Tuesday, April 12, 2011

ကျွန်တော်သိသော အပြောင်းအလဲများ - ကိုဉာဏ် (ပန်းလောင်မြေ)


  • စက္ကန့်တွေက မိနစ်၊ မိနစ်တွေက နာရီ၊ နာရီတွေက ရက်၊ ရက်တွေက လ၊ လတွေက နှစ်၊ နှစ်တွေက အချိန်တွေအဖြစ် ပြောင်းလဲနေကြတယ်။
  • ကလေးက လူငယ်၊ လူငယ်က လူလတ်၊ လူလတ်က လူကြီး၊ လူကြီးက မြေကြီးအဖြစ် ပြောင်းလဲနေကြတယ်။
  • နွေက မိုး၊ မိုးက ဆောင်း၊ ဆောင်းက နွေ၊ ရာသီအလီလီ ပြောင်းလဲနေကြတယ်။
  • ဖူးရာက ငုံ၊ ငုံရာက ပွင့်၊ ပွင့်ရာက အာ၊ အာရာက ကြွေ အဆင့်ဆင့် ပြောင်းလဲနေကြတယ်။
  • သေချာစဉ်းစားကြည့်တော့ အပြောင်းအလဲဆိုတာ သဘာဝတရားတစ်ခု။ ဘယ်သူကမှ လုပ်စရာမလိုဘူး၊ ဘယ်သူကမှ ခိုင်းစရာမလိုဘူး။
  • သိပ်အံ့သြဖို့ကောင်းတာပဲ၊ တချို့လူတွေက အပြောင်းအလဲကို ဖန်တီးရမယ်တဲ့၊ အပြောင်းအလဲဖြစ်အောင် လုပ်ရမယ်တဲ့။
  • ရယ်ချင်မိတယ်၊ ဒါပေမယ့် မရယ်မိဘူး။ ဘာကြောင့်လဲဆိုတော့ ရယ်ပြီးရင် မဲ့၊ မဲ့ပြီးရင် ငို၊ ငိုပြီးရင် ပြုံး ပြောင်းလဲကြရဦးမှာကိုး။
  • ဒီမယ်မိတ်ဆွေ.... အပြောင်းအလဲဆိုတဲ့ စကားလုံးကို ခဏခဏ မပြောစမ်းပါနဲ့။ နောင်ဆိုရင် အဲဒီစကားလုံးကိုတောင် အခြားစကားလုံးတစ်ခုနဲ့ ပြောင်းလဲချင် ပြောင်းလဲသွားနိုင်တယ်ဗျ။
  • အပြောင်းအလဲဆိုတာ သဘာဝတရားပဲ။ အဲဒါ အမှန်တရား။ (တချို့ဟာတွေက ကိုယ်လိုချင်သလို လုပ်ယူပါမှ လိုချင်တဲ့အတိုင်း ရတယ်ဗျလို့ ပြောမယ့်လူတွေကိုလည်း မငြင်းလိုကြောင်းပါ။)
  • အခုဒီစာကို ရေးနေတဲ့ ကျွန်တော်၊ ဖတ်နေတဲ့ ခင်ဗျားတောင် တစ်နေ့မှာ မြေကြီးထဲမှာ မြေဆွေးအဖြစ်၊ ဒါမှမဟုတ် လေထဲမှာ အငွေ့အဖြစ်၊ ပြာအဖြစ် ပြောင်းလဲရဦးမှာ မဟုတ်လား။
  • ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြောင်းအလဲတွေအကြောင်း လာမမေးပါနဲ့၊ လာမပြောပါနဲ့။ ကိုယ်တိုင်ပြောင်းလဲနေတာကိုတောင် သတိမထားမိတဲ့ ကျွန်တော်က အခြားအရာတွေကို ဘာသိမှာမို့လဲဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ အင်္ဂါနေ့။
နေ့လည် ၁ နာရီ ၂၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics