..........
....................
...........................................................
ဒီနေ့ သုံးပတ်တောင် ရှိသွားပြီလို့ ထင်ပါတယ်။ ရခိုင်ဘက်က ဆူပူမှုသတင်းတွေပဲ နေ့စဉ် ကြားနေရပါတယ်။ ဒီသတင်းကတော့ ကျွန်တော် မတို့ရဲ မထိရဲတဲ့ သတင်း။
အမှားမခံတဲ့ သတင်း။
အင်္ဂလိပ်လိုတော့ Highly Sensitive Issue ပေါ့ခင်ဗျာ။
မြန်မာပြည်သူတစ်ရပ်လုံးကလည်း ဒီသတင်းတွေ နားထောင်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဖြစ်နိုင်သမျှ ဒီပြဿနာနှင့်ပတ်သက်ပြီး မီဒီယာမှာ လုံးဝမပါအောင် ရှောင်ကြပြေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီပြဿနာနှင့်ပတ်သက်ပြီး မီဒီယာက မေးကြ မြန်းကြတာတွေကို ကျွန်တော် သုံးလေးကြိမ် တွေ့လိုက်မိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုမေးတဲ့ မေးခွန်းကို တည့်တည့်မဖြေဘူး။ သူဖြေသင့်ဖြေထိုက်တဲ့ အဖြေကိုပဲ ပါးနပ်လိမ္မာစွာ ဖြေသွားပါတယ်။
မှန်ပါတယ်။
သူမ.... မမှားပါဘူး။ ဖြေသင့်ဖြေထိုက်တဲ့အဖြေကိုပဲ ပေးမှာပေါ့ဗျာ။ သူ့ကိုယ်သူကတော့ ဘယ်အပတ်ခံမှာလဲ။
မြန်မာစကား ရှိတယ်မဟုတ်လား။
ဘုန်းကြီးအမှု ရွာပတ်ဆိုတာ။
အဲ.... မဖြေမဖြစ်တဲ့ ပုဂ္ဂိုလ်ကတော့ သမ္မတကြီး ဦးသိန်းစိန်။
သူကတော့ နိုင်ငံရဲ့ အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်နေရတဲ့၊ တာဝန်ယူနေရတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ ဒီပြဿနာမှာ ခေါင်းရှောင်နေလို့ မရတော့ဘူး။
ဝင်ကိုင်ရတယ်။
ဝင်အဖြေပေးရတယ်။
၁၀-၆-၂၀၁၂ ရက်နေ့က သူပြောခဲ့တဲ့ မိန့်ခွန်းက ဒီပြဿနာနှင့် ပတ်သက်ပြီး သူပေးခဲ့တဲ့ အဖြေပါပဲ။
သူ့မိန့်ခွန်းကို ကျွန်တော်နားထောင်ပြီး အလွန်အံ့သြတယ်။
ကျွန်တော်ငယ်ငယ်က မော်လမြိုင်မှာ မွန်တွေပြောလေ့ရှိတဲ့ အာမေဋိတ် စကားနှင့်ဆိုလျှင် "ဆလံဘာဘာ" လို့တောင် အော်ပြီး ပြောလိုက်ချင်ပါတယ်။
ဒီအဖြေမျိုး ကျွန်တော် မပေးတတ်ဘူး။
ခင်ဗျားကို ကျွန်တော် ဆလံတောင်ပေးလိုက်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ခင်ဗျာ။
သူပြောသွားတာ သိပ်လိမ္မာတယ်။
လုံးဝ အစွန်းမရောက်ဘူး။
ဘာသာရေးအစွန်းလည်း မရောက်ဘူး။
လူမျိုးရေးအစွန်းလည်း မရောက်ဘူး။
မြန်မာတွေပြောလေ့ရှိတဲ့ ပညာရှိစကားဆိုတာ ဒီမိန့်ခွန်းမှာ သူပြောသွားတဲ့ စကားတွေပါပဲ။
အံ့သြစရာပါပဲ။
သူဟာ စစ်ဗိုလ်ဘ၀က နိုင်ငံရေးလောကကို ၂ နှစ်လောက်ပဲ ရောက်ခဲ့သေးပေမယ့် သူနိုင်ငံရေးပါး အလွန်ဝသွားပါပြီ။
ကျွန်တော်ကြိုပြီးတော့ ဟောကိန်းထုတ်လိုက်ပါမယ်။
သူ ယခုလိုသာ တိုင်းပြည်ကိုပြောတဲ့စကားတွေကို ဆင်ခြင်ပါ။ လိမ္မာပါ။ အသေအချာ စဉ်းစားပြီးမှ ပြောပါ။
