Tuesday, March 22, 2011

ကြားမိတွေးမိသမျှ သတင်းများ


(၁)
နေ့စဉ်ထုတ် မြ၀တီရောင်စုံသတင်းစာကို မတ်လ ၂၇ ရက်နေ့မှစပြီး ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ပုဂ္ဂလိကသတင်းစာများရဲ့ ရှေ့ပြေးလို့ ယူဆပါတယ်။ လှိုက်လှိုက်လှဲလှဲ ၀မ်းပန်းတသာ ကြိုဆိုလိုက်ပါတယ်။ အောင်မြင်ပါစေ မြ၀တီသတင်းစာ။

(၂)
မကြာမီရက်ပိုင်းအတွင်းမှာ နိုင်ငံတော်သမ္မတသစ် ကျမ်းကျိန်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဘယ်လောက်ပဲ နိုင်ငံရေးကို စိတ်မ၀င်စားဘူးလို့ ဆိုကြသူတွေ ဖြစ်ပါစေ၊ နိုင်ငံတော်သမ္မတသစ် ကျမ်းကျိန်မှာကိုတော့ စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ အခုအချိန်မှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေပြီဖြစ်တာကြောင့် ဥပဒေပြုရေးအာဏာအနေနဲ့ ပီပီပြင်ပြင် ရုပ်လုံးပေါ်စ ပြုလာပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့အတွက် စိတ်ဝင်စားနေကြတာ ဖြစ်နိုင်ပါတယ်။ သမ္မတသစ် ကျမ်းကျိန်ပြီးတဲ့အခါ အခုလက်ရှိ နိုင်ငံတော်တာဝန်ကို ယူထားကြသူတွေက အစိုးရသစ်ကို အုပ်ချုပ်ရေးအာဏာတွေ လွှဲပြောင်းပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါ နိုင်ငံတော်သမ္မတသစ်၊ ဒုတိယသမ္မတသစ်များ၊ အစိုးရအဖွဲ့သစ်တို့နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးလမ်းဟာ စိတ်ဝင်စားစရာအတိပဲ ဖြစ်ပါတယ်။ အဓိကခက်မသုံးဖြာဖြစ်တဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာအရပ်ရပ်ကို ပါဝင်ပုံဖော်နေကြသူများအားလုံး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးကို အစဉ်ရှေ့ရှုပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကလည်း ကျရာနေရာမှ ပါဝင်ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရကြောင်းပါခင်ဗျား။

(၃)
ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တစ်ဦးမေးမြန်းတဲ့ လက်ရှိအချိန်အထိ လက်နက်စွဲကိုင်ပြီး ဥပဒေပြင်ပမှာရောက်ရှိနေတဲ့ လက်နက်ကိုင် သောင်းကျန်းသူများအရေး၊ စစ်ပြေးဒုက္ခသည်များ အရေးနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေရှင်းတင်ပြခဲ့တာကို သတင်းမှာ နားထောင်ခဲ့ရပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းသလို အင်မတန်မှလည်း တွေးစရာကောင်းတဲ့ အဖြေဖြစ်ပါတယ်။ အဓိက,ကတော့ ဒုက္ခသည်စခန်းအမည်ခံပြီး လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ အဆက်အနွယ်တွေ အဓိကကျင်လည်လှုပ်ရှားနေတဲ့ ဒေသတွေဟာ အိမ်နီးချင်းနိုင်ငံရဲ့ မမှန်ကန်တဲ့ အားပေးကူညီမှုတွေကြောင့် (အိမ်နီးချင်းကောင်း မပီသမှုကြောင့်) ယနေ့အထိ ရပ်တည်နေနိုင်သေးတာ ဖြစ်ပါတယ်။ ၀န်ကြီးက ဖြေရှင်းရာမှာ တစ်ချိန်အခါ ဗကပတွေ ခေါင်းထောင်ခဲ့စဉ်က ယခုသောင်းကျန်သူတွေထက် ပိုမိုအင်အားကြီး ဆိုးဝါးခဲ့ပေမယ့် အိမ်နီးချင်း (တရုတ်) နိုင်ငံရဲ့ မိတ်ဆွေစစ်ပီသမှုကြောင့် ဗကပတွေကို တွန်းလှန်နိုင်ခဲ့ပုံကိုလည်း ထည့်သွင်းပြောကြားသွားတာ တွေ့ရပါတယ်။ ဒါတွေက ကျွန်တော်မှတ်မိသမျှ ပြန်ရေးပြတာပါ။ ဖြစ်နိုင်ရင် ဦးကျော်ဆန်းရဲ့ ရှင်းလင်းချက်ကို ရှာဖတ်ကြည့်စေချင်ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ ကိုယ်စားလှယ်ရဲ့ မေးခွန်းကို ဦးကျော်ဆန်းက ဖြေကြားပြီးတဲ့အချိန်မှာ လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ်များအားလုံးက သဘောကျ ကျေနပ်ခဲ့ကြရတဲ့ အဖြေတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတိုးတက်မှုကို အနှောင့်အယှက်တစ်ခုသဖွယ် ဖြစ်နေတဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေ အမြန်ဆုံးချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းဝေစည်နိုင်ပါစေကြောင်း ဆုတောင်းနေရကြောင်းပါ။

(၄)
ဂျပန်မှာဖြစ်ခဲ့တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံမှာပဲ အက်ဆစ်မိုးတွေ ရွာမလိုလို ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အခုတော့ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့လူမျိုးတွေဟာ ထစ်ခနဲရှိရင် သူများပြောသမျှ ယုံတတ်ကြတဲ့ အကျင့်ဆိုးကြီးကို ဖျောက်သင့်နေကြပါပြီ။ ဘာမှန်းမသိ၊ ညာမှန်းမသိဘဲ ကိုယ့်ဖုန်းထဲကို ၀င်လာတဲ့ မက်ဆေ့ခ်ျမှန်သမျှကို ဖော်ဝက်(ဒ်)လုပ်နေကြတာတွေ စဉ်းစားသင့်ကြပါပြီ။ ကောလာဟလတစ်ခုဟာ ဘယ်လောက်အထိ ဆိုးဝါးသွားစေနိုင်တယ်ဆိုတာကို သတိပြုသင့်ကြပါတယ်။ ကိုယ့်ခေါင်းနဲ့ကိုယ် ဘာမှမစဉ်းစားတော့ဘဲ သူများကပြောတိုင်း ယုံတတ်ကြတာ တုံးလွန်းရာကျပါတယ်။ အရာတိုင်းမှာ ကိုယ်က မသိနိုင်၊ မတတ်နိုင်ဘူးဆိုတာ လက်ခံပါတယ်။ ဒါဆိုရင်လည်း တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ပြောတဲ့အထိတော့ စောင့်သင့်ကြပါတယ်။ ဘယ်သူရေးမှန်းလည်းမသိ၊ ဘယ်သူပြောမှန်းလည်းမသိတဲ့ ဟုတ်နိုးနိုးသတင်းတွေကြောင့် တည်ငြိမ်မှုတွေ ပျက်ပြားသွားရရင် မကောင်းပါဘူး။ ဒီအက်ဆစ်မိုးကိစ္စတစ်ခုတည်းကို ပြောနေတာမဟုတ်ပါ။ ဖြစ်လာလတ္တံ့သော ကိစ္စများကို ကြိုတင်ရင်မောစွာဖြင့် ပြောမိခြင်းဖြစ်ကြောင်းပါခင်ဗျား။

စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေဟု...

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ် မတ်လ ၂၂ ရက်၊ အင်္ဂါနေ့။
ညနေ ၆ နာရီ ၂၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics