသသဖြစ်စရာတွေ၊ စတဲ့စတဲ့ ရင်ခုန်မှုများစွာနဲ့ အသက်ဝင်နေမှာပါ။ နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်း တွင်ကျန်ရစ်ဦးမှာပါ။

စကားတွေမရှည်ဘဲ လိုရင်းကို ပြောကြရအောင်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဟာ စိတ်ဝင်စားစရာအတိ၊ စိတ်လှုပ်ရှားစရာ အတိပြီးတဲ့ လတစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲ? လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲကြီး ကျင်းပမယ့် အခါသမယ ဖြစ်လို့ပါပဲ။ စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ ၂၀၁၀ ပြည့်နှစ်ရဲ့ နိုဝင်ဘာလဟာ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ သမိုင်းမှတ်တိုင်တစ်ခုကို အခိုင်အမာ စိုက်ထူတော့မှာ အသေအချာပါပဲ။ လက်ရှိမှာ နိုင်ငံတော်တာဝန်ကို ယူထားရတဲ့ တပ်မတော်အစိုးရက ကြီးမှူးကျင်းပပေးမယ့် ဒီရွေးကောက်ပွဲကြီးကို နိုင်ငံတကာကလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ... ဒီရွေးကောက်ပွဲဟာ မြန်မာတွေအတွက်တော့ အလှည့်အပြောင်းတစ်ခုပါပဲ။

ကာလကြာရှည် အုပ်ချုပ်ရေးစနစ်တစ်မျိုးနဲ့ အုပ်ချုပ်လာခဲ့ရာက ရွေးကောက်ပွဲအပြီးမှာ ပေါ်ပေါက်လာမယ့် လွှတ်တော်တွေကတစ်ဆင့် အုပ်ချုပ်ရေးစနစ်သစ်တစ်မျိုးနဲ့ ပြောင်းလဲအုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာက ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် အမတ်တွေအပေါ်မှာ မူတည်ပါတယ်။ သူတို့တွေရဲ့ စေတနာမှန်နဲ့ ကြိုးစားမှုတွေသာ ဖြစ်တည်ခဲ့မယ်ဆိုရင် မြန်မာပြည်သူတွေအတွက် တိုးတက်ဖွံ့ဖြိုးမှု အသီးအပွင့်တွေ ခံစားလာရမယ်လို့ ယုံကြည်ပါတယ်။

အဲဒီလို ယုံကြည်ဖို့အတွက် မဲပေးခွင့်ရှိတဲ့ ပြည်သူတွေအားလုံး မိမိတို့အကျိုးစီးပွားကို အမှန်တကယ် ထမ်းဆောင်ပေးနိုင်တယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးရွေးချယ်ကြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်တော့ မဲမပေးဘူး၊ ဘေးထိုင်ဘုပြော လုပ်နေပြီးကာမှ တက်လာတဲ့အစိုးရကို မကောင်းဘူးပြော၊ အပုပ်ချမယ်ဆိုရင်တော့ မဲပေးခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို စော်ကားရာ ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ သဘောသဘာဝအရ လူအများစုက ရွေးကောက်တင်မြှောက်လိုက်တဲ့သူကို မိမိသဘောမကျလျှင်သော်မှ လက်ခံပေးရပါလိမ့်မယ်။ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် တစ်နိုင်ငံလုံးက ကြိုက်နှစ်သက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အများစုက လက်ခံသဘောကျတဲ့အတွက် သူ့ကို သမ္မတအဖြစ် အသိအမှတ်ပြု လက်ခံရပါတယ်။ ဒါဟာ... ဒီမိုကရေစီရဲ့ သဘောသဘာဝပါပဲ။

ကိုယ်တိုင် မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အများပြည်သူရဲ့ မဲပေးရွေးချယ်မှုအရ ဖြစ်ပေါ်လာမယ့် အမတ်တွေ၊ လွှတ်တော်တွေ၊ အကြီးအကဲတွေနဲ့ အစိုးရသစ်ကိုတော့ လက်ခံအသိအမှတ် ပြုပေးရပါလိမ့်မယ်။

သင်ကြိုက်တဲ့လူကို သင် မဲပေးနိုင်တဲ့ အခွင့်အရေး သင့်လက်ထဲမှာ ရှိနေပါတယ်။
မြန်မာ့သမိုင်းရဲ့ အထင်ကရ မှတ်တိုင်တစ်ခုမှာ ကိုယ်တိုင်ပါဝင် မဲထည့်ခဲ့တယ်ဆိုတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခွင့် သင့် လက်ထဲမှာ ရှိနေပါတယ်။

မဲပေးဖို့ ဘယ်လောက်မှ မလိုတော့ပါဘူး။ ဘယ်သူ့ကို ရွေးချယ်ပြီး မဲပေးမလဲဆိုတာ ဆုံးဖြတ်ထားပါတော့။ ဘယ်သူတွေဟာ တကယ် အလုပ်လုပ်နေသလဲ၊ ဘယ်သူတွေဟာ ပြည်သူ့အကျိုးကို လိုလားသလဲ။ အရွေးမမှားဘဲ မှန်မှန်ကန်ကန်ဖြစ်အောင် လေ့လာပါ၊ စုံစမ်းပါ၊ မဲထည့်ပါ။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို သူကတော့ ကောင်းအောင်လုပ်ပေးမယ် ထင်ပါရဲ့ဆိုပြီး မဲမထည့်မိပါစေနဲ့။ သူ့အကြောင်းကို သေသေချာချာ သိမှသာ မဲထည့်ပေးပါ။

ကဲ... မဲထည့်ဖို့ ပြင်ဆင်ဆုံးဖြတ်ထားကြရအောင်ပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

5 comments:

  1. ကိုဉာဏ်
    ခင်ဗျားဗျာ နှိုင်းစရာရှားလို့ အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ။ ရေးပြီးသားဆိုတော့လဲ ဒီတချက်ကလေးတော့ ပြင်ရေးစေချင်ပါတယ်။ " အများစုက " ဆိုတဲ့အစား " မဲဆန္ဒရှင် အများစုက လက်ခံသဘောကျတဲ့အတွက် " လို့။
    ကျွန်တော်တခုစဉ်းစားမိတယ် တချို့နိုင်ငံတွေမှာ မြို့ပြ ရာထူးငယ်တွေ ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံတဲ့ကိုယ်စားလှယ်လောင်းတွေ စာရင်းတွေထဲ ကိုယ့်သိတဲ့ အရည်အချင်းပြည့်မှီတဲ့ ကိုယ်စားလှယ်လောင်း မပါရင် ကိုယ့်စိတ်ကြိုက် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တဦးကို write in လုပ်ပြီး တင်မြှောက်လို့ရသဗျ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ အဲသလိုလုပ်ကြရင်ဖြင့် (၁) မဲ မထည့်သူ၊ ရွေးကောက်ပွဲ သပိတ်မှောက်တဲ့သူ ရှိမှာမဟုတ်တော့ဘူး (၂) သပိတ်မှောက်ပြီး ၀င်အရွေးမခံသူလည်း မရှိနှိုင်တော့ဘူး။ ၀င်မပြိုင်လည်း မဲဆန္ဒရှင်တွေက တင်မြှောက်လိုက်ပြီလေ။ (၃)ဒီ ရွေးကောက်ပွဲဟာ တရားမျှတလို့ ခင်ဗျား နှိုင်းယှဉ်သလိုဆိုရရင် အမေရိကန် သမ္မတရွေးကောက်ပွဲဆိုတာ မြောင်းထဲမှာ။ ယှဉ်ကြည့်ဖို့ တောင်မသင့်ဘူး။
    လေးစားလျှက်
    ssy

    ReplyDelete
  2. Anonymous3:29 PM

    Nothing going to change

    ReplyDelete
  3. မင်းထင်6:32 PM

    ဟိုက်ရှားဘား....
    လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးလို့ ဆိုပါလား။ ဘယ်ပုံလွတ်လပ်ပြီး ဘယ်နည်းနဲ့ တရားမျှတနေတာလဲဗျ။ အော် ..ကိုဉာဏ် ကိုဉာဏ် ။ စာတော်တော်ဖတ်တာပဲလို့.. သူများအတွက်လည်း အချိန်ပေး အပင်ပန်းခံပြီး ပြန်မျှနေတာပဲ လို့ရယ် တလေးတစားဖြစ်နေတုန်း ရှိသေးဗျာ။
    ကဲဗျာ ။ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခွင့် ရှိနေပြီ ဆိုတဲ့ ကိုဉာဏ်ကရော ဘယ်ပါတီကို ယုံယုံကြည်ကြည် မဲပေးမယ်လို့ ဆုံးဖြတ်ထားသလဲ။ ငါကတော့ ဒီပါတီကိုပဲဟေ့လို့ ရဲရဲကြီး ကြေငြာနိုင်မလားလို့ပါ။ ဘာကြောင့် ဘယ်လိုအချက်တွေကြောင့် ဒီပါတီလဲ ဆိုတဲ့အကြောင်းလေးပါ သိရရင်ကောင်းတာပေါ့ဗျာ။
    တကယ်တော့ ၁၉၉၀ က စတွက်ရင် အသက်လည်း ပြည့်မှီတယ်ဆို လူအခွင့်အရေးအပြည့်ရှိတဲ့ နိုင်ငံသားတယောက်ဟာ အနည်းဆုံး ၃ ကြိမ်တော့ မဲပေးဖူးပြီးလောက်ပြီဗျ။ ထားပါလေ ။ စောင့်ကြည့်ပါဦးမယ်။

