Tuesday, February 15, 2011

ဆရာ မောင်စူးစမ်း စာရေးခြင်းမှ အနားယူပြီ


mgsusanmyanmarthway.jpg

အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများတွင် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင်၊ ဆောင်းပါးများစွာ ရေးသားခဲ့သည့် ဆရာကြီး မောင်စူးစမ်းသည် စာရေးသားခြင်းမှ အနားယူပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်ထုတ် The VOICE ဂျာနယ်တွင် ဖတ်ရှုလိုက်ရသည်။

ဆရာ့ဆောင်းပါးများကို တခုတ်တရ မက်မက်မောမော စောင့်မျှော်ဖတ်ရှုနေသည့် စာဖတ်ပရိသတ်တစ်ဦး အနေဖြင့် အင်မတန်မှ စိတ်ညစ်သွားစေသည့် ၀မ်းနည်းသွားစေသည့် သတင်းဖြစ်ပါသည်။ အခြားသော စာရေးဆရာများနှင့် မတူခြားနားသည့် အတွေးအမြင်၊ အယူအဆ၊ အရေးအသားများဖြင့် စာဖတ်သူများ၏ ဦးနှောက်ကို မုန်တိုင်းထန်စေတတ်သည့် စာရေးဆရာတစ်ဦး၏ စာများကို မဖတ်ရတော့သည့်အတွက် တစ်ခုခု လိုအပ်သလို ဖြစ်သွားတာတော့ သေချာသည်။

အသက် ၈၄ နှစ် ဆိုသောအရွယ်သည် ငယ်တော့သည်မဟုတ်။ ကျွန်တော်တို့တွေ ဒီလောက်အသက်အရွယ်အထိ နေထိုင်ရှင်သန်ရပါ့မလား၊ နေထိုင်ရှင်သန်ခွင့် ရသည်ဆိုလျှင်တောင် သူ့လိုမျိုး အလုပ်တွေ လုပ်နိုင်ပါ့မလား စဉ်းစားလို့မရ။ အသက် ၈၀ ကျော်အထိ စာဖတ်ပရိသတ်များအတွက်၊ တစ်နည်း နိုင်ငံနှင့်လူမျိုးအတွက် တွေးတော ဆင်ခြင် မှတ်သား လိုက်နာဖွယ် အကြောင်းအရာမျိုးစုံကို ရေးသားပေးခဲ့သည့် ဆရာ့စေတနာကို ဘယ်လိုမှ လျစ်လျူရှုမထားနိုင်။ အသိအမှတ်ပြုမိသည်။ ချီးကျူးမိသည်။ အတုယူမိသည်။ လေးစားမိသည်။ အားကျမိသည်။ ဝေဖန်မှုလှိုင်းလုံးများကြားမှာ တစ်ချက်မှ နောက်မတွန့်ဘဲ ကိုယ်ယုံကြည်သည့်အတိုင်း ရေးသားခဲ့၊ ဝေမျှခဲ့သည့် ဆရာ့သတ္တိကလည်း ရှာမှရှား။ အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် ဆရာရေးသားခဲ့သည့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများသည် စာဖတ်ပရိသတ်များကြားတွင် ပြောစမှတ်ဖြစ်ရ၊ ငြင်းခုန်ရသည်သာမက စာရေးဆရာ အချင်းချင်းတွင်လည်း အမြင်မတူ၊ အယူအဆ မတူသူများက အမျိုးမျိုး ဝေဖန်ပုတ်ခတ် ခဲ့ကြသည်ကို တွေ့ရှိရသည်။ ဘယ်သူမှားသည် မှန်သည်ကတော့ သမိုင်းကသာ အဖြေပေးသွားပါလိမ့်မည်။ ဆရာရေးသားခဲ့သည်များသည် မှတ်တမ်းအဖြစ် ကျန်ရစ်နေခဲ့ပြီး ဖြစ်သည်။ ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးရေစီးသည် ဆရာတွေးထင်ခဲ့သလို၊ မှန်းဆခဲ့သလို၊ ကြိုတင်နိမိတ်ဖတ်ခဲ့သလို ဟုတ်သည်/မဟုတ်သည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။ ယခုပင် အချို့အချက်များသည် ရုပ်လုံးပေါ်စ ပြုလာသည်ကို တွေ့ရသည်။ ထားတော့... ပြောလိုသည်က ဆရာမောင်စူးစမ်း စာမရေးတော့ဘူးတဲ့။ စာဖတ်ပရိသတ်များအတွက် ၀မ်းနည်းရပါသည်။

စာမရေးတော့နိုင်သော်လည်း ဆရာ စာတွေဖတ်နိုင်ဦးမည် ထင်ပါသည်။ စာတွေဖတ်ရင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အသက်ရာကျော် နေထိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့။
ညနေ ၃ နာရီ ၀၂ မိနစ်။

2 comments:

  1. Anonymous4:16 PM

    အို - နေပြည်တော် ဗိုလ်ချုပ်ကြီးတို့ မစိုးရိမ်ကြလင့်။ ဆရာကြီး အတွင်းအား ပျက်ယွင်းသော်လည်း နိုင်ငံတော်အတွက် အလုပ် လုပ်နိုင်သေးသည်။ ဆရာကြီး စာပြန်ရေးမည်ဟု စိတ်ပြောင်းနိုင်သည်။ သို့တည်းမဟုတ် ပြောချင်တာ လျှောက်ပြောပြီး အသံသွင်းကာ ဂျာနယ်တိုက်သို့ ပို့နိုင်သေးသည်။ ထို့ပြင် အသံထွက်ဆောင်းပါး ဗွီစီဒီ ဒီဗွီဒီများ ဟောတချပ် ဟောတချပ် ပေါ်လာနိုင်သေးသည်။

    ထောင်စော်နံသည့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ အများအပြားက ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို စောင့်ကြည့်ပါ၏။ စိတ်မထိန်းနိုင်သူများက ဆဲကြသည်။ ပျစ်ပျစ်နှစ်နှစ် ကလော်တုပ်ကြသည်။ စိတ်ထိန်းနိုင်သူများလည်း ဆဲကြသည်။

    ဤစာစု နိဂုံးချုပ်ရလျှင် ဆရာကြီး စာ မရေးတော့ပေ ဟု သတင်းက ဆိုလေသည်။ သို့သော်လည်း ဆရာကြီး၏ ဂျာနယ်ဆောင်းပါးများကို အများအပြားက ဖတ်ဆဲပင်။ တကယ်ပင် အများက ဖတ်ဆဲပင်။

    ဟုတ်သည်။

    ဖတ်ကြသည်။ ပြီးတော့

    ဆဲကြလေသတည်း။

    ReplyDelete
  2. Anonymous4:16 PM

    sauk yuu suu sann, sauk yuu ko nyan

    ReplyDelete

 
Web Statistics