Friday, September 07, 2012

သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်တော့ပါ


မရေးချင် မပြောချင်တဲ့ကိစ္စ
အမှန်အတိုင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ လွှတ်တော်တွေ အငြင်းပွားကြတာ၊ စွပ်စွဲပြစ်တင်ကြတာကို လုံးဝကို မရေးချင်၊ မပြောချင်တော့ပါဘူး။ နိုင်ငံတည်ဆောက်ရေးကို အားလုံးသော institution တွေအားလုံး၊ နိုင်ငံသူနိုင်ငံသားတွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးပမ်းဆောင်ရွက် ချီတက်ကြရမယ့် အချိန်မျိုးမှာ အခုလိုမျိုး အချင်းချင်း မသင့်မမြတ်ဖြစ်တာတွေ၊ အာဏာလွန်ဆွဲတာတွေ၊ စွပ်စွဲပြစ်တင်တာတွေကို မမြင်ချင် မကြားချင်သလို ရေးလည်းမရေးချင်၊ တွေးလည်းမတွေးချင်ပါဘူး။

ဒီမိုကရေစီအလေ့အကျင့်တဲ့လား
တစ်ချို့က ပြောကြသေးတယ်။ ဒီမိုကရေစီသဘောသဘာဝမှာ ဒီလိုပဲ အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဆိုတာ ရှိနေမှာပဲတဲ့။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲတဲ့။ အဲဒီလို ပြောတဲ့လူတွေကို ကျွန်တော်ကိုဉာဏ် အရမ်းအံ့သြတယ်။ သူတို့တွေဟာ ဘာဖြစ်လို့များ အရာရာကို အနောက်ပေတံ၊ အနောက်စံနဲ့ တိုင်းတာလက်ခံနေရသလဲလို့လည်း တွေးမရဖြစ်ရတယ်။ အောင်ကိုလတ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုကို အော်ရမလားလို့ တွေးမိတယ်။ "မြဲမြဲမှတ်ပါ မင်းမြန်မာ" တဲ့။ ဟုတ်ပါတယ်... ကိုယ်တွေဟာ မြန်မာတွေဆိုတာ မမေ့ကြစေလိုပါဘူး။ ဘာအကြောင်းပြောပြော အမေရိက၊ စင်ကာပူ၊ ဗြိတိန် စတာတွေနဲ့ ကိုင်မပေါက်ကြပါနဲ့။ အခုဖြစ်နေတာတွေဟာ အဲဒီလိုပြောနေကြသူတွေ ရည်ညွှန်းနေကြတဲ့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေလို ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြစေချင်တယ်။

မီးမွှေးသူသာဖြစ်တယ်
အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဟာ ဒီမိုကရေစီရဲ့ လက္ခဏာပဲလို့ ပြောနေကြတာကို ကျွန်တော်က အပြည့်အ၀ လက်မခံပါဘူး။ လူတိုင်းမှာ သူ့အမြင်နဲ့သူ၊ သူ့ခံယူချက်နဲ့သူ မတူညီကြတာ၊ ကွဲလွဲကြတာကို နားလည်ပါတယ်။ ဒါပေမယ့် အများအကျိုးကို ဆောင်ရွက်ကြပြီ ဆိုတဲ့အခါမှာတော့ ပုဂ္ဂလိကအမြင်တွေ၊ ပုဂ္ဂလိကခံစားချက်တွေကို ဘေးဖယ်ထားနိုင်ရပါမယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်ကို ကိုယ်ပါဝင်နေတဲ့ အ၀န်းအ၀ိုင်းထဲကို ဆွဲသွင်းမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးတာ မဟုတ်ဘဲ မီးမွှေးတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