    ReplyDelete
  4. Anonymous8:11 AM

    ကိုဉာဏ် ကလည်း..ရုရှားမှာ..စာသင်လာခဲ့တဲ့ တပ်ထဲကတစ်ယောက်ပဲဗျာ..။သူ့လူ သူ့ဘက်တော်သားမို့လို့လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးလို့ ဆိုတာပေါ့..။

    ReplyDelete
  5. ကိုဥဏ်
    ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သဘောထားကွဲလွှဲကြတာဟာ ဒီမိုကရေစီရဲ့ လက္ခဏာတခုပါ။ ဒီတချက်ကလွဲပြီး ကိုဥဏ် blog ကို လေးလေးစားစား ဖတ်နေမဲ့ စာဖတ်ပရိဿတ် တယောက်ပါ။
    အထက်က ဦးမင်းထင်မေးသလို ဘယ်ပါတီကိုမဲပေးမှာလဲ ? ဆိုတဲ့မေးခွန်းမျိုး ကျွန်တော်သာဆိုရင် မဖြေဘူး။ ဆန္ဒမဲဟာ လှို့ဝှက်ရမှာမို့လို့ ဘယ်ပါတီဝင်ကိုယ်စားလှယ်ကို မဲပေးမှာထက် ဘယ်ပါတီဝင် ဘယ်ကိုယ်စားလှယ်ကိုတော့ဖြင့် မဲ မပေးဘူး။ ဘာအကြောင်းရင်းကြောင့်ဆိုပြီးတော့ လို့ပဲဖြေမယ်။ ဒါမှလည်းပဲ အဲဒီကိုယ်စားလှယ်က မဲဆန္ဒနယ်ပြည်သူလူထုလိုအပ်ချက်ကိုသိပြီး ဖြည့်ဆည်းပေးမှ ရွေးချယ်ခံရ၊ကိုယ်စားပြုခွင့်ရမှာပေါ့။
    ကဲ ကျွန်တော်အရင်စမယ်ဗျာ။ (၁) တစညပါတီဝင် ကိုယ်စားလှယ်ဖြစ်ပြီး (၂) ဟောပြောပွဲတိုင်း ပါတီရဲ့သမိုင်းအကျဉ်း၊ မိမိကိုယ်ရေးရာဇ၀င်အကျဉ်းနဲ့ နိဋ္ဌါန်းပျိုးပြီး (၃) ၁၉၇၄မတိုင်မီ၊ ၁၉၇၄-၁၉၈၈ အတွင်း၊ ၁၉၈၈-၂၀၁၀ အတွင်း မိမိရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုကို သုံးသပ်ကာ ရွေးချယ်ခံရပါက အတိတ်က အမှားမျိုးနောက်ထပ် မဖြစ်စေမည့်အကြောင်း နိဂုံးချုပ် ဂတိမပေးနှိုင်ရင် ကျွန်တော့မဲ မရနှိုင်ဘူး။
    ကျွန်တော်ဒီလိုရေးလို့ ပြဿနာတက်လိမ့်မယ်ထင်သလား ? သူတို့ဆီကဘာကိုမျှော်လင့်နေတာ ဆိုတာရေးလိုက်လို့ ( စာရေးဆရာအဆိုအရ ကုန်ကြမ်းရှာပေးလိုက်လို့ ) ဆိုပြီး ကျေးဇူးတင်နေလိမ့်မယ်။
    ဒါပေမဲ့ စိတ်ကြိုက်က ဒီကနေ့အထိ တော့ မတွေ့သေးပါဘူး။ ထမင်းထုပ်လား ? သိုးလို့ လွှင့်ပြစ်လိုက်တာ ကြာလှပြီ။
    လေးစားလျှက်
    ssy

    ReplyDelete

 
Web Statistics