တစ်နေ့က ညီငယ်တစ်ယောက်က ဂျီတော့ခ်မှာ စကားပြောရင်း နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေဆိုတာ ဘာတွေလဲလို့ မေးလာပါတယ်။ ကျွန်တော်လည်း အပြည့်အစုံ ချက်ချင်းပြန်မဖြေနိုင်ပါဘူး။ ကျွန်တော်တို့ ဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ် ဆိုတာလောက်ပဲ ပြောပြနိုင်ပါတယ်။ မေးတဲ့ညီငယ်ကိုတော့ ပြန်ရှာပြီး ပြောပြမယ်လို့ ကတိပေးလိုက်ပါတယ်။ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ စာအုပ်တွေထဲကနေ ပြန်ရှာပြီး ကျွန်တော်တွေ့မိသမျှကို ပြန်လည်လက်ဆင့်ကမ်း ဝေမျှလိုက်ပါတယ်။ မှားနေတာတွေရှိရင်လည်း ထောက်ပြဝေဖန် ပေးကြစေလိုပါတယ်။
ကမ္ဘာသတ်မှတ်ပုံများ
ပထမဆုံးအနေနဲ့ ကမ္ဘာတွေ သတ်မှတ်ပုံကို ပြောပြလိုပါတယ်။ ကျွန်တော်တို့ အခုလက်ရှိ နေထိုင်တဲ့ ကမ္ဘာဟာ ဘဒ္ဒကမ္ဘာဖြစ်တဲ့အကြောင်း အားလုံးနီးပါး သိကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ အောက်မှာဖတ်ရှုနိုင်ပါတယ်။
ဘုရား ၁ ဆူ ပွင့်တဲ့ကမ္ဘာ့ကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။
ဘုရား ၂ ဆူ ပွင့်တဲ့ကမ္ဘာကို မဏ္ဍကမ္ဘာ လို့ ခေါ်ပါတယ်။
ဘုရား ၃ ဆူ ပွင့်တဲ့ကမ္ဘာကို ၀ရကမ္ဘာ လို့ ခေါ်ပါတယ်။
ဘုရား ၄ ဆူ ပွင့်တဲ့ကမ္ဘာကို သာရမဏ္ဍကမ္ဘာ လို့ ခေါ်ပါတယ်။
ဘုရား ၅ ဆူ ပွင့်တဲ့ကမ္ဘာကို ဘဒ္ဒကမ္ဘာ လို့ ခေါ်ပါတယ်။
ကမ္ဘာများနှင့် ပွင့်ခဲ့သော ဘုရားအရေအတွက်
အဲဒီလို ကမ္ဘာတွေ သတ်မှတ်ပြီးတဲ့အခါ ဒီလောကကြီးမှာ ဘယ်လိုကမ္ဘာက ဘယ်နှခုများ ဖြစ်ပေါ်ခဲ့သလဲ ဆိုတာကို ဆက်လက်လေ့လာပါမယ်။
ဘုရား ၁ ဆူပဲပွင့်တဲ့ သာရကမ္ဘာ ၄ ခါ ကြုံခဲ့ရပါသတဲ့။ ဒါကြောင့် ၁ဆူ × ၄ ကမ္ဘာ = ၄ ဆူ
ဘုရား ၂ ဆူပွင့်တဲ့ မဏ္ဍကမ္ဘာ ၃ ခါ ကြုံခဲ့ရပါတဲ့။ ဒါကြောင့် ၂ ဆူ × ၃ ကမ္ဘာ = ၆ ဆူ
ဘုရား ၃ ဆူပွင့်တဲ့ ၀ရကမ္ဘာကတော့ ၂ ခါ ကြုံခဲ့ရပါတယ်။ ဒါကြောင့် ၃ ဆူ × ၂ ကမ္ဘာ = ၆ ဆူ
ဘုရား ၄ ဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာကတော့ ၂ ခါပါတဲ့။ ဒါကြောင့် ၄ ဆူ × ၂ ကမ္ဘာ = ၈ ဆူ
ဘုရား ၅ ဆူပွင့်တဲ့ ဘဒ္ဒကမ္ဘာကတော့ ၁ ကြိမ်ပါပဲ။ ဒါကြောင့် ၅ ဆူ × ၁ ကမ္ဘာ = ၅ ဆူ
အားလုံးကို စုစုပေါင်းတွက်ချက်လိုက်တဲ့အခါ.....
(၄ + ၆ + ၆ + ၈ + ၅) = ၂၉ ဆူ ဖြစ်ပါတယ်။
ဒါဟာ ဒီကမ္ဘာလောကကြီးမှာ ပွင့်တော်မူမယ့် ဘုရားရှင်များရဲ့ အရေအတွက်ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ရဲ့ ဘဒ္ဒကမ္ဘာမှာတော့ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူဖို့ ကျန်သေးတာ ဖြစ်တဲ့အတွက် ပွင့်တော်မူပြီးကုန်သော ဘုရားရှင်အရေအတွက်ဟာ ၂၈ ဆူ ဖြစ်ပါတယ်။ ဒါကို နှစ်ကျိပ်ရှစ်ဆူသော ဘုရားများလို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားများကို အစဉ်အားဖြင့် ဖော်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ တဏှင်္ကရာ
၂။ မေဓင်္ဂရာ
၃။ သရဏှင်္ဂရာ
၎။ ဒီပင်္ကရာ
၅။ ကောဏ္ဍည
၆။ မင်္ဂလ
၇။ သုမန
၈။ ရေ၀တ
၉။ သောဘိတ
၁၀။ အနောမဒဿီ
၁၁။ ပဒုမ
၁၂။ နာရဒ
၁၃။ ပဒုမုတ္တရ
၁၄။ သုမေဓာ
၁၅။ သုဇာတာ
၁၆။ ပိယဒဿီ
၁၇။ အတ္ထဒဿီ
၁၈။ ဓမ္မဒဿီ
၁၉။ သိဒ္ဓတ္ထ
၂၀။ တိဿ
၂၁။ ဖုဿ
၂၂။ ၀ိသဿီ
၂၃။ သိခီ
၂၄။ ဝေဿဘူ
၂၅။ ကကုသန်
၂၆။ ကောဏဂုံ
၂၇။ ကဿပ
၂၈။ ဂေါတမ
ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ ထွန်းပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ စနေနေ့။
ည ၉ နာရီ ၅၈ မိနစ်။
No comments:
Post a Comment