(၁)
မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့၊ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ စစ်တွေမြို့မှာ အခြေအနေတွေ ငြိမ်သက်စ ပြုနေပြီလို့ သိရပါတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းထိန်းသိမ်းနေတာမှ မငြိမ်းချမ်းရင်လည်း စစ်ဖြစ်ဖို့ ရှိတော့တယ်လို့ တွေးမိတယ်။ ဒါတောင်မှ ဟိုဘင်္ဂါလီက ဟိုရွာကို မီးရှို့လိုက်၊ ဒီရွာကို ဒါလုပ်လိုက်ဆိုတဲ့ အသံတွေ ကြားနေရသေးတယ်။ စစ်တွေမှာ ဘယ်လိုရှိသလဲ သေချာမသိ၊ မမြင်ရပေမယ့် အင်တာနက်ပေါ်မှာတော့ တိုက်ပွဲတွေ အတော်ပြင်းထန်တာ တွေ့ရပါတယ်။ သတင်းတစ်ခုတက်လာတိုင်း ကွန်းမန့်ပေးသူတွေက ဆော်ဟ၊ ချဟ၊ သတ်ဟ၊ ဖြတ်ဟ၊ ပစ်ဟ၊ ခတ်ဟ ဆိုတာချည်းပါပဲ။ ကိုယ်တွေဟာ ဗုဒ္ဓဘာသာဝင်တွေဆိုတာလည်း မေ့မထားကြပါနဲ့ဦး။ မေတ္တာတရားတို့၊ သည်းခံမှုတို့၊ စိတ်ရှည်မှုတို့ကို သတိရပေးကြပါဦး။ အမျိုးချစ်စိတ်၊ ဇာတိမာန်စိတ်နဲ့ စိတ်ပါလက်ပါ ဖြစ်ကြတာကို နားလည်ပါတယ်။ ကျွန်တော်လည်း မဖြစ်ဘူးမဟုတ်ပါဘူး။ ဖြစ်တာမှ သိပ်ဖြစ်တာပါပဲ။ တွေ့ရာလက်နက်ဆွဲပြီး ရခိုင်ကို သွားလိုက်ချင်ပါတယ်။ ရန်ကုန်ဘဆွေ ရေးတဲ့ မြန်မာပြည်သားဝတ္ထုထဲကဇာတ်ကောင် ဘုရားရှိခိုးတဲ့ စာသားလေးတွေကိုတောင် ပြန်သတိရမိလိုက်ပါသေးတယ်။ အတိအကျ ပြန်ရေးပြချင်လို့ အင်တာနက်ပေါ်မှာ မြန်မာပြည်သား ၀တ္ထုစာအုပ်ကို လိုက်ရှာတာ ဘယ်မှာမှ မတွေ့ပါဘူး။ အဲဒါကြောင့် ကျွန်တော် မှတ်မိသလောက်ပဲ ပြန်ရေးပြပါရစေ။ မှားနေရင်လည်း နားလည်ပေးပါ။ "..... ငါ့၌ တာဝန်တွေများစွာ ရှိသေးသည်၊ ကုန်းမှာပဲနေနေ၊ ရေမှာပဲသေသေ၊ လေမှာပဲ ကြေကြေ၊ အထွတ်အထိပ်၌သာ ငါနေမည်၊ အိမ်သည်ကို ဧည့်သည်မစော်ကားရ၊ ကျူးကျော်လာသော ရန်သူကို လက်စားချေလော့၊ အာမဘန္တေ" ဆိုတာပါ။ မြန်မာပြည်သားစာအုပ်လေးများ ရှိခဲ့ရင်လည်း ကျွန်တော့်ကို လက်တို့ကြဖို့ တောင်းပန်ပါရစေ။ အစိုးရဟာ ရခိုင်ပြည်နယ်အရေးကို သတိရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နေတယ်လို့ ယုံကြည်ပေးထားကြဖို့ ကျွန်တော်ကပဲ ကြားထဲကနေ အခမဲ့အကျိုးဆောင်ပြီး ပြောပါရစေ။
(၂)
