Thursday, February 10, 2011

ဤဟာသများကိုဖတ်ပြီး အော်ကြီးဟစ်ကျယ် မရယ်ရ


လွန်းပျံဒီပလိုမေစီ (Shuttle Diplomacy)
သတင်းထောက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်းဂျားတို့ စကားပြောနေကြသည်။

"မစ္စတာကစ်ဆင်းဂျားခင်ဗျား...၊ လွန်းပျံဒီပလိုမေစီကို အစပျိုးသူအဖြစ်နဲ့ လူကြီးမင်းကို အများက သိထားကြပါတယ်၊ ဒီလွန်းပျံသံတမန်နည်းရဲ့ သဘောကို ဥပမာပေးပြီး ရှင်းပြစေချင်ပါတယ်ခင်ဗျ။"

"လွယ်လွယ်လေးပါ၊ ဆိုကြပါစို့၊ သန်းကြွယ်သူဌေးကြီး ရော့ခ်ဖဲလားဆီ ကျွန်တော်သွားပြီး "မစ္စတာ ရော့ခ်ဖဲလား၊ ခင်ဗျားရဲ့သမီးကို ရုရှားနိုင်ငံ၊ ဆိုက်ဘီးရီးယားဒေသက ရုရှားယောက်ျားကြီးနဲ့ မပေးစားချင်ဘူးလား" လို့ မေးလိုက်တယ်၊ သူက ပြန်ပြောတယ်"

"တောက်တီးတောက်တဲ့၊ ခင်ဗျားကလည်း ပြောရော့မယ်"

"အဲဒီ ဆိုက်ဘီးရီးယားသားဟာ ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်ဆိုရင်ကော"

"ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့"

"ဒီစကားကို ရထားပြီဆိုရင် နောက်လုပ်ရတာ လွယ်သွားပြီ၊ ကျွန်တော် ဆွစ်ဇာလန်ဘဏ်ကို သွားတယ်"

"ဆိုက်ဘီးရီးယားသားကို ခင်ဗျားတို့ဘဏ်ရဲ့ ဖောက်သည်အဖြစ်နဲ့ လက်ခံမလား" လို့ မေးလိုက်တယ်။

"ဒေါ်လာတစ်သန်း အနည်းဆုံး အပ်တဲ့လူကိုသာ ဖောက်သည်အဖြစ်နဲ့ ကျွန်တော်တို့ လက်ခံတာပဲ၊ မဖြစ်နိုင်ပါဘူး"

"သူဟာ ရော့ခ်ဖဲလားရဲ့ သားမက်ဆိုရင်ကော"

"ဟာ... ဒါဆို တစ်မျိုး စဉ်းစားရမှာပေါ့"

"အဲဒီနောက်မှာ ကျန်တာတွေအားလုံး အသေးအမွှား ဖြစ်သွားပြီ။ ကျွန်တော်ဆိုက်ဘီးရီးယားသား ကိုဗလဆီ သွားတယ်"

"သာမန် အမေရိကန်အမျိုးသမီးတစ်ယောက်ကို ဇနီးမယားအဖြစ်နဲ့ မယူချင်ဘူးလား" လို့ မေးလိုက်တယ်။

"ဖူး၊ ဘာလုပ်ဖို့လဲ"

"အဲဒီ အမျိုးသမီးရဲ့ အဖေဟာ ရော့ခ်ဖဲလားသူဌေးကြီး ဆိုရင်ကော"

"ဟာ...၊ ဒါဆို တစ်မျိုးစဉ်းစားရမှာပေါ့"

"အဲဒီနောက်မှာတော့ အလွယ်တကာ့အလွယ်ဆုံးပဲ ကျန်တော့တယ်။ ကျွန်တော် ရော့ခ်ဖဲလားရဲ့ သမီးဆီလာပြီး ဆွစ်ဇာလန်ဘဏ်ရဲ့ ဖောက်သည်တစ်ယောက်ကို လက်မထပ်ချင်ဘူးလား လို့ မေးလိုက်တယ်"

"ဖူး၊ ဘာလုပ်ဖို့လဲ"

"အဲဒီလူဟာ တုတ်ခိုင်ထွားကျိုင်းတဲ့ ဆိုက်ဘီးရီးယားသား ရုရှားယောက်ျားဖြစ်နေရင်ကော"

"ရပ်စ်ပူတင် တို့ အမျိုးပေါ့၊ အဲဒါဆို ကြိုက်ပြီ"