သမိုင်းကို လေ့လာကြစေချင်တယ်
အထက်မှာ ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ရဲ့ လွှတ်တော်တွေအချင်းချင်း၊ လွှတ်တော်နဲ့ အစိုးရ၊ လွှတ်တော်နဲ့ခုံရုံး၊ လွှတ်တော်နဲ့ တရားလွှတ်တော်ချုပ် စသည်စသည်ဖြင့် ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြတာကို ဒီမိုကရေစီကျင့်စဉ်လို့ ကျွန်တော်က လက်ခံလို့မရဘူး။ အဲဒီလို ပြောနေကြသူတွေကိုလည်း မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြစေချင်တယ်။ အခြားနိုင်ငံတွေမှာကတော့ အဲဒီလို ကိစ္စတွေဆိုတာ တကယ့်ကို ထမင်းစားရေသောက်ပါပဲ။ အဲဒါကို လက်ခံပါတယ်။ လက်သီးနဲ့ ထမထိုးရုံတမယ် ငြင်းကြခုံကြ ဆွေးနွေးကြတာကို ကျွန်တော်လည်း ခေတ်လူငယ်တစ်ယောက်ပီပီ သတင်းတွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် မြင်ဖူးတွေ့ဖူးပါတယ်။ သူတို့ဓလေ့နဲ့သူတို့ ဘာမှကို ပြောစရာမရှိဘူး။ သေချာတာတစ်ခုက သူတို့တွေဟာ အဲဒီလိုသာ ငြင်းခုန်ရင်ငြင်းခုန်ကြမယ်၊ ကွဲလွဲရင် ကွဲလွဲကြမယ်၊ ရန်ဖြစ်ရင်ရန်ဖြစ်ကြမယ်၊ အဲ... ပြည်သူတွေအတွက် နိုင်ငံအတွက်ဆိုရင်တော့ စည်းလုံးကြတယ်၊ ညီညွတ်ကြတယ်၊ ပူးပေါင်းကြတယ်။ လက်ရှိအမေရိကန်သမ္မတ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ သမ္မတရွေးကောက်ပွဲကာလက အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတာ၊ ထိုးနှက်ခဲ့ကြတာ၊ အပုပ်ချခဲ့ကြတာ၊ လက်သီးပုန်းထိုးခဲ့ကြတာကို စာဖတ်သူတွေ ပြန်တွေးကြည့်စေချင်တယ်။ ဒါပေမယ့် အဲဒါတွေ ပြီးသွားတဲ့အခါမှာ အိုဘားမားလည်း သမ္မတဖြစ်၊ ဟီလာရီကလင်တန်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးခန့်၊ ဘယ်လောက်ကောင်းလိုက်တဲ့ ဒီမိုကရေစီမြင်ကွင်းလဲ။ နိုင်ငံအတွက် ညီညီညွတ်ညွတ် အလုပ်လုပ်ကြတာပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာတွေကရော။ သမိုင်းကို ပြန်လေ့လာရင် စာဖတ်သူတို့ကို ကျွန်တော်ကိုဉာဏ်က ရှင်းပြစရာ မလိုလောက်အောင် နားလည်ကြပါလိမ့်မယ်။ ကျွန်တော်တို့သမိုင်းမှာက တစ်ခုခုကြောင့် အချင်းချင်း ကတောက်ကဆဖြစ်ပြီ၊ အငြင်းအခုန်ဖြစ်ပြီ၊ အမြင်မတူဖြစ်ပြီဆိုရင်တော့ တစ်သက်လုံး ရန်သူတွေ ဖြစ်သွားကြတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ကျွန်တော်မပြောနိုင်ပေမယ့် ဘယ်လောက်အထိ မှန်ကန်တယ်ဆိုတာ စာဖတ်သူတွေကပဲ စဉ်းစားကြည့်စေလိုပါတယ်။ အချင်းချင်း ကွဲကြပြဲကြ၊ ငြင်းကြခုန်ကြ ဖြစ်ပြီးကာမှ ပြန်လည်သင့်မြတ်ပြီး အတူတူလက်တွဲ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံရေးသမား မြန်မာပြည်မှာ ဘယ်နှယောက် ပေါ်ခဲ့ဖူးတယ်လို့ စာဖတ်သူထင်ပါသလဲ။ ကျွန်တော်တို့လူမျိုးက ခံစားချက်ကို သိပ်ဦးစားပေးတယ်၊ စိတ်ထဲမှာ နာသွားပြီဆိုရင် အဲဒီလူကို တစ်သက်လုံး ဘယ်တော့မှ မကျေနပ်နိုင်တော့ဘူး။ ဒါဟာ ကျွန်တော်တို့ သမိုင်းရဲ့ အားနည်းချက်ပဲ။ အခုအချိန်အထိလည်း အဲဒီအချက်ဟာ မှန်ကန်နေဆဲဆိုတာ လူတိုင်းသိနေကြတာပါပဲ။ လွတ်လပ်ရေးရဖို့အတွက် ဆင်းရဲအတူ၊ ဒုက္ခခံအတူ၊ ပါးရိုက်ခံအတူ၊ အသက်ပေးအတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဟာ ညီညွတ်ပါရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေကြည့်စေချင်ပါတယ်၊ ရလာတဲ့အဖြေဟာ ဘာကြောင့်လဲ ဆိုတာကိုပါ စဉ်းစားကြည့်စေချင်ပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကို စာဖတ်သူများ ဆ၀ါးနိုင်ပါလိမ့်မယ်။

ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီ
အခုဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ နုတ်ထွက်သွားကြပါပြီ။ သမ္မတကလည်း သူတို့ရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါပြီ။ ကဲ... ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာတွေကောင်းသွားသလဲ၊ ဘာတွေအကျိုးရှိသွားသလဲ။ လွှတ်တော်ထဲက ဝေလေလေ ကိုယ်စားလှယ်တွေရဲ့လေသံနဲ့တော့ အပြန်အလှန်ထိန်းညှိတာတို့၊ ပြည်သူ့အကျိုးဆောင်ရွက်တာတို့ စတဲ့ စကားလုံးတွေနဲ့တော့ ကိုင်မပေါက်နဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် လုံးဝ မခံနိုင်လို့ပါ။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်သွားပြီဆိုတော့ ကုန်ဈေးနှုန်းတွေ ကျသွားသလား၊ ရခိုင်ဒေသ ငြိမ်းချမ်းသွားသလား၊ ရေကြီးတဲ့ဒေသတွေက တောင်သူတွေ စိတ်ချမ်းသာသွားသလား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာကြသလား၊ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖြစ်လာသလား။ ဒီလိုတွေပြောနေတော့ ကျွန်တော်ကပဲ ကလေးအတွေးနဲ့တွေးပြီး ပြောနေတယ်လို့ ထင်ကြဦးမယ်။ နိုင်ငံရေးကိစ္စဆိုတော့ ဘယ်လို နိုင်ငံရေးအကျိုးအမြတ်များ ရလိုက်သလဲဆိုတာ လွှတ်တော်တွေကပဲ ရှင်းပြစေလိုပါတယ်။

လွှတ်တော်တွေက တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့တယ်
အခုကိစ္စမှာ လွှတ်တော်တွေဟာ လုပ်ထုံးလုပ်နည်းတွေအရသာမကဘဲ ခံစားချက်တွေအရပါ လုပ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ထားရမယ်။ ဘေးကလူတွေ မသိနိုင်ပေမယ့် သူတို့စိတ်ထဲမှာ သူတို့ဘာသာသူတို့ သိနေကြမှာပါ။ ဘာကြောင့် ကျွန်တော် ဒီလို ပြောရပါသလဲ။ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိပါလျက်နဲ့ တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့ကြလို့ ဖြစ်တယ်။ သူတို့လုပ်ရပ်ဟာ အကျပ်အတည်းတစ်ခုဆီကို ဦးတည်နေပြီလို့ ကျွန်တော်မြင်တယ်။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပါ။ အခုလုပ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ပေါ်လာတော့မှာ အသေအချာပါပဲ။ ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီဆိုတော့ လွှတ်တော်တွေရဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်သွားပြီလားဆိုတဲ့ မေးခွန်းကို ပြည်သူ့ကိုယ်စားလှယ်ကြီးတွေကို မေးကြပါ၊ ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုပါ။ မဖြစ်ဘူးဆိုလျှင်တော့ ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင်မှု ဘာကြောင့်လုပ်ခဲ့သလဲဆိုတာကို အဲဒီကိုယ်စားလှယ်ကြီးများကို ထပ်မေးပေးပါ။ စိတ်ဝင်တစားနှင့် နားစွင့်နေပါသည်ခင်ဗျား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုတာ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်
အခု ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မရှိတော့ဘူး။ မရှိတော့ ဘာဖြစ်သလဲလို့ မေးချင်တဲ့လူတွေ ရှိကြလိမ့်မယ်။ ဟုတ်ကဲ့.. ခုံရုံးမရှိတဲ့အတွက် ဖြစ်လာမှာတွေက အများကြီးပေါ့ခင်ဗျာ။ အခုအချိန်မှာ တစ်ခုခု အငြင်းပွားစရာ ပေါ်ပေါက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ အဓိပ္ပါယ်ဖွင့်ဆိုပေးပါလို့ အဆုံးအဖြတ်ခံယူစရာ ခုံရုံးမရှိတော့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ နဲ့ ပုဒ်မ ၃၂၆ အရ ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို လတ်တလောအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေ ခံစားခွင့်မရှိတော့ဘူးပေါ့။ နောက်ထပ်အကျိုးဆက် တစ်ခုကတော့ လစ်လပ်သွားတဲ့ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နေရာအတွက် ဘယ်သူတွေကို ပြန်လည်ခန့်အပ်မှာလဲဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်တွေကို ခန့်အပ်တယ်၊ ပြီးရင် ဆုံးဖြတ်တော့လည်း မနာခံဘူး၊ အငြင်းပွားရင်လည်း စွပ်စွဲပြစ်တင်မယ်ဆိုတာကို သိနေတဲ့ ဘယ်ဥပဒေပညာရှင်က ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်ဖို့ လိုလိုလားလားရှိမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အများပြည်သူရဲ့ အမြင်မှာလည်း ခုံရုံးဆိုတာ လွှတ်တော်အလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ အခြေခံဥပဒေအရ တည်ရှိမှာလား၊ လွှတ်တော်တွေအလိုကျ တည်ရှိမှာလားဆိုတာ ကျွန်တော်မမေးချင်တဲ့ မေးခွန်းပါ။