ကျောက်နီမော်ကျေးရွာမှာ ရခိုင်တိုင်းရင်းသူ မသီတာထွေးကို လူမျိုးခြား လူငယ် ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့သတင်းကို ရေးသားဖော်ပြရာမှာ စာပေစိစစ်ရေးကို မတင်ပြခဲ့တဲ့ မှုခင်းဖြစ်ပွားရာနေရာဓာတ်ပုံကို ထည့်သွင်းဖော်ပြထုတ်ဝေခဲ့တဲ့အတွက် လျှပ်တစ်ပြက်သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ရပ်စဲထားတယ်လို့ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်အမြင်ကို မပြောလိုတော့ပါ။ သူ့ဘက်နဲ့သူ မှန်နေတယ်လို့ မြင်ပါတယ်။ သတင်းသမားဆိုတာက မြင်သမျှ၊ တွေ့သမျှကို ရေးချင်ပါတယ်။ အစိုးရပိုင်းဆိုတာကျတော့ မသင့်လျော်ဘူးထင်ရင်၊ တစ်ခုခုကို ဦးတည်သွားစေနိုင်တယ်လို့ထင်ရင် မဖော်ပြစေချင်ပါဘူး။ စာဖတ်သူတွေကပဲ ကိုယ့်အယူအဆနဲ့ကိုယ် မြင်ကြ၊ တွေးကြစေချင်ပါတယ်။ အရိယာပုဂ္ဂိုလ်ကြီးတွေဟာ နတ်တွေ၊ နာနာဘာဝတွေ၊ သူရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေကို မြင်နိုင်တွေ့နိုင်တယ်လို့ ကြားဖူး၊ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူတွေကိုတော့ အဲဒီမြင်ကွင်းတွေ ပေးမမြင်ကြပါ။ ပြောမပြကြပါ။ ဘာကြောင့်လဲဆိုတာကိုတော့ ရှင်းပြရန်မလိုဘူးလို့ ယူဆပါတယ်။ တွေးဆဆင်ခြင်ကြပါကုန်။
(၃)
ဦးသိန်းစိန် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မတက်ဖြစ်ခဲ့တဲ့ သတင်းဟာ အခုအချိန်အထိ မီးမသေသေးတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဦးသိန်းစိန်ဘက်က အပြည့်အ၀ ထောက်ခံလိုက်ပါသည်ခင်ဗျား။ သံခင်းတမန်ခင်းဆိုင်ရာ ကျင့်ဝတ်များတွင် နိုင်ငံအချင်းချင်း ဆက်ဆံရာ၌ လိုက်နာရသည့် ကျင့်ဝတ်များ ရှိကြပါသည်။ မည်သည့်အချက်တွေသည် မည်သို့အဓိပ္ပါယ်ဆောင်နေသည် ယခုစာဖတ်နေသူများက ကျွန်တော့်ထက် ပိုမိုနားလည်ကြသည်ဟု ယုံကြည်သည့်အတွက် မိချောင်းမင်းကို ရေခင်းမပြလိုတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများသည်လည်း မည်သည့်အဓိပ္ပါယ်သို့ သက်ရောက်သွားစေခဲ့ကြောင်း အားလုံးတွေးဆဆင်ခြင် နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တင်ပေးထားသည့် မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့ ဟူသည့် မောင်အေးချမ်း ၏ ဆောင်းပါးကိုလည်း ဖတ်ကြည့်ကြစေလိုပါသည်။ စာဖတ်သူများကို တစ်ခုလောက် အကြံပြုချင်ပါသည်။ ထိုင်းခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများကို ဖတ်ရကြားရတိုင်း နိုင်ငံတော်သမ္မတကြီး၏ နေရာမှ ၀င်ရောက်ခံစားပေးပြီး "ငါသာ သမ္မတကြီးဆိုရင်......" ဆိုသည့်အတွေးဖြင့် နားလည်ပေးကြစေလိုခြင်း ဖြစ်ပါသည်။
(၄)
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုပါ။ သူ့အလုပ် သူလုပ်ခြင်း ဖြစ်သည်ဟုသာ နားလည်ပါသည်။ တချို့ကတော့ ၀မ်းနည်းပက်လက် ဆိုကြပါသည်။ ရခိုင်မှာ ဒီလောက် ဖြစ်နေတာ၊ တို့အန်တီစုက နိုင်ငံခြားကိုတောင် ခရီးထွက်နေလိုက်သေးတယ် ဟု။ ဟုတ်ကဲ့၊ စာဖတ်သူများခင်ဗျား၊ အန်တီစုသည် သမ္မတကြီး မဟုတ်ပါ။ ထို့ကြောင့် သူ့ခရီးစဉ်ကို ဖျက်ရလောက်အောင် သူ့တွင် တာဝန်မရှိပါ။ သူ့သားသမီးအရင်းတွေနှင့် တွေ့ဖို့ရအတွက်သာ ပိုမိုလိုလားပါလိမ့်မည်။ ကင်မ်အဲရစ်များ စစ်တွေမှာ နေရင်တော့ မပြောတတ်ပါပေါ့ခင်ဗျာ။ ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်စုပြောသမျှတွေသည် အငြင်းပွားစရာများချည်း ဖြစ်ကြပါသည်။ သီးသန့်စုစည်း၍ တင်ပေးနိုင်အောင် ကြိုးစားပါဦးမည်။ တစ်ခုပဲ စိုးရိမ်ပါသည်။ ရောက်နေတာက ဥရောပနိုင်ငံများ၊ ဖြစ်နေတာက ရခိုင်ပြည်တွင်၊ သတင်းပေးပို့သူတွေက သူ့လက်အောက်ခံတွေ၊ အခမ်းအနားများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မှတ်ချက်များ၊ အမြင်များ ပြောကြားသည့်အခါ မြန်မာပြည်သူပြည်သားများအတွက် အခံရခက်စေမည့်၊ စိတ်တိုဒေါသထွက်စေမည့် အဆင်အခြင်မဲ့ စကားများကို မပြောဖြစ်ပါစေနဲ့ဟူ၍ ဖြစ်ပါသည်။ ဒေါ်စု စိတ်နှလုံးကြည်ကြည်လင်လင်နဲ့ ထိန်းထိန်းသိမ်းသိမ်း စကားပြောနိုင်ပါစေ။
(၅)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရစေချင်ကြသည်ဟု တီးတိုးတီးတိုး ပြောနေကြပါသည်။ တချို့ကလည်း ကျွန်တော့်အမြင်ကို မေးကြပါသည်။ ကျွန်တော် တစ်ခွန်းပဲ ပြန်ဖြေလိုက်ပါသည်။ "လုပ်ရပ်တွေ၊ အရည်အချင်းတွေနဲ့ ကြည့်ရင်တော့ ဦးသိန်းစိန်ကို ရှိသမျှဆုတွေ အကုန်လုံး ပေးလို့ရတယ်၊ ဒါပေမယ့် ပေးမယ့်လူတွေနဲ့၊ ပေးမယ့်လူတွေကို လွှမ်းမိုးနေတဲ့လူတွေက ဦးသိန်းစိန်ကို ရစေချင်သလား၊ မရစေချင်ဘူးလားဆိုတဲ့ အခြေအနေအပေါ်မှာပဲ မူတည်တယ်" ဟု ဖြစ်ပါသည်။ လူတိုင်းတွင် ကိုယ့်အတွေးနှင့်ကိုယ် ရှိကြပါလိမ့်မည်။
မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေ...
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၁၀ နာရီ ၁၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment