မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော် ရေးသားတင်ပြ ခဲ့သည်များကို စိတ်ဝင်တစား ရှိကြသည်ဟု သိရသည့်အတွက် ၀မ်းသာမိပါသည်။ လိုလိုလားလားနှင့် ဆက်ရေးပါဦးဟု တိုက်တွန်းသူများကိုလည်း ကျေးဇူးတင်ပါသည်။ စိတ်ပူပန်မှုများစွာဖြင့် ရေးသားခဲ့ရာတွင် ယခုကဲ့သို့ အားပေးစကားများ ကြားရသည့်အတွက် အားတက်ရပါသည်၊ ခွန်အားဖြစ်ရပါသည်။ စိတ်ပူပန်သည် ဆိုသည်က အခြားမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်တော်တို့နိုင်ငံအတွက် အထွတ်အထိပ် လမ်းပြကြယ် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ မည်သည့်ဥပဒေပင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းငှာ မဖြစ်နိုင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသည့် ဘောင်အတွင်းကသာ ရေးဆွဲပြဋ္ဌာန်းကြရပါသည်။ ထိုကဲ့သို့သော ကြီးမြတ်လှသည့် ဥပဒေတစ်ခုကို ကျွန်တော်ကိုဉာဏ် ရေးသားတင်ပြရာတွင် ချို့ယွင်းချက်များ၊ အမှားအယွင်းများ ဖြစ်သွားမည်ကို အင်မတန် စိုးရိမ်ပါသည်။ ဥပဒေပညာရပ်နှင့် ပတ်သက်၍ မည်သည့်အသိအမှတ်ပြု လက်မှတ်မျိုးကိုမျှ ကျွန်တော်ကိုဉာဏ် ရရှိထားခြင်း မရှိကြောင်းကို ဦးစွာဝန်ခံလိုပါသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပေဒကိုမူ အခေါက်ခေါက်အခါခါ ဖတ်ရှုလေ့လာ၊ ဆင်ခြင်သုံးသပ်၊ ဝေဖန်ပိုင်းခြား (မိမိအထွာဖြင့်မိမိ) သည်ကိုတော့ ရဲရဲဝံ့ဝံ့ ဆိုဝံ့ပါသည်။ အခြေခံဥပဒေစာအုပ်ကို တစ်ခေါက်၊ နှစ်ခေါက်ဖတ်ပြီး ပြောဆိုရေးသားနေခြင်း မဟုတ်ကြောင်းကိုတော့ သိစေအပ်ပါသည်။
ယခုအချိန်အထိ ကျွန်တော်ရေးသားတင်ပြခဲ့သမျှသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်များသာ ဖြစ်ပါသည်။ အခြေခံဥပဒေတွင် ပုဒ်မဘယ်နှခုပါသည်၊ ဘယ်နေ့ဘယ်ရက်က အခြေခံဥပဒေ စတင်အသက်ဝင်သည်၊ အခန်းဘယ်နှခုပါသည်၊ စသည်တို့သည် ထူးထူးခြားခြား အချက်အလက်များ မဟုတ်ကြသေးပါ။ အခြေခံဥပဒေကို စနစ်တကျ ဖတ်ပြီးသည့်သူတိုင်း သိရှိပြီးသည့် သူသိငါသိ အကြောင်းအရာများသာ ဖြစ်ကြပါသည်။ ကျွန်တော့်အနေဖြင့်လည်း ထိုမျှသော အချက်အလက်များကို ရေးသားတင်ပြချင်ရုံ သက်သက်ဖြင့် ဤပို့စ်များကို ရေးသားခြင်း မဟုတ်ပါကြောင်းကို စာဖတ်သူများအား သိစေအပ်ပါသည်။ ယခုအကြောင်းအရာများသည် သိထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သိသင့်သိအပ်သည်ဟု ယုံကြည်သည့်အတွက် ဦးစွာပထမ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အခြေခံဥပဒေ၏ အခြေခံအချက်များကိုပင် သိရှိခြင်း မရှိပါဘဲ ဥပဒေ၏ အနှစ်သာရများ၊ သဘောတရားများကို ဆွေးနွေးတင်ပြမည်ဆိုလျှင် သဘာဝမကျဟု စဉ်းစားမိသောကြောင့် ဖြစ်ပါသည်။ အနည်းဆုံးတော့ ငါတို့အခြေခံဥပဒေမှာ အခန်းဘယ်လောက်ရှိတယ်၊ ပုဒ်မဘယ်လောက်ရှိတယ်၊ ဘယ်အခန်းက ဘာအကြောင်းအရာ စသည်တွေကိုဖြင့် စာဖတ်သူတိုင်း သိရှိသွားနိုင်လိမ့်မည်ဟူသော မျှော်မှန်းသည့် စိတ်စေတနာကြောင့် ရေးသားတင်ပြနေရခြင်း ဖြစ်ပါသည်။