သူ လွတ်လပ်ရေးရပြီးခေတ် မြန်မာခေါင်းဆောင်တွေအထဲမှာ ထိပ်ဆုံးမှာ ရပ်တည်မယ့် ခေါင်းဆောင်ကြီး ဖြစ်လာပါလိမ့်မယ်။
အဲဒီလို ဖြစ်လာပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။
သူဒီလို ဖြစ်လာမှ ကျွန်တော်တို့တိုင်းပြည် အခြေအနေ ကောင်းလာမှာပေါ့ဗျာ။ ကျွန်တော့်အမြင်မှာတော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ သူ့အပေါ်မှာ အဓိကတည်နေသို ဖြစ်နေပါတယ်။
သူမှားလို့ မရပါဘူး။
ဒါကြောင့် သူ့ကို မြန်မာနိုင်ငံရဲ့ အတော်ဆုံးလူတွေနှင့် ၀ိုင်းရံထားစေချင်ပါတယ်။ ဘာကြောင့်လဲ။ သူဘယ်လိုမှ စွယ်စုံမတော်နိုင်ပါဘူး။ Perfect မဖြစ်နိုင်ပါဘူး။ သူလုပ်မိတဲ့ အမှားဆိုတာ ရှိလာနိုင်တာပါပဲ။ ဒါပေမယ့် သူ့အခြေအနေက အမှားလုပ်လို့ မရတဲ့နေရာ။ မောင်သော်ကကြီး ပြောသွားသလို သူ့အမှားကို မှန်ဘီလူး (Microscope) နှင့် ကြည့်ပြီး ၀ိုင်းရှာနေကြမှာပဲ။
တွေ့ခဲ့ပြီဆိုတာနှင့်.....။
စာရှုသူ.....။
နိုင်ငံမှာ ဘာတွေဖြစ်လာတော့မယ်ဆိုတာ ဆက်သာတွေးယူပါတော့ခင်ဗျာ။
..............
........................
....................................
ဒီနေ့ဟာ ကျွန်တော်တို့ဖြစ်ချင်တဲ့ အဆင့်ကို မရောက်သေးပေမယ့် လမ်းမှန်ပေါ်ကို ရောက်ခဲ့ကြပြီဆိုတာကိုပဲ ကျွန်တော်ကတော့ ကျေနပ်နယ်ခင်ဗျာ။
မှန်ပါတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲခဲ့ပုံကို အမေရိကန်သမ္မတကြီး အိုဘားမားကတောင် ကျေနပ်သဘောကျပြီး ဒီနေ့ အာဏာရှင်တွေရဲ့ အုပ်စိုးမှုဘ၀က မလွတ်မြောက်သေးတဲ့ နိုင်ငံတွေ ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေကို အတုယူသင့်ပါတယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး မဟုတ်လား။
အဲ.... ဒါကြောင့် ခုလမ်းမှန်ပေါ်ရောက်အောင် တင်ပေးနိုင်တဲ့ အဆင့်ကိုပဲ ကျွန်တော်ကတော့ ကျေနပ်တယ်လို့ ပြောတာပါ။
အဲ... ဒါပေမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းတွေနှင့် ပတ်သက်လို့တော့ ကျွန်တော် စိတ်မကောင်းဘူးခင်ဗျာ။
ဘွင်းဘွင်းရှင်းရှင်း မြန်မာစကားနှင့် ပြောရ၊ ရေးရရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြဿနာ။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာ.....။
ဒီပြဿနာ မအောင်မြင်သေးတဲ့အတွက် ဆိုးကျိုးအဖြစ် နေ့စဉ် ကြားနေရတဲ့ သတင်းတွေကို နားထောင်ပြီး ကျွန်တော် နေ့တိုင်း စိတ်မချမ်းသာပါဘူး။ ဒီပြဿနာနှင့် ပတ်သက်ပြီး တာဝန်ယူဖြေရှင်းနေရတဲ့ သမ္မတကြီး ဦးသိန်းစိန်ဆိုရင် ပိုတောင် စိတ်မကောင်းဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