* * * * *
[ Rasputin G (1872-1916) - ဗေဒင်ဆရာ၊ ဆေးဆရာအဖြစ်နှင့် ရုရှားဇာဘုရင် ဒုတိယမြောက် နီကိုလိုင်အပေါ် အထူးသြဇာညောင်းခဲ့သူ၊ သာမန် ယောက်ျားထက် ထူး သောကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် သမိုင်းတွင် အမည်တွင်ရစ်သူ ]

တစ်မဲထဲရယ်
နေမကောင်းဖြစ်၍ ဆေးရုံသို့ တက်ရောက်ကုသနေရသော ဟော်လန်ပါလီမန်အမတ်ထံ ကြေးနန်းတစ်စောင် ရောက်ရှိလာသည်။ ကြေးနန်းစာမှာ ဤသို့ဖြစ်သည်။

"လူကြီးမင်း အမြန်ဆုံး ကျန်းမာလာစေရန် ပါလီမန်မှ ဆုတောင်းလိုက်ပါသည်။ ထောက်ခံမဲ - ၁၇၀၊ ကန့်ကွက်မဲ - ၁၆၉"

အကောင်းမြင်၊ အဆိုးမြင်
အကောင်းမြင်သမားနှင့် အဆိုးမြင်သမားတို့ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ရှေ့အလားအလာ လုံးဝမကောင်းဟု နှစ်ယောက်စလုံး သဘောညီကြသည်။

အကောင်းမြင်သမားက ပြောသည်။
"ဒီလို ငွေဖောင်းပွမှုနှုန်းနဲ့ဆိုရင် မကြာခင် တောင်းစားကြရလိမ့်မယ်"

အဆိုးမြင်သမားက အံ့သြစွာ ပြန်မေးသည်။
"တောင်းစားရမယ် ဟုတ်လား၊ ဘယ်သူ့ဆီကတုန်း"

ကိုယ်နဲ့မဆိုင်ရင် ခေါင်းရှုပ်မခံဘူး
ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ်၊ အမေရိကန်သမ္မတ ဘုရှ်နှင့် ပြင်သစ်သမ္မတ မီးထရောင်းတို့သုံးဦး မိမိတို့ သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမားလစာနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်နေကြသည်။

မီထရောင်းက ပြောသည်။
"ကျွန်တော်တို့ဆီက အလုပ်သမားဟာ တစ်လကို ဖရန့်ငွေ နှစ်ထောင် ရတယ်၊ တစ်ထောင်ကို အိမ်ခန်းခ၊ စားစရိတ်နဲ့ တခြား အသေးသုံးစရိတ်တွေအတွက်သုံးတယ်၊ ကျန်တစ်ထောင်ကို သူတို့ ဘယ်မှာသုံးသလဲ ကျွန်တော်မသိဘူး၊ ကျွန်တော်နဲ့လည်း မဆိုင်ဘူး"

ဘုရှ်က ပြောသည်။
"ကျွန်တော်တို့ အမေရိကန် အလုပ်သမားဟာ တစ်လကို ဒေါ်လာ နှစ်ထောင် ရတယ်။ အိမ်ခန်းခ၊ စားစရိတ်နဲ့ မော်တော်ကား ၀ယ်စီးတဲ့အတွက် ဒေါ်လာတစ်ထောင် ကုန်တယ်။ ကျန်တစ်ထောင် ဘယ်ရောက်သွားသလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါ သူတို့ ပြဿနာပဲ"

ဂေါ်ဘာချော့ဗ်က ပြောသည်။
"ကျွန်တော်တို့ ဆိုဗီယက်အလုပ်သမားဟာ တစ်လကို ရူဘယ်လ် ငါးရာ ရတယ်။ နောက်ထပ် တစ်ထောင့်ငါးရာကို သူတို့ ဘယ်က ယူသလဲဆိုတာ ကျွန်တော် မသိဘူး၊ ဂရုလည်း မစိုက်ဘူး။ ဒါ သူတို့ ပြဿနာပဲ"

* * * * * * *
မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာထဲက ထုတ်နုတ်ပေးထားတာပါ။ အခုတလော နိုင်ငံရေးနဲ့ သက်ဆိုင်တာတွေပဲ အာရုံကျနေတဲ့အတွက် နိုင်ငံရေးနွယ်တဲ့ ဟာသလေးတွေကိုပဲ တင်ပေးလိုက်တာပါ။ စဉ်းစားရင်း တွေးရင်းဖြင့် ရယ်မောပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။ - - - - - - ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment

 
Web Statistics