အခြေခံဥပဒေနှင့် ပတ်သက်၍ တစ်လုံးတစ်ခဲတည်း ရေးသားသည်ထက် နည်းနည်းချင်းကို ရေးသားတင်ပြသည်က ပိုမိုကောင်းမွန်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အဆင်သင့် ရေးသားပြီးသည်များ ဖြစ်သော်လည်း အမှားအယွင်း နည်းနိုင်သမျှ နည်းစေလိုသည့်အတွက် အချိန်ယူ၍ ပြန်လည်စစ်ဆေးခြင်း၊ သံသယဖြစ်မိပါက အခြေခံဥပဒေကို တစ်ခေါက်ပြန်ဖတ်ခြင်း စသည်တို့ ပြုလုပ်နေရသည့်အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဖတ်ရှုပေးကြပါရန်လည်း တောင်းပန်လိုပါသည်။
ယခင်ပို့စ်များတွင် ရေးသားတင်ပြခဲ့သကဲ့သို့ပင် ကျွန်တော်၏ပို့စ်များတွင် မှားယွင်းချွတ်ချော်နေသည်များ၊ လွဲမှားနေသည်များ ရှိပါမူ ကျွန်တော့်အတွက်သာမက အခြားသော စာဖတ်သူများ၏ အကျိုးအတွက်ပါ ရည်မျှော်ပြီး အမြန်ဆုံး ထောက်ပြဝေဖန် ကြစေလိုပါသည်။ မှားယွင်းသည့် အချက်အလက်များကို ချက်ချင်းပြင်ဆင် ပေးသွားမည် ဖြစ်ပါသည်။
အထက်ပါဇယားကိုကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သူ့အကြောင်းအရာနှင့်သူ ခွဲခြားပြဋ္ဌာန်းထားသည်ကို မြင်နိုင်ပါသည်။ ဥပဒေပြုရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ ဥပဒေပြုကြသည်ကို သိလိုလျှင် အခန်း (၄) ကို ဖတ်ရှုလေ့လာရမည်၊ နိုင်ငံသားတစ်ဦးအနေဖြင့် မည်သည့်အခွင့်အရေးများ ရရှိခံစားခွင့်ရှိသည်၊ မည်သည့်တာဝန်များ ထမ်းဆောင်ကြရမည်ကို သိရှိလိုလျှင် အခန်း (၈) ကို ဖတ်ရှုလေ့လာရပေမည်။ မကြာသေးမီက နိုင်ငံတော်သမ္မတကြီးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ခဲ့ရာတွင် မည်သူမျှ မနစ်နာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ အခွင့်အရေးများကို အသုံးပြုသင့်သည်ဟု အကြံပြုခဲ့သည်ကို စာဖတ်သူများ မှတ်မိကြလိမ့်မည် ထင်ပါသည်။ အထက်ဖော်ပြပါ ဇယားကို ကြည့်လိုက်လျှင် သမ္မတကြီးက မည်သို့ပြုလုပ်ရန် တိုက်တွန်းသည်ကို စာဖတ်သူများ မြင်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အခန်း (၁) မှ အခန်း (၁၅) သည် အကြောင်းအရာအလိုက် ပြဋ္ဌာန်းထားချက်များ ဖြစ်ကြပါသည်။ သို့သော် ထူးခြားသည်က နောက်ဆက်တွဲ ဇယားများ ဖြစ်ပါသည်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားချက်ဟုလည်း ဆိုရမည်ထင်ပါသည်။
ဇယား (၄) သည် ကိုယ်စားလှယ်များအတွက် ကျမ်းသစ္စာဆိုချက်ပုံစံဖြစ်၍ အထူးအထွေ ရှင်းလင်းတင်ပြရန် မရှိပါ။ သို့သော် အဆိုပါ ကတိသစ္စာပြုချက်ပါ စကားလုံးများကြောင့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်လိုက်များ လွှတ်တော်မတက်၊ ကတိသစ္စာမပြုဘဲ နေခဲ့ကြသည်ကို မှတ်မိကြဦးမည်ဟု ထင်ပါသည်။ စာဖတ်သူများ ရှင်းရှင်းလင်းလင်း ဖြစ်စေရန် အောက်တွင် ဖော်ပြထားပါသည်။
စာဖတ်သူများ တွေ့မြင်သည့်အတိုင်း အဆိုပါပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်ပါသည်။ သို့သော် လွှတ်တော်ထဲကိုပင် မရောက်သေးသည့် (ကတိသစ္စာမပြုရသေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မဖြစ်သေး) သူများက ထိုအချက်ကို မပြင်ပေးလျှင် လွှတ်တော်မတက်ဘူး၊ ကတိသစ္စာမပြုဘူးဟု ပြောဆိုနေကြလေတော့ ထိုအချိန်က အမြင်မတော်လွန်း၍ ဘေးကနေ ပြောမိဆိုမိသော ကျွန်တော်တို့က ဆိုးသလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အတွက် ရွေးကောက်ပွဲဝင်တာပါဟု ကြွေးကြော်ခဲ့ကြသည့် သူတို့က လွန်သလားဆိုသည်ကို စာဖတ်သူများ၏ အဆုံးအဖြတ်အတိုင်းသာ ခံယူပါသည်။
ဇယား (၅) သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ ဖြစ်ကြပါသည်။ အခြေခံဥပဒေတွင် မည်သို့ပြဋ္ဌာန်းထားသည်ကို ကြည့်ပါမည်။
ဇယား (၁) သည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းခွင့်ရှိသည့် အကြောင်းအရာများ၊ ကိစ္စရပ်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤနေရာတွင် စိတ်ဝင်စားစရာ အချက်အလက်မှာ ပြည်ထောင်စုအဆင့် ဥပဒေပြုခြင်းအာဏာသည် ပြည်ထောင်စုလွှတ်တော်၌သာ တည်ရှိသည်ဆိုသည့် ထူးခြားချက် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမျိုးသားလွှတ်တော်သည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သည်လည်းကောင်း သီးခြားလွှတ်တော်တစ်ရပ်အနေဖြင့် မည်သည့်ဥပဒေကိုမျှ ပြဋ္ဌာန်းခွင့် မရှိပါ။ ထိုအချက်သည် အလေးဂရုပြုဖွယ်ကောင်းသည့် အချက်ဖြစ်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ဥပဒေပြုခွင့် ရှိကြပါသည်။ မိမိတို့အား ဥပဒေပြုရန် ခွင့်ပြုထားသည့် ဇယားအတိုင်း လွတ်လပ်စွာ ဥပဒေပြုနိုင်ကြပါသည်။ ကျွန်တော်မြင်သည့် ခပ်ညံ့ညံ့ဥပမာ ပေးရပါလျှင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များသည် မိမိဘဏ်စာအုပ်ကို မိမိသဘောကျ ထုတ်ယူခွင့်ရှိသူများ ဖြစ်ကြပါသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် လက်မှတ်နှစ်ခု မဆုံပါလျှင် ဘဏ်စာအုပ် ထုတ်ယူခွင့် မရှိသည့် Joint Account သဘောမျိုး ဖြစ်ကြသည်ဟု မြင်မိပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ ပြည်ထောင်စုတစ်ခုလုံးအတွက် ပြဋ္ဌာန်းမည့် ဥပဒေတစ်ခုကို မမှားယွင်းရအောင် အခြေခံဥပဒေက ထိန်းသိမ်းထားခြင်းတစ်မျိုးဟု နားလည်ရပါသည်။ လွှတ်တော်နှစ်ရပ်နှင့် ပတ်သက်၍ ပြောလိုသည်များ ရှိသေးသော်လည်း အပြောမတတ်လျှင် ဆဲသလို ဖြစ်မည်စိုးသည့်အတွက် မပြောလိုတော့ပါ။
ဇယား (၂) နှင့် ဇယား (၃) သည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သာမန်အားဖြင့် ဇယား (၂) နှင့် ဇယား (၃) တို့သည် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် ကိုယ်ပိုင်ချုပ်ခွင့်ရ ဦးစီးအဖွဲ့များက မည်သည့်ဥပဒေများ ပြဋ္ဌာန်းနိုင်သည်ကို ဖော်ပြထားချက်များသာ ဖြစ်ကြပါသည်။ သို့သော် အခြေခံဥပဒေပါ အဆိုပါ ဇယားများနှင့် ပတ်သက်သည့် အချို့သော ပြဋ္ဌာန်းထားချက်များမှာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းသောကြောင့် ဖြစ်ပါသည်။ ပြဋ္ဌာန်းချက်အချို့ကို ဦးစွာကြည့်ပါမည်။
အထက်ပါ ပြဋ္ဌာန်းချက်များတွင် တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များ၏ အုပ်ချုပ်မှုအခွင့်အာဏာကို ဥပဒေပြုစာရင်းပါ ပြဋ္ဌာန်းချက်များအတိုင်း ခွင့်ပြုပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပဒေပြုနိုင်သည့် ကိစ္စရပ်များသို့သာ အုပ်ချုပ်မှုအာဏာ သက်ရောက်သည်ဟု အတိအလင်း ပြဋ္ဌာန်းပေးထားခြင်းဟု ကျွန်တော်ကိုဉာဏ် နားလည်မိပါသည်။ ဥပမာအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းပါ သစ်တောများ ကာကွယ်ထိန်းသိမ်းရေး ဆိုပါစို့။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ သစ်တောများ ကာကွယ်ထိန်းသိမ်းရေးအတွက် ဥပဒေများ ရေးဆွဲခြင်းကို ဦးစီးအဖွဲ့က ဆောင်ရွက်နိုင်ပါသည်။ ထို့အတူ အဆိုပါ သစ်တောကာကွယ်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုအာဏာကို ဦးစီးအဖွဲ့ကို အခြေခံဥပဒေက အပ်နှင်းထားသည့်အတွက် လွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိနေပါသည်။ သို့သော် ပြည်ထောင်စုဥပဒေပြုစာရင်း ၆ (စ) တွင် သစ်တော ဟု ပါရှိနေသေးရာ အဆိုပါပြဋ္ဌာန်းချက်နှစ်ခုကို မည်ကဲ့သို့ ခွဲခြားဆောင်ရွက်သည်မှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်းများတွင်မူ သစ်တောနှင့်ပတ်သက်၍ ခွင့်ပြုထားချက် မရှိသည်ကလည်း စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ ကျွန်တော်နားလည်သလို ပြောရလျှင် သစ်တောနှင့် ပတ်သက်လျှင် ပြည်ထောင်စုအစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ကသာ ဆောင်ရွက်ခွင့်ရှိသည် ဆိုသည့်သဘော ဖြစ်ပါသည်။ ဒါက ဥပမာများစွာထဲမှ ဥပမာတစ်ခုကို ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ အခြားသော စိတ်ဝင်စားဖွယ် အချက်အလက်များလည်း ရှိနေပါသေးသည်။
ယခု ဤပို့စ်၏ နောက်ဆုံးအနေဖြင့် အကြောင်းအရာတစ်ခုကို တင်ပြပါမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်က မည်သည့်အကြောင်းအရာများကို ဥပဒေပြုရမည်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များက မည်သည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်သည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များက မည်သည့်ကဏ္ဍများတွင် ဥပဒေပြုနိုင်သည် စသည်ဖြင့် အတိအကျ ဖော်ပြထားပါသည်။ ပြဋ္ဌာန်းထားပါသည်။ ထိုသို့ ပြဋ္ဌာန်းထားသည့်အပြင် မမျှော်မှန်းနိုင်သည့် အကြောင်းကိစ္စများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူများက ကြိုတင်စဉ်းစား၍ အမြော်အမြင်ဖြင့် ထည့်သွင်းခဲ့သော ပြဋ္ဌာန်းချက်တစ်ခုကို ထုတ်ပြလိုပါသည်။ အောက်တွင် ကြည့်ရှုနိုင်ပါသည်။
ကဲ... ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စိတ်ဝင်စားစရာကောင်းသည် မဟုတ်ပါလား။ အခြားသော ကျွန်တော်မသိသေးသည့် ထူးခြားချက်များလည်း များစွာရှိနေပါဦးမည်။ ကျွန်တော်သိထားသမျှကိုလည်း ဆက်လက်တင်ပြပါဦးမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၉ နာရီ ၃၈ မိနစ်။
ဆက်စပ်ဖတ်ရှုရန်များ
No comments:
Post a Comment