တကယ်တော့ ကျွန်တော့်အမြင်မှာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အဖြေရှိပါတယ်။
ဒီနေ့ ပြဿနာက ပြည်ပနဲ့ ဖြစ်တဲ့ပြဿနာ မဟုတ်ပါဘူး။
ပြည်တွင်းမှာ ကိုယ့်အမျိုးသားချင်း ဖြစ်နေကြတဲ့ ပြဿနာ။ ကိုယ့်အမျိုးသားချင်း ဖြစ်ကြတဲ့ ပြဿနာမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး။
မိသားစုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။ အဲဒီ မိသားစုတစ်ခုရဲ့ ပြဿနာမှာလည်း ပြဿနာဖြစ်ရပ်ချင်း တူညီနေပေမယ့် ကျွန်တော့်အဘိုးခေတ်က ကျွန်တော့်အဘိုး ကြံဆဖြေရှင်းခဲ့တဲ့ နည်းလမ်း၊ ကျွန်တော့်အဘိုး တွေးပုံ၊ စဉ်းစားပုံနှင့် ဒီနေ့ ကျွန်တော့် သားသမီး၊ ကျွန်တော့်မြေးတွေရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းချင်လို့ မရတော့ပါဘူး။
ခေတ်နှင့်ဆီလျော်တဲ့ နည်းသစ်လမ်းသစ်တွေကို တွေးရဲရပါမယ်။ ကြံဆရပါမယ်။ ချသုံးရဲရပါမယ်။
သမ္မတဦးသိန်းစိန် ၂ နှစ်လောက် အချိန်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ခဲ့တာ၊ တိုင်းပြည်ရဲ့ အနာဂတ်လမ်းမှန်ပေါ် တင်ပေးနိုင်ခဲ့တာ သေသေချာချာ ပြန်စဉ်းစားကြည့်ပါ။
သူ့ရှေ့က ပုဂ္ဂိုလ်ကြီးတွေ မလုပ်ဝံ့တာကို သူလုပ်ဝံ့တဲ့အတွက်ပါ။
သူ့ကို ပြုပြင်ရေးသမား Reformist စစ်စစ် ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ထုတ်ဖော်ပြောအောင်၊ ပြည်ပမှ ခေါင်းဆောင်တွေ ဥပမာ- အလွန်ခေါင်းမာတဲ့ အမေရိကန်အမတ်ကြီး Mitchellrne Connell လို ပုဂ္ဂိုလ်မျိုးက ဦးဆောင်ထုတ်ပြောအောင် လုပ်နိုင်တာ သူဟာ Reformist စစ်စစ် ဖြစ်နေလို့ပေါ့ခင်ဗျာ။
အခု အမျိုးသားပြန်လည်စည်းလုံးရေး အဲ ပြည်တွင်းငြိမ်းချမ်းရေး ပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေမှာလည်း သမ္မတကြီးက reform တစ်ခု ပြုလုပ်သလိုပဲ စဉ်းစားသင့်ပါတယ်။ ယခင် ခေါင်းဆောင်တွေ လက်ခံယုံကြည်ထားတဲ့ ရိုးရိုးစင်းစင်း အဲ Orthodox idea တွေ၊ စိုးရိမ်ပူပန်မှုတွေကို ခေါင်းထဲက လုံးဝ ထုတ်ပစ်သင့်ပါတယ်။
မှန်ပါတယ်။ ဒီပြဿနာက သမ္မတကြီးကိုယ်တိုင် ထလုပ်မှ ပြီးမယ့် ပြဿနာပါ။
အတိုက်အခံ နိုင်ငံရေးပါတီမှ သြဇာရှိသူ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ယုံကြည်သူရဲ့ အင်အားကိုလည်း အသုံးချသင့်ပါတယ်။ တာဝန်ပေးသင့်ပါတယ်။ ဒါ နိုင်ငံအများမှာ သုံးခဲ့ဖူးတဲ့ ဒီမိုကရေစီ ကျင့်စဉ်တစ်ခုပါပဲ။

The Voice Weekly Journal အတွဲ (၈)၊ အမှတ် (၂၉)၊ စာမျက်နှာ-၃၁ တွင်ပါရှိသည့် ဦးလှဝင်း (လေသူရဲတစ်ဦး) ၏ "အားကြီးခေါင်းစားနေပါတယ်" ဆောင်းပါးမှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။
No comments:
Post a Comment