ဖြစ်လာနိုင်တာတွေ
နောက်ဆိုရင် တစ်ခုခုဆိုတာနဲ့ စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြပါတော့မယ်။ ဟိုလူ့ကို နုတ်ထွက်ခိုင်း၊ ဒီလူ့ကို နုတ်ထွက်ခိုင်း လုပ်ကြပါတော့မယ်၊ လွှတ်တော်နဲ့ မငြိနဲ့၊ လွှတ်တော်နဲ့ငြိရင် အခြေအနေမကောင်းဘူးလို့ အားလုံးက ရွံကြောက်ကြီး ဖြစ်ကုန်ကြပါတော့မည်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့်အစား လွှတ်တော်သည် တစ်ထီးတစ်နန်း တစ်စင်ထောင်သည့်သဘော ဖြစ်ပါတော့မည်။ ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် အလုပ်လုပ်နေကြသူတွေက လွှတ်တော်နှင့် တစ်ခုခု အငြင်းပွားလျှင် ဆွေးနွေးတာ၊ ဖြေရှင်းတာ မလုပ်တော့ဘဲ သဘောဆန္ဒအလျောက် နုတ်ထွက်တာတွေ လုပ်ကြပါတော့မည်၊ သမ္မတကြီးအတွက် ရွေးချယ်ခန့်အပ်စရာလူ ရှားပါးလာပါလိမ့်မည်။ နိုင်ငံရေးအကြပ်အတည်း ဖြစ်လာပါလိမ့်မည်။ မဏ္ဍိုင်သုံးရပ်သည် တစ်ဦးအမှားကို တစ်ဦးက စောင့်ကြည့်သော အခြေအနေကို ရောက်သွားပါလိမ့်မည်။ (ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီလိုပဲ ဖြစ်စေချင်တာဟု ပြောလိုသူများကို ကျွန်တော်မငြင်းခုန်လိုပါ။ စောင့်ကြည့်ကြပါစို့ဟုပဲ ပြောလိုပါသည်။) အဆုံးစွန်ထိတွေးရလျှင် ယခင်သမိုင်းကြောင်းများအတိုင်း ကွဲကြပြဲကြ၊ စောင်းကြမြောင်းကြ၊ ဆော်ကြနှက်ကြ၊ ဖြုတ်ကြထုတ်ကြနှင့် နိုင်ငံတိုးတက်ရေး အလှမ်းဝေးနေပါဦးမည်။ ဟုတ်ကဲ့... သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ သောကြာနေ့။
နံနက် ၈ နာရီ ၅၃